ထားဝယ် ကမ်းနားဈေးကို အထပ်မြင့်ဈေးဆောက်ရန် ဈေးရောင်းသူများ သဘောတူ

0
789
ထားဝယ်မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ဈေးသူဈေးသားများတွေ့ဆုံနေစဉ်။ ဓာတ်ပုံ - ကိုဇော်/ Dawei Watch

ထားဝယ်မြို့ရှိ ကမ်းနားဈေးနေရာ တွင် အထပ်မြင့်ဈေးဆောက်ရန် ဈေးသူ ဈေးသား အများစုက သဘောတူသည့် အတွက် တိုင်းအစိုးရထံ တင်ပြမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာ ယာရေးကော်မတီအဖွဲ့ဝင် ဦးကျော်ကျော်ဦးက ပြောသည်။

လက်ရှိဈေးနေရာတွင် ရင်းနှီးမြှုပ်နှံ သူကို ဖိတ်ခေါ်ကာ အထပ်မြင့်ဈေး ဆောက်ရန်အတွက် တိုင်းအစိုးရအဖွဲ့က ဈေးသူဈေးသားများ၏ သဘောထားကို ရယူရန် ပြောဆိုခဲ့ကြောင်း ၎င်းက ဆို သည်။

ထိုကြောင့် ဒီဇင်ဘာလ ၂၉ ရက် နေ့လယ်ပိုင်းတွင် စည်ပင်ကော်မတီက ထားဝယ်မြို့ ဆိပ်ကမ်းသာပန်းခြံ၌ ဈေး ရောင်းသူများကို ဖိတ်ခေါ်ပြီး အထပ်မြင့် ဆောက်မည့် အစီအစဉ်ကို ရှင်းပြကာ သဘောထားရယူခဲ့သည်။

ဈေးသူဈေးသား အများစုက အထပ် မြင့်ဈေးဆောက်ရန် သဘောတူခဲ့ကြ သည်။

“အထပ်မြင့်ဈေး ဆောက်ဖို့ ထောက်ခံတဲ့အတွက် ရင်းနှီးမြှုပ်နှံသူ ခေါ်ပေးပါလို့ တိုင်းအစိုးရကို ဆက်တင် ပြမယ်”ဟု ဦးကျော်ကျော်ဦးက ပြောသည်။

စည်ပင်ကော်မတီက ကောက်ယူ ထားသည့် စာရင်းများအရ ကမ်းနားဈေး တွင် ဈေးသည်စုစုပေါင်း ၁၁၄၃ ဦးရှိပြီး ဒီဇင်ဘာလ ၂၉ ရက်က ပြုလုပ်သည့် သဘောထားရယူသည့်ပွဲကို ဈေးသည် ၁၁၂၃ ဦးတက်ရောက်ကြောင်း လက်မှတ် ရေးထိုးထားသည့် စာရင်းအရ သိရသည်။

ထားဝယ်ကမ်းနားဈေးမြင်ကွင်း။ ဓာတ်ပုံ – ဝေယံစိုး/ Dawei Watch

ကမ်းနားဈေးအထပ်မြင့် ဆောက် ရန် လူမှုရေးနှင့်စည်ပင်ဝန်ကြီးက ဥက္ကဋ္ဌ အဖြစ်  ဆောင်ရွက်သည့် ကြီးကြပ်မှု ကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ကာ ဈေးသူဈေးသားများ ကျေနပ်မှသာ ရင်းနှီး မြှုပ်နှံသူကို ဖိတ်ခေါ်မည်ဖြစ်ကြောင်း စည်ပင်ကော်မတီအ    တွင်းရေးမှူးက ဆိုသည်။

အထပ်မြင့်ဈေးဆောက်ရန် လက်ရှိ တွင် ညှိနှိုင်းဆဲအဆင့်မှာပင် ရှိသေးပြီး အထပ်အရေအတွက်ကိုလည်း မသတ် မှတ်ရသေးကြောင်း ၎င်းက ပြောသည်။

ကမ်းနားဈေး၏ အကျယ်အ၀န်းမှာ ၀.၈၈၄ ဧကရှိပြီး စည်ပင်အဖွဲ့က နှစ် ၃၀ မြေငှား  ဂရမ် ရရှိထားသည်။

အထပ်မြင့်ဈေးဆောက်ခြင်းနှင့် ပတ်သက်၍ အပြီးသတ် သဘောတူညီမှု ရရှိပါက ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင် ကို ဖိတ်ခေါ် ရမည်ဖြစ်ပြီး တည်ဆောက် ရေး ကာလအတွင်း ထားဝယ်မြစ်ကမ်း ဘေးတွင် ယာယီနေရာစီစဉ်ပေးမည်ဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူးက ဆိုသည်။

ဈေးသည်အများစုကမူ ဈေးဆောက် ပြီးပါက မိမိရောင်းချနေသည့် နေရာတွင်ပင် ပြန်လည်ရောင်းချခွင့် ရလိုကြောင်း ပြောသည်။

“အထပ်မြင့်ဆိုတော့ ထည်ထည် ၀ါဝါတော့ ဖြစ်သွားတာပေါ့၊ ဆောက်ပြီး ရင် ကိုယ်ရောင်းနေတဲ့ နေရာကိုပဲ ပြန်ရ ချင်တယ်”ဟု လက်ရှိကမ်းနားဈေးတွင် ပဲတီရောင်းချနေသည့် ဒေါ်အေးအေးဖြိုးက ဆိုသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကမ်းနားဈေး ပျံကျဈေးတန်းကို ငွေကျပ် ၃၁၄၆ သိန်း အသုံးပြုကာ အမိုးတစ်ဆက် တစ်စပ်တည်း ရှိသည့် အဆောက်အအုံ ဆောက်ရန် ကနဦးလျာထားခဲ့သည်။

ယင်းနောက် မြို့ပြအင်္ဂါရပ်နှင့် အညီ ဖြစ်စေရန် အထပ်မြင့်ဈေးဆောက်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင် ကော်မတီထံမှ သိရသည်။

ကိုဇော်