စိတ်ကြွဆေးရောင်းသည့် လှေတစ်စီးဖမ်းမိ

0
403

ကျွန်းစုမြို့နယ်ရှိ၊ ပင်လယ်ပြင်တွင် WY စိတ်ကြွဆေးရောင်းချနေသူများ စီးနင်းလာသည့် လှေတစ်စီးကို ဖမ်းမိခဲ့ ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ် ဖွဲ့မှူးရုံးထံမှ သိရသည်။

ဒီဇင်ဘာလ ၂၄ ရက်က တောပြားကြီး ကျေးရွာအုပ်စု၊ ရေပြည့်အော်ကျေးရွာ၏ အနောက်တောင်ဘက် ပင်လယ်ပြင်တွင် ရှပ်ခရုငုပ်သည့် လှေတွင် မူးယစ်ဆေး ရောင်းချနေကြောင်း သတင်းအရ သွား ရောက်ရှာဖွေရာမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

ပင်လယ်ပြင်တွင် သွားရောက်ရှာဖွေရာ အလျား ၄၅ ပေ၊ အနံ ၉ ပေရှိ မသင်္ကာဖွယ် လှေတစ်စီးကို တွေ့ရပြီး လှေပေါ်တွင် ကျွန်းစုမြို့နယ် ရေကန်တောင်ကျေးရွာ အုပ်စုနေ အမျိုးသား ၆ ဦးကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ယင်းလှေကို ရှာဖွေရာ လှေပေါ်ရှိ ဘုရားစင်ရှေ့တွင် သံပုံးဖြင့် ထည့်ထား သည့် WY စိတ်ကြွဆေးပြား ၁၀၀၉ ပြားနှင့် ဘိန်းစာမှုန့် ၀.၀၆ ကီလိုဂရမ် ဖမ်းမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အမှုနှင့် ပတ်သက်၍ လှေပဲ့နင်းအား စစ်မေးရာ ပြီးခဲ့သည့် သုံးရက်ခန့်က အမည် မသိလှေတစ်စီးက လာရောက်ရောင်းချ သဖြင့် ၎င်းင်းအပါအ၀င် လှေသားများ သုံးစွဲ ရန်နှင့် ရောင်းချရန်အတွက် ၀ယ်ယူခဲ့ ကြောင်း ထွက်ဆိုခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြသည်။

မူးယစ်ဆေးဖမ်းမိသည့် အမျိုးသား ၆ ဦးကို မူးစိတ်ပုဒ်မ- ၁၉(က)/၂၁ ဖြင့် ကျွန်းစုမြို့မရဲစခန်းတွင် အမှုဖွင့်ထား ကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ကိုဇော်