အင်းကြီးရွာတွင် ဒုတိယတန်း ကျောင်းသူတစ်ဦး မုဒိမ်းကျင့်ခံရ

0
436

လောင်းလုံးမြို့နယ်၊ ကမြောကင်း ကျေးရွာအုပ်စု အင်းကြီးကျေးရွာတွင် နေထိုင်သည့် ဒုတိယတန်း ကျောင်းသူ တစ်ဦး မုဒိမ်းကျင့်ခံရကြောင်း ယင်းကျေးရွာ တာဝန်ခံ ဦးဇော်မင်းနိုင်က ပြောသည်။

မိဘနှစ်ဦး နာရေးအိမ်သွားနေချိန် ဒီဇင်ဘာလ ၂၇ ရက် ည ၁၀ နာရီ ၀န်းကျင်တွင် အိမ်နီးချင်ဖြစ်သူ အသက် ၅၀ ၀န်းကျင် အမျိုးသားတစ်ဦးက နေအိမ်ပေါ်တွင် မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်ကြောင်း ဦးဇော်မင်းနိုင်ကပြောသည်။

“သွေးတွေ ထွက်နေတာကတော့ တော်တော်များတယ်။ ကလေးကိုလည်း ညတွင်းချင်းပဲ ထားဝယ်ဆေးရုံကို ပို့လိုက် တာ”ဟု ၎င်းက ဆိုသည်။

ကလေးကို ထားဝယ်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသနေရကြောင်း ဦးဇော်မင်းနိုင်က ပြောသည်။

မိဘများ နေအိမ်ပြန်ရောက်လာစဉ် အဆိုပါကလေး၏ မိန်းမအင်္ဂါမှ သွေးများထွက်နေသဖြင့် မေးမြန်းကြည့်ရာမှ ခြိမ်း ခြောက်ကာ မုဒိမ်းပြုကျင့်ခံရသည်ကို သိရှိ ခဲ့ရကြောင်း ၎င်းင်းက ပြောသည်။

ယင်းနောက် မုဒိမ်းပြုကျင့်သူအမျိုး သား၏ နေအိမ်ကို သွားရောက်ဖမ်းဆီးရာ ဓားဖြင့် ခုခံခဲ့သဖြင့် ရွာသားများက ၀ိုင်းဝန်းဖမ်းဆီးပြီး မောင်းမကန် နယ်မြေရဲစခန်းကို အကြောင်းကြားခဲ့ကြောင်း ဦးဇော်မင်းနိုင်က ပြောသည်။

ယင်းအမျိုးသားသည် ယခင်ကလည်း ကျေးရွာအတွင်းရှိ  မိန်းကလေးငယ်များကို မုဒိမ်းပြုကျင့်ရန် ကြံစည်ခဲ့ဖူးသည့် ဖြစ်စဉ်များ ရှိခဲ့ဖူးကြောင်း ယင်းကျေးရွာသား အချို့က ပြောသည်။

သက်ငယ်မုဒိန်းပြုကျင့်သူ အမျိုးသား အား ရာဇသတ်ကြီး ပုဒ်မ ၃၇၆ (မုဒိမ်းမှု)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း မောင်းမကန်နယ်မြေရဲစခန်းထံမှ သိရသည်။

Dawei Watch