တနင်္သာရီ ICE အမှု ဖခင်ကို မမိ၍ သမီးဖြစ်သူကို ဖမ်းခြင်းမဟုတ်ဟုဆို

0
650

တနင်္သာရီမြို့နယ်တွင် ဖမ်းမိသည့် ICE မူးယစ်ဆေးအမှုတွင် ဖခင်ကို မဖမ်းမိ၍ သမီးဖြစ်သူကို ဖမ်းဆီးခဲ့ခြင်း မဟုတ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီး စိန်ဝင်းက ပြောသည်။

ဒီဇင်ဘာလ ၂၃ ရက်က တနင်္သာရီ မြို့နယ် သိန်းခွန်းကျေးရွာအုပ်စု၊ ချောင်းလမု ကျေးရွာရှိ နေအိမ်တစ်လုံးကို ဝင်ရောက် ရှာဖွေရာ အသက် ၂၀ နှစ်အရွယ်ရှိ သမီး ဖြစ်သူကိုသာ တွေ့ရပြီး နေအိမ်အောက် လှေကားဘေးရှိ ဝါးရုံငုတ်များကြားတွင် တောစီးဖိနပ်အတွင်း ဝှက်ထားသည့် ICE မူးယစ်ဆေး ၁၈၀ ဂရမ်ကို ဖမ်းမိသည့် အမှု ဖြစ်သည်။

ဖမ်းဆီးရမိသည့် ICE  မူးယစ်ဆေးများ ဝှက်ထားသည့်နေရာကို သမီးဖြစ်သူကပင် ပြသခဲ့ခြင်းဖြစ်သည့်အတွက် ဖမ်းဆီးခဲ့ ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဖခင်ဖြစ်သူကို ဖမ်းမိပါက သမီးဖြစ် သူကို ပြန်လွှတ်ပေးမည်ဟု ပြည်တွင်းသတင်း ဌာနအချို့၏ ဖော်ပြချက်မှာ အယူအဆလွဲ ကာ ရေးသားခြင်းသာဖြစ်ပြီး သမီးဖြစ်သူ အနေဖြင့် ဥပဒေကြောင်းအရ ဖြေရှင်းရမည် သာဖြစ်ကြောင်း  ဒုရဲမှူးကြီးစိန်ဝင်းက ဆိုသည်။

“သူ့အဖေကို မိတာနဲ့ လွှတ်မယ်ဆိုတာ မဟုတ်ဘူး၊ ဥပဒေကြောင်းအရ ဖြေရှင်း ရမှာ၊ သူ့ပစ္စည်း မဟုတ်ဘူးဆိုတာ ဖြေရှင်းရမှာ”ဟု ဒုရဲမှူးကြီးစိန်ဝင်းက ဆိုသည်။

လက်ရှိတွင် အဖေဖြစ်သူမှာ လွတ် မြောက်နေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒီဇင်ဘာလ ၁၈ ရက်က မြိတ်မြို့ရှိ ဧရာဝတီဘဏ်ခွဲတွင် ငွေလာလွှဲသူထံမှ တစ်သောင်းကျပ်တန် အတု ၅၀ ရွက်ကို ဖမ်းမိသည့် ဖြစ်စဉ်မှ ကွင်းဆက်စစ်ဆေး ဖော်ထုတ်ချက်အရ  တနင်္သာရီမြို့နယ် သိန်းခွန်းကျေးရွာအုပ်စု၊ ချောင်းလမုကျေး ရွာရှိ နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။

အဆိုပါ အိမ်ကို ငွေတုသတင်းအရ သွားရောက်ရှာဖွေခြင်းဖြစ်သော်လည်း မူးယစ်ဆေးနှင့် ဆက်စပ်သည့် သဲလွန်စ များ တွေ့ရှိခဲ့ကြောင်း ဖမ်းဆီးရာတွင် သက်သေ အဖြစ်လိုက်ပါခဲ့သည့် ကျေးရွာ ရာအိမ်မှူး တစ်ဦးက ပြောသည်။

“စီအိုင်ဒီက တစ်ယောက်က မေးတယ်။ ဒီမှာ ဆက်စပ်ပစ္စည်းတွေ ရရှိပြီပေါ့၊ မပြဘူး ဆိုရင် နင်တို့ခေါ်ဆောင်ပြီး စစ်ဆေးမှရ မယ်။ တကယ်လို့ လိုက်ပြမယ်ဆိုရင် ထား ထားခဲ့မယ်ပြောတယ်”ဟု အထက်ပါ ရာအိမ်မှူးက ပြောသည်။

မိဘဖြစ်သူ လုပ်သည့်ကိစ္စတွင် သမီး ဖြစ်သူအပြစ်မရှိဟု ယူဆပြီး တရားခံအစစ် ကိုသာ ဖမ်းဆီးစေလိုကြောင်း ၎င်းက ဆို သည်။

ဥပဒေအရ အိမ်တွင် မူးယစ်ဆေးဝါး ရှိနေသည်ကို သမီးဖြစ်သူက မသိပါက ၎င်းတာဝန်မရှိဘဲ ဖခင်ဖြစ်သူတွင်သာ တာဝန်ရှိကြောင်း ထားဝယ်မြို့နေ တရား လွှတ်တော်ရှေ့နေ ဦးအောင်မြင့်က မှတ် ချက်ပြုသည်။

“သူပြလို့ (မူးယစ်ဆေး)မိပြီး ဖမ်းမယ် ဆို ဖမ်းခွင့်ရှိတယ်။ ဖခင်အနေနဲ့ သူ့ပစ္စည်း ပါလို့ လာရှင်းပေမယ့် ဆေးက အိမ်မှာရှိ နေတာကို သမီးသိနေရင် သမီးမှာ တာဝန်ရှိ နေတယ်”ဟု ဦးအောင်မြင့်က ဆိုသည်။

မူးစိတ်ဥပဒေအရ မူးယစ်ဆေးဝါးပိုင် ရှင် သီးခြားရှိသော်လည်း လက်ဝယ်တွေ့ရှိ သူကိုပါ လက်ဝယ်တွေ့မှုဖြင့် အရေးယူ၍ ရသည်ဟု ၎င်းက ဆိုသည်။

အဆိုပါအမှုတွင် အသက် ၂၀ နှစ် အရွယ်ရှိ သမီးဖြစ်သူကို မူး/စိတ်ပုဒ်မ- ၁၉(က) ဖြင့် တနင်္သာရီမြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။