မြိတ်တွင် ဖိုင်ဘာ အမြန်ရေယာဉ် စမ်းသပ်တည်ဆောက်

0
431

မြိတ်မြို့တွင် ပထမဆုံး စမ်းသပ်တည်ဆောက်နေသည့် ခရီးသည်တင် ဖိုင်ဘာအမြန်ရေယာဉ်မှာ ရှစ်ဆယ်ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း Mergui Dolphin ခရီးသွားကုမ္ပဏီထံမှ သိရသည်။

လက်ရှိတွင် ခရီးသွားလုပ်ငန်းသုံး ဖိုင်ဘာအမြန်ရေယာဉ်များကို ထိုင်းနိုင်ငံမှ မှာယူတင်သွင်းနေရသည်။

အဆိုပါ ရေယာဉ်များသည် ဈေးကြီးသောကြောင့် ဈေးကွက် လိုအပ်ချက်အရ မြိတ်တွင် ပြီးခဲ့သည့် တစ်နှစ်ခန့်မှ စတင် တည်ဆောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း Mergui Dolphin ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးသိန်းဇော်မင်းက ပြောသည်။

“သူတို့(ထိုင်း) နဲ့အရည်အသွေးလည်း တူရမယ်။ သူတို့ထက်လည်း ဈေးချိုရမယ်ဆိုပြီး ကိုယ့်ဒေသအကျိုးအတွက် ရည်ရွယ်ပြီး လုပ်ခဲ့တာ”ဟု ဦးသိန်းဇော်မင်းက ပြောသည်။

ပထမဆုံးစမ်းတည်ဆောက်နေသည့် ခရီးသည်တင်ဖိုင်ဘာလှေမှာ အလျား ၂၇ ပေ၊ အနံ ၇ ပေခွဲရှိပြီး လူ ၁၅ ဦး တင်ဆောင်နိုင်မည်ဖြစ်ကြောင်း ဦးသိန်းဇော်မင်းက ဆိုသည်။

အဆိုပါ လှေကို လာမည့် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလတွင် စတင် စမ်းသပ်မောင်းနှင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းလှေအရွယ်အစား တစ်ပတ်ရစ်လှေကို ထိုင်းနိုင်ငံတွင် သွားရောက်ဝယ်ယူပါက ထိုင်းဘတ်ငွေ ၉ သိန်း(လက်ရှိ ဘတ်ငွေပေါက်ဈေးအရ မြန်မာငွေ သိန်းလေးရာကျော်) ပေးရကြောင်း ဦးသိန်းဇော်မင်းက ပြောသည်။

အဆိုပါ ဖိုင်ဘာလှေကို ထိုင်းနိုင်ငံတွင် နှစ်ပေါင်း ၂၀ ခန့် နည်းသင်ယူလာသည့် ထားဝယ်သားပညာရှင်က တည်ဆောက် နေကြောင်း Mergui Dolphin ကုမ္ပဏီထံမှ သိရသည်။

“ပစ္စည်းတွေ အလွယ်တစ်ကူရှိနေမယ်ဆိုရင် ဒီလှေမျိုး ၃ လအတွင်း ပြီးအောင် လုပ်နိုင်တယ်” ဟု ယင်းလှေတည်ဆောက် နေသည့် ဖိုက်ဘာလှေပညာရှင် ဦးစိုးက ပြောသည်။

တနင်္သာရီတိုင်းတွင် ကျွန်းခရီးစဉ်အများစုကို ဖိုင်ဘာအမြန်ရေယာဉ်များဖြင့် ခရီးသည်ပို့ဆောင်ပေးလျက်ရှိသည်။