ဘရိတ်

0
736

စက်ဘီး စီးဖူးတယ် မဟုတ်လား။
စီးတဲ့အခါ ဟန်ချက်က အင်မတန် အရေးကြီးတာကိုလည်း စီးတဲ့သူတိုင်း သိပါတယ်။
ဟန်ချက်အပြင် နောက်ထပ် အရေး ကြီးတာတွေထဲက တစ်ခုက ‘ဘရိတ်’ ကို ဥာဏ်ကြီးစွာ အသုံးပြုခြင်းပါ။ အရှိန် ကို ထိန်းညှိဖို့အပြင် အထူးသဖြင့် လမ်းရဲ့ အချိုးအကွေ့တွေမှာ လက်ကိုင်နဲ့ ဘရိတ် ကိုသုံးပြီး လှလှလေးကွေ့နိုင်ဖို့ ကြိုးစား ကြရပါတယ်။
အဲလို စက်ဘီး၊ ဆိုင်ကယ်တွေ စီးရင်း အမြဲဆင်ခြင်ဖြစ်တာက ဘရိတ်နဲ့ ဘ၀နေထိုင်မှု အဆက်အစပ် ဖြစ်ပါတယ်။

အခါတော်တော်များများမှာ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ဘ၀နေထိုင် မှုထဲမှာ ဘရိတ်ကို သုံးဖို့မေ့နေတာကို တွေ့ရပါတယ်။ စိတ်ဘရိတ်ဆိုပါတော့။ လူတစ်ယောက်ဟာ သူ့ရဲ့နေ့စဉ် ဘ၀နေ ထိုင်မှုမှာ ဘရိတ် ဘယ်လောက်သုံးလဲ ဆိုတာ အရင်ကတွေ့ဖို့ ခက်ပေမဲ့ အခု အချိန်မှာတော့ ဖေ့စ်ဘွတ်လို လူမှု ကွန်ရက်တွေ ရှိတဲ့အတွက် မမြင်ချင် မှအဆုံးပါ။
ဖေ့စ်ဘွတ်ပေါ်မှာ ရေးတဲ့ စာတိုတွေ၊ မှတ်ချက်တွေက လူတစ်ယောက်ရဲ့ ဘရိတ်အသုံးပြုခြင်း အလေ့အထကို ခန့်မှန်း နိုင်ပါတယ်။ စာတိုတင်သူ၊ မှတ်ချက်ပြုသူဟာ ဒေါသကို မထိန်း နိုင်သူလား၊ မလိုမုန်းထားစိတ်ကြီး သူလား၊ ရှက်တတ်သူလား၊ ဟန်ဆောင် တတ်သူလား၊ ကြွားဝါတတ်သူလား စသဖြင့် ခန့်မှန်းနိုင်ပါတယ်။

ဖေ့စ်ဘွတ်ပေါ်မှာ တစ်နေ့တစ်နေ့ ကိုယ်ရေးကိုယ်တာရော၊ ကိုယ်ရေးကိုယ် တာမဟုတ်တာရော စာတိုတွေ ခဏခဏ တင်ကြသူများ၊ ကိုယ်နဲ့ဆိုင်တာရော မဆိုင်တာကိုရော မှတ်ချက်ပြုနေကြ သူများကို တွေ့ရတဲ့အခါ သူတို့တွေမှာ ဘရိတ်ကြိုး ပြတ်နေတာများလားဆိုပြီး တွေးမိတာလည်း ခဏခဏပါပဲ။
လူတစ်ယောက်ဟာ နေ့စဉ်ဘ၀မှာ များစွာသော ဆုံးဖြတ်ချက်တွေကို ချရ ပါတယ်။ စားတာသောက်တာလိုမျိုး နေ့စဉ် ပုံမှန်ဆုံးဖြတ်ရတဲ့ ဆုံးဖြတ်ချက် တွေအပြင် ဘ၀ရဲ့ကြီးမားတဲ့ အချိုး အကွေ့တွေကို ဖြစ်စေတဲ့ ဆုံးဖြတ်ချက် တွေကိုလည်း ချကြရပါတယ်။
ယေဘုယျအားဖြင့်တော့ နေ့စဉ် ကြုံရတာတွေနဲ့ ပတ်သက်ပြီး တစ်ခုခုက ကိုယ့်အပေါ် သက်ရောက်တာကို သိ လိုက်တယ်။ ပြီးတော့ တွေးမယ်။ နောက် ဆုံးဖြတ်ချက်ချပြီး ကာယကံမှု ပြုမယ်။

ဒါပေမယ့် တခါတလေမှာ ကျွန်တော် တို့ဟာ သင့်မသင့် တွေးတောတဲ့အဆင့် ကို မဖြတ်တော့ဘဲ သက်ရောက်မှုကို သိလိုက်တာနဲ့ ဆုံးဖြတ်ချက် တန်းချပြီး ကာယကံမှု ပြုလိုက်တာမျိုးကို လုပ် တတ်ကြပါတယ်။ အဲဒီအခြေအနေက ခြင်ရိုက်တာမျိုးနဲ့ ဆင်မယ် ထင်ပါတယ်။
အဲလို သက်ရောက်မှုကို သိလိုက် တာနဲ့ တန်းတုန့်ပြန်တာမျိုးက ဘ၀ အတွက် အန္တရာယ်ဖြစ်ပါတယ်။ ဘာ ကြောင့်လဲဆိုရင် ဘ၀ရဲ့အရေးအရာ ကိစ္စ အတော်များများကို အဲလိုတုန့်ပြန်ဖို့ မသင့်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။
ငြင်းချက် ထုတ်နိုင်တာ ၂ ခု ရှိပါ တယ်။

တစ်ခုက အမှားတွေက ရှေ့ဆက် မယ့် ခရီးအတွက် သင်ခန်းစာမဟုတ် ဘူးလားဆိုတဲ့ ငြင်းချက်ပါ။
မှားတာကနေ သင်ခန်းစာယူရမယ် ဆိုပေမယ့် ဘရိတ်မပါ လက်ကိုင်မပါဘဲ မှားချင်ရာမှားတာမျိုးတော့ မဖြစ်သင့်ပါ။ သေချာ တွေးတောဆုံးဖြတ်ခဲ့ပြီး လုပ်ရင်း က မှားတာမျိုးပဲ အကြုံးဝင်မယ်လို့ ယူဆပါတယ်။ ဒါမှလည်း သင်ခန်းစာ ယူရကောင်းမှန်း သိမှာ ဖြစ်ပါတယ်။ စိတ်ထင်ရာ လုပ်ချင်ရာ လုပ်တတ်တဲ့သူ မျိုးကတော့ အစကတည်းက သတိတရား ကင်းလွတ်နေတဲ့အတွက် သင်ခန်းစာ ယူရကောင်းမှန်းလည်း သိမှာမဟုတ်ပါ ဘူး။

နောက်တစ်ခု ဘရိတ်ချည်းပဲ အသေဖိသုံးပြီး လိုရာခရီး မရောက်ရင် ဘယ်လိုလုပ်မလဲဆိုတာပါ။
ဆုံးဖြတ်ချက်ချဖို့အတွက် သင့် တင့်တဲ့အချိန်ယူ ဆင်ခြင်တာနဲ့ တွေဝေ တွန့်ဆုတ်ပြီး မလုပ်ရဲ မကိုင်ရဲ ဖြစ်တာ မတူပါ။
စက်ဘီးစီးသလိုပါပဲ လမ်းချိုး အကွေ့မှာ ဘရိတ်ကို လိုအပ်တာထက် ပိုဖိမိရင်ဖြစ်စေ၊ ပိုပြီးကြာကြာ ဘရိတ် ဆွဲမိရင်ဖြစ်စေ သေချာကျနစွာ ကွေ့နိုင် တာမျိုး မဖြစ်တော့ပါဘူး။ အခန့်မသင့် ရင် စက်ဘီးပါ မှောက်နိုင်ပါတယ်။ ဒါက တွေဝေတွန့်ဆုတ်တာ၊ မဆုံးဖြတ်ရဲတာ၊ အတိုင်းအဆမရှိ အတိုင်းအဆမသိဘဲ အလွန်အကျွံတွေးတာ ဖြစ်ပါတယ်။ ဘရိတ်သုံးတယ်ဆိုတာ ဆုံးဖြတ်ချက်ချ ဖို့အတွက် ဆင်ခြင်ခြင်း ဖြစ်ပါတယ်။ သူ့ရည်ရွယ်ချက် ရောက်အောင်တော့ သုံးတတ်ဖို့ လိုပါတယ်။

စက်ဘီးကို ကောင်းကောင်း စီး တတ်ကြပြီး နေ့စဉ်ဘ၀ရဲ့ ဆုံးဖြတ်ချက် တွေမှာ စက်ဘီးစီးခြင်း အနုပညာနဲ့ အယူအဆကို မသုံးကြတာ သုံးရကောင်း မှန်းသိတာကို တွေ့ရတဲ့ခါ နီးလျက်နဲ့ ဝေးလေခြင်းလို့ ခဏ ခဏ တွေးမိပါ တယ်။
ဘ၀မှာလည်း စက်ဘီးကောင်း ကောင်း စီးတတ်ကြစေချင်ပါတယ်။