အန္တရာယ်ကြားက ကျောက်ထုတ်လုပ်သားများ

0
1200

အမြင့်ပေ တစ်ရာကျော်ရှိသည့် ကျောက်နံရံကြီးများက ၉၀ ဒီဂရီ မတ် စောက် ပြောင်ချောနေသည်။
နံရံများအကြား မေးတင်ကာ ငြိမ် သက်နေသည့် ကျောက်ချပ် ကျောက်လွှာ တချို့က အက်ကွဲကြောင်းများ ပေါ်ကာ ပဲ့ပြိုကျဆင်း လုလု။
ကျောက်ဆောင်၏ ပေတစ်ရာခန့်ရှိ သည့် အမြင့်တစ်နေရာမှာတော့ ကျောက် ထုတ်လုပ်သားနှစ်ဦးက တွဲလောင်းကျ နေသည့် ကြိုးတစ်ချောင်းစီကို တွယ်ဖက် ကာ လျှပ်စစ်လွန်ဖြင့် ကျောက်နံရံကို တစ်လှည့်စီ ဖောက်နေကြသည်။ တဝှီးဝှီး ထွက်ပေါ်နေသည့်အသံများနှင့် ဝေ့ဝဲ လွင့်ပျံနေသည့် ကျောက်မှုန့်များကြား သူတို့ကို မည်သူမည်ဝါဟု မသိနိုင်။

နေရာက မြိတ်မြို့နယ်၊ စန္ဒဝတ် ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင် ရွာ နယ်နိမိတ်အတွင်းရှိ ကျောက်ထုတ်လုပ် ငန်းခွင်တစ်ခု။
သည်ကျောက်ထုတ်စခန်းက မိုင်း (၁) ဟုခေါ်ပြီး ဂျပန်ခေတ်ကတည်းက ကျောက်ထုတ်လာသည့် မြိတ်မြို့နယ် အတွင်း ရှေးအကျဆုံး စခန်းတစ်ခု ဖြစ် သည်ဟု ယင်းရွာမှ ရှေ့မီနောက်မီ လူ ကြီးသူမများက ဆိုသည်။
ကျောက်ဆောင်အောက်ရှိ အမျိုး သမီးအလုပ်သမ တချို့က အပူရှိန်ပြင်း လွန်းလှသည့် နေရောင်အား ဂရုမစိုက် နိုင်။ ကျောက်တုံးငယ်လေးများကို လိုက် လံကောက်စုပြီး ကော်ခြင်းများထဲ ထည့် နေကြသည်။ သူတို့၏ မျက်နှာများပေါ်၌ လက်ရှိလုပ် နေသည့် လုပ်ငန်းခွင်အတွင်း အန္တရာယ်တစ်စုံတစ်ခု ပေါ်ပေါက်လာမည် ကို စိုးရိမ်သည့် လက္ခဏာကိုလည်း မတွေ့ ရ။
သူတို့၏ အာရုံက အလုပ်ပေါ်၌သာ စူးစိုက် နှစ်မြုပ်ထားကြသည်။

“ကြောက်လည်း မကြောက်ပါဘူး၊ ကြောက်နေလို့ ထမင်းကို ဘယ်သူလာ ကျွေးမလဲ”ဟု နဖူးပြင်မှ စီးကျလာသည့် ချွေးများကို လက်ဖြင့်သပ်ချရင်း အသက် ၃၁ နှစ်ရှိ ကျောက်မိုင်းအလုပ်သမ ဒေါ်ဌေးရီ က ရယ်ရယ်မောမော ဆိုသည်။
ရွေးချယ်စရာ အလုပ်အကိုင် ရှား ပါးသည့် သည်နေရာ၌ ရှိသည့်အလုပ်ကိုမှ ကြောက်ပြီး မလုပ်ပဲနေလျှင် ထမင်းတစ် လုတ် စားဖို့အရေးက သိပ်မလွယ်ဟု ၎င်းနှင့် ဘ၀တူ ကျောက်မိုင်းလုပ်သား မိုင်းဆရာများကလည်း ဖွင့်ဟသည်။
“ကြောက်တော့ ကြိုးကိုပဲ အားကိုး ရတယ်။ ကြိုးက ကျွန်တော်တို့ကျောက် မိုင်းသမားရဲ့ အသက်ပဲ။ ချောပြီး လက် လွတ်သွားရင် ဒါမှမဟုတ် သစ်ပင်မှာ ချည်ထားတာ ပြေသွားရင် အသက်နဲ့ ခန္ဓာကိုယ်ကတော့ အိုးစားကွဲပြီ”ဟု ကျောက်ထုတ်လုပ်ငန်း အတွေ့အကြုံ ၈ နှစ်ခန့်ရှိနေပြီဖြစ်သည့် ကိုတရုတ် ခေါ် ကိုသန်းတင်က ဆိုသည်။
ကိုတရုတ်က ကျောက်ဆောင်နံရံ များ၌ ဂန်းထိုး(လွန်ဖောက်)ပြီး မိုင်းခွဲရ သူ။
သို့သော် သူ့အလုပ်က ထိုမျှနှင့်မပြီး မြေပြင်ပေါ်ပြန်ရောက်လျှင် ယောက်ျား အလုပ်သမား အများသူငှာလို မိုင်းခွဲ ထားပြီးသည့် ကျောက်များကို လိုအပ်သည့် အရွယ်အစားအလိုက် ထုခွဲပေးရသေး သည်။

“ဒီမှာရှိတဲ့ ယောက်ျားတွေ အားလုံး က ကျွန်တော့်လိုပဲ လုပ်ကြရတဲ့ သူတွေ များတယ်။ ကျင်းစားတွေပေါ့”ဟု ကိုတရုတ် က ဆိုသည်။
ကျင်းစားများအနေဖြင့် တစ်ရက် လျှင် တစ်သောင်းခန့်ရကြပြီး နွေရာသီ အော်ဒါများသည့်အခါ တစ်သောင်းခွဲ အထိရကြကြောင်း ၎င်းတို့က ပြောပြသည်။
ကိုတရုတ်တို့လို ကျင်းစားမိုင်းဆရာ များအနေဖြင့် ကျောက်ဆောင်ပေါ် ဂန်း ထိုးရန် အတက်အဆင်း လုပ်သည့်အခါ အက်နေသည့် ကျောက်သားကျောက်လွှာ များနှင့် အန္တရာယ်ရှိမည်ထင်သည့် ကျောက်စွန်းနေရာများအား ဂရုတစိုက် ကြည့်ရပြီး ယင်းနေရာများအား သံတူရွင်း ဖြင့် ထုကလော်ပြီး စိတ်ချရပြီဆိုမှ ဆင်း ၍ ဂန်းဖြင့်ထိုးရကြောင်း ကိုတရုတ်က ရှင်းပြသည်။
“အန္တရာယ်အများဆုံး အလုပ်ပဲ၊ ပြုတ်ကျလို့ကတော့ မသေတောင်မှ တစ် သက်လုံး အလုပ်လုပ်စားလို့ရတော့မှာ မဟုတ်ဘူး” ၎င်းက ကျောက်ဆောင်ပေါ် ဂန်းထိုးနေသည့် လုပ်ဖော်ကိုင်ဖက်တစ် ယောက်ကို လက်ညှိုးထိုးပြရင်း ဆိုသည်။
ကျောက်ဆောင်ပေါ်မှ ပြုတ်ကျသူ တစ်ချို့ရှိခဲ့သော်လည်း ယင်းကျောက်မိုင်း အတွင်းမှ ပြုတ်ကျသူ မရှိသလောက်နည်း ပြီး တခြားမိုင်းများ၌ သာဖြစ်လေ့ရှိ ကြောင်း ကိုတရုတ်က ပြောပြသည်။

“အန္တရာယ်များပေမယ့် ကြီးကြီး ကျယ်ကျယ် ထိခိုက်မှုမျိုး ဒီမှာကတော့ သိပ်မတွေ့ရဘူး ကျွမ်းလည်းကျွမ်းကျင် သလို သတိဝိရိယလည်း အမြဲထားနေလို့”မြိတ်မြို့နယ်အတွင်း လမ်းခင်းခြင်းနှင့် တည်ဆောက်ရေး လုပ်ငန်းများအတွက် နေ့စဉ်ထုတ်ယူနေသည့် အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃)နှင့် အမှတ် (၄)ဟူသော ကျောက်မိုင်း ၄ ခုရှိပြီး လက်ရှိ ၃ ခုသာ ထုတ်လုပ်လည်ပတ်နေကြောင်း ကျောက်ထုတ်လုပ်ငန်းရှင်များက ပြော ပြသည်။
အပြင်၌ တစ်ခြားအလုပ်များဖြစ် သည့် ပန်းရန်၊ လက်သမား အလုပ်များက ပုံမှန်အလုပ်လည်း မရှိသည့်အပြင် သွား လာရဝေးသည့် အတွက် ရွာနှင့်နီးသည့် ယင်းအလုပ်ကို ရွေးချယ်ခဲ့ရကြောင်း ကိုတရုတ်က ပြောသည်။
မိန်းမနောက်အိမ်ထောင် ပြုသွားပြီး နောက် ကျောင်းနေအရွယ် သားသမီး ၃ ယောက်နှင့် ကျန်ခဲ့ပြီး ဘ၀ကိုကြမ်း တမ်းခက်ခဲစွာ ရုန်းကန်နေရသည်။
ကျောက်ထုတ်လုပ်ငန်းကို လူတိုင်း လုပ်နိုင်ခြင်း မရှိ။ မိရိုးဖလာလုပ်လာသူ များ အပင်ပန်းခံနိုင်ကြသူများသာ ယင်းအလုပ်ကို စွဲစွဲမြဲမြဲ လုပ်နိုင်ကြောင်း ယင်းကျောက်မိုင်းအတွင်း ကျောက်တင် ကား မောင်းလာသည်မှာ ၅ နှစ်ခန့်ရှိ နေပြီဖြစ်သည့် ယာဉ်မောင်းတစ်ဦးက ပြောပြသည်။
“ကားခေါင်းလောက်ရှိတဲ့ ကျောက် တုံးကြီးကို တူနဲ့တစ်နေကုန်ထုနေရတာ။ တကယ်တော့ ဒီအလုပ်က ထောင် အကျဉ်းသားထက် ဆိုးတယ်”ဟု ၎င်း က မှတ်ချက်ပြုသည်။

သည်ကျောက်ထုတ်စခန်း၌ နိုင်ငံ တော်ကို တစ်နှစ်တစ်ကြိမ် လိုင်စင်လျှောက် ကာ အခွန်သွင်း၍ ထုတ်လုပ်နေကြသည့် ပိုင်ရှင် လေးဦးရှိပြီး ကျောက်ထုတ်လုပ် သား အမျိုးသမီး ၄၀ ခန့်အပါအဝင် စုစုပေါင်း ၅၀ နီးပါးခန့်ရှိကြောင်း ကျောက်ထုတ်လုပ်ငန်း ပိုင်ရှင်တစ်ဦး ဖြစ်သူ ဦးရခိုင်ခေါ် ဦးဖြူမောင်က ပြောပြ သည်။
ဦးဖြူမောင်ဦးစီးသည့် မိုင်းလုပ် ကွက်အတွင်း အလုပ်သမားများက မိသားစုလို နေထိုင်ကြပြီး ကြီးမားသည့် ပြဿနာတစ်စုံတစ်ရာ မတက်ခဲ့ဖူးကြောင်း ကျောက်ထုတ်လုပ်ငန်း လုပ်လာသည်မှာ ၁၃ နှစ်ရှိပြီဖြစ်သည့် ၎င်းက ဆိုသည်။
“တောင်တွေဘာတွေ တခါ တလေ ပြိုနိုင်တယ်၊ ဒါကိုသတိထားရတယ်၊ မိုင်းတွေခွဲတဲ့အခါ ဘေးလွတ်တဲ့ အံဝင် ခွင်ကျ နေရာမှာနေဖို့ မိုင်းခွဲချိန်တိုင်း အမြဲ သတိပေးနေရတယ်”ဟု ဦးဖြူမောင်က ဆိုသည်။

ယခင်က မြို့ပေါ် အအေးခန်းစက်ရုံ၌ အလုပ်လုပ်ခဲ့ဖူးပြီး ယခုအခါ ကျောက် ကြိတ်ခွဲသည့်စက်၌ တစ်နေ့ ၄၅၀၀ ဖြင့် နေ့စားဝင်လုပ်နေသည့် မနီနီအောင်က စလုပ်သည့်အချိန်က အရမ်းပင်ပန်းသည့် အထဲ ကြောက်စိတ်တစ်ဖက်ဖြင့် လုပ်ခဲ့ရ ကြောင်း ပြောပြသည်။
“ကျောက်ထုလိုက်လို့ စဉ်တာတွေ၊ ကျောက်ပြတ်ရှတာတွေ၊ ခြေထောက်ပေါ် ကျောက်တုံးပြုတ်ကျတာတွေ၊ နောက်ဆုံး ကြိတ်စက်ထဲ လက်ဝင်တာတွေ အဲဒါတွေ တစ်ခါတစ်ခါကြုံရတဲ့အပေါ် ကိုယ့်အလှည့် ဘယ်တော့လာမလဲဆိုတာ တွေးပြီး ကြောက်ကြောက်နဲ့ လုပ်ခဲ့ရတာပေါ့၊ နောက်လုပ်သက် ရှိလာတော့လည်း အထာကျလာတယ်”ဟု သူမက ရယ်ရင်း ပြောပြသည်။
ကျောက်မိုင်းနှင့် ပတ်သက်ပြီး လုပ် ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ အရေးပေါ်ကယ်ဆယ်ကုသရေးနှင့်ပတ်သက်ပြီး မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ အနည်းဆုံးတစ်နှစ်တစ်ကြိမ် လာရောက် ကာ အသိပညာပေးဟောပြောခြင်းများ ပြုလုပ်နေကြောင်း ဦးဖြူမောင်က ပြောပြ ဘသည်။
လက်ရှိကျောက်မိုင်းအတွင်း အလုပ် လုပ်နေကြသည့် အလုပ်သမားများ၌မူ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် သက်ဆိုင်သည့် အဝတ်အစား၊ အဆင်တန်ဆာများ ဆင်ယင်ထားခြင်းမျိုး ကား မတွေ့ရ။

သာမန်အဝတ်အစားများဖြင့်သာ တစ်နေ့တာ လုပ်ငန်းအား ဖြတ်သန်းနေ ကြသည်။
မိုင်းပိုင်ရှင်တစ်ယောက်၌ ကျောက် ခွဲစက်(ကြိတ်စက်)တစ်လုံးရှိပြီး ကျောက် ခွဲစက်တွင် မိုင်းမှထွက်လာသည့် ၂ လက် မ၊ ၄ လက်မအရွယ် ကျောက်များကို လို ချင်သည့် အမျိုးအစား ၅ မျိုးဖြစ်အောင် ကြိတ်ခွဲရပြီး အမျိုးသမီး တစ်နေ့လုပ်အား ခ ၄၅၀၀ ကျပ်နှင့် အမျိုးသား စက်မောင်း ကျောက်လောင်းသူက ၇၀၀၀ ကျပ်ပေး ထားကြောင်း ၎င်းက ပြောပြသည်။
ကျောက်ထုတ်လုပ်သားများ အနေ ဖြင့် မနက်စောစော ၇ နာရီမှစကာလုပ် ငန်းခွင်သို့ဝင်ရပြီး ၁၁ နာရီထိုးလျှင် ထမင်းစား နားကြရသည်။ ပြီးလျှင် မွန်း လွဲ ၁ နာရီခွဲ အလုပ်ပြန်ဝင်ကာ ညနေ ၅ နာရီထိုးလျှင် အလုပ်နားကာ အိမ်ပြန်ကြရ သည်။
ကျွန်းစုမြို့နယ်၌ ဘိုးဘွားပိုင်အမွေ ခြံတစ်ခြံရှိသော်လည်း သားသမီးပညာ ရေးအတွက် မြို့ပေါ်၌ ခက်ခဲပင်ပန်းသည့် ယင်းအလုပ်ကို အခြေအနေအရ လုပ်နေ ခဲ့ရပြီး ယင်းထက် အန္တရာယ်နည်းနိုင် သည့် အလုပ်မျိုးကိုလည်း မျှော်လင့် နေကြောင်းကို တရုတ်က ဖွင့်ဟသည်။
“သားသမီးတွေ ပညာတတ်ပြီး ကျွန်တော်တို့လိုမျိုး ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲ မလုပ်ရအောင် ဒီတစ်ခုပဲ မျှော်လင့်ချက်ထားပြီး လုပ်နေရတယ်”ဟု ၎င်းက ဆိုသည်။

ကလေးတစ်ယောက်မိခင် မနီနီ အောင်ကတော့ လုပ်ငန်းခွင်အတွင်း ပင် ပန်းလွန်းအားကြီးသည့်အခါ အပြီးအပိုင် ရပ်နားလိုက် ချင်သော်လည်း မိမိလုပ်ငန်း အကြောင်း စဉ်းစားမိသည့်အခါ စိတ် အတွင်းကြည်နူးမှုဖြစ်ရသည်ဟု ဖွင့်ဟ သည်။
“လမ်းတွေဖြောင့်ဖြူးသာယာပြီး လူတွေပျော်ပျော်ရွင်ရွင်နဲ့သွားလာနေတာကိုမြင်ရင် ကိုယ်လုပ်ခဲ့တဲ့ အလုပ်အတွက် ပီတိဖြစ်ရတယ်”ဟု ၎င်းက ပြောသည်။
ထိုသို့ ကြမ်းတမ်းသည့် လုပ်ငန်း ခွင်အတွင်း ကြေကွဲစရာကောင်းသည့် အဖြစ်အပျက်တစ်ခု ပြီးခဲ့သည့် နိုဝင်ဘာ လအတွင်းက ဖြစ်ခဲ့သည်။
ယင်းကျောက်ကွင်းအနီး တောထဲ၌ အသက် ၆ နှစ်အရွယ်မိန်းကလေးတစ်ဦး နေ့ခင်းကြောင်တောင် အသတ်ခံလိုက်ရ ခြင်း ဖြစ်သည်။

သတ်သည့်သူက အသက် ၃၅ နှစ် ခန့်ရှိသူ ကျောက်ခွဲစက်မောင်းအလုပ် သမား။ ကလေးမိဘများ ကလေးများနှင့် လည်းရင်းနှီးသူ၊ ကလေးငယ်အား မုဒိမ်း မှု ပြုကျင့်ရန်အားထုတ်ရင်း လက်လွန် သွားသည်ဟု မိသားစုက ယူဆသည့် အဆိုပါအမှုကို လက်ရှိတွင် တရားရုံးတွင် စစ်ဆေးနေဆဲ ဖြစ်သည်။
သည်ကျောက်မိုင်းအတွင်း ယင်း အဖြစ်အပျက်မျိုး မရှိခဲ့ဖူးဟု အသတ်ခံရ သည့် ကလေး၏ မိခင်ဖြစ်သူ ကျောင်း မိုင်းအလုပ်သမ ဒေါ်ဌေးရီက ပြောပြ သည်။
ဒေါ်ဌေးရီသည် အသက် ၇ နှစ် အရွယ်ကတည်းက ကျောက်မိုင်းအနီးနေ ထိုင်ပြီး ယင်းအလုပ်ကိုလုပ်ကိုင်နေသူ ဖြစ်သည်။
သည်အဖြစ်အပျက်ဆိုးကြီး ဖြစ်ခဲ့ ပြီးနောက် ယင်းလုပ်ငန်းအတွင်း တိုင်း၏ ပြင်ပတစ် နယ်တစ်ကျေးမှ လာရောက် လုပ်ကိုင်မည့်သူများအား အလုပ်ခန့် ထားခြင်းမပြုရဟု အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်လိုက်ပြီဖြစ်ကြောင်း ဒေါ်ဌေးရီ က ဆိုသည်။

“ကျွန်မသမီး အသတ်ခံရတာ ဒီ တစ်သက် ဖြေလို့ပြေမှာ မဟုတ်ဘူး”သူမအသံက လည်ချောင်းဝအတွင်း တစ်ဆို့ ပျောက်ကွယ်သွားသည်။
ကျောက်ထုတ်လုပ်ငန်းခွင်အတွင်း လုပ်ကိုင်နေကြသည့် နေ့စားအလုပ် သမား မိဘများ၏ အသက်နှင့်ဘ၀များက နေ့စဉ် အခြိမ်းခြောက် ခံနေရသလို ယင်းတို့၏ အရွယ်မရောက်သေးသည့် သားသမီးများကရော တကယ်လုံခြုံ မှုရှိနေပြီလား ဆိုသည့် မေးခွန်းကိုတော့ သူတို့အနေဖြင့် ပြန်လည်ဖြေကြားရန် ဆွံ့အနေခဲ့ကြသည်။ ။