လုံခြုံရေး အဆင့်မြှင့်တင်ထားသော ယာယီနယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ပုံစံအသစ် စတင်အသုံးပြု

0
544

ကော့သောင်းနယ်စပ်ဂိတ်မှတစ် ဆင့် ထိုင်းနိုင်ငံသို့ အလည်အပတ်သွား ရောက်မည့် မြန်မာနိုင်ငံသားများအတွက် လုံခြုံရေး အဆင့်မြှင့်တင်ထားသော TBP ယာယီ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ် စနစ်သစ်တစ်ခုကို ဒီဇင်ဘာ လ ပထမ အပတ်မှစတင်၍ စတင်ပြောင်း လဲ အသုံးပြုလျက်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေး ဒုတိယဌာနခွဲ (ကော့သောင်း မြို့)ထံမှ သိရသည်။
ယခင်လုပ်ပေးနေကျ စာအုပ်နှင့် မတူဘဲ ကိုယ်ရေးအချက်အလက်နှင့် နိုင်ငံသားစီစစ်ရေးကဒ်ပြား နံပတ်များပါ စစ်ဆေးနိုင်သည့် QR ကုတ်စနစ်ပါသည့် ကဒ်ပြားစာအုပ်ကို ထုတ်ပေးကာ အသုံး ပြုနေကြောင်း အထက်ပါဌာနခွဲ ဒုတိယ ဌာနခွဲမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုက ဆိုသည်။
“ထိုင်းက ပြန်ဝင်လာရင် မြွေတော် ကျွန်းစစ်ဆေးရေးဂိတ်မှာ ဒီစာအုပ်ကို မဖြစ်မနေပြန်အပ်ရမယ်၊ စာအုပ်မှာပါတဲ့ QRကုတ်ကို scan ဖတ်လိုက်တာနဲ့ ထိုင်းကိုဝင်ပြီး ပြန်လာတဲ့ စာရင်းကိုပါ ပြုစုလို့ရသွားမယ်”ဟု ၎င်းကဆိုသည်။

TBP စာအုပ်ဖြင့် လူ အဝင်အထွက် စာရင်းကို နေပြည်တော် ဌာနရုံးချုပ်မှ တိုက်ရိုက်ကိုင်တွယ် မှတ်တမ်းတင်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယခင်က ထိုင်းသို့ အဝင်အထွက် သတင်းပို့ရသော်လည်း ကတ်ပြားပြန် သိမ်း ပြန်အပ်ရခြင်း မရှိကြောင်း ကော့ သောင်း ရနောင်း ပဲ့ချိတ်မောင်းနေသူများ ကဆိုသည်။
“ဒီလိုလုပ်တာ ကောင်းတယ်လို့မြင် တယ် ၊ ထိုင်းဘက်ကဆိုလည်း သူတို့ နိုင်ငံထဲဝင်ပြီး ပြန်မထွက်တဲ့စာရင်းကို သိနိုင်ဖို့ TBP စာအုပ်ကိုင်ထားသူတွေ ဘတ်ငွေ ၂ ရာ ပေးခဲ့ရတယ်။ ဒီစနစ်က လုပ်နေတာကြာပြီး ပြန်ထွက်သူပြန်ရမယ် ပြန်မထွက်သူက ငွေဆုံးသွားတယ်”ဟု ပဲ့ချိတ်သမားတစ်ဦးက ရှင်းပြသည်။
ယင်းကတ်ပြားတစ်ခုကို မြန်မာကျပ် ငွေတစ်ထောင် ပေးဆောင်ရမည်ဖြစ်ပြီး ခရီးသည်ကိုယ်တိုင် လာရောက်ပြီး နိုင်ငံသား စီစစ်ရေးကဒ်ပြား ပြပေးရုံဖြစ် အလွယ်တကူ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း အထက်ပါဌာနခွဲက ဆိုသည်။

ကတ်ပြားထုတ်ပေးချိန်ကို မြန်မာ စံတော်ချိန် မနက် ၆နာရီမှ ည၆နာရီအထိ ဖွင့်ထားပြီး လုပ်ပေးသွားမည် ဖြစ်သည်။
ကော့သောင်းနယ်စပ်မှနေ၍ ထိုင်း နိုင်ငံ ရနောင်းမြို့သို့ ၇ရက် လည်ပတ် ခွင့်ရသည့် ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (TBP) ၊ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်TBPတို့ဖြင့် ဖြတ်သန်းသွား လာ ကြသည်ဟု လူဝင်မှုကြီးကြပ်ရေး ဒုတိယဌာနခွဲ (ကော့သောင်းမြို့) ထံမှ သိရသည်။