ထားဝယ်မြစ်ရေအရည်အသွေး မပျက်စီးသေး

0
535

ထားဝယ်ခရိုင်အတွင်းရှိ အဓိကမြစ် တစ်စင်းဖြစ်သည့် ထားဝယ်မြစ်တွင် ရေ အရည်အသွေးမပျက်စီးသေးဘဲ သန့်ရှင်း နေဆဲဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက ပြောသည်။
ထားဝယ်မြို့ရှိ မြစ်၊ ချောင်းများမှ ရေအရည်အသွေး အခြေခံအချက်အလက် များကို မှတ်တမ်းတင်ထားနိုင်ရန် ရေတွင် လျှပ်စစ်စီးဆင်းမှု၊ သံဓာတ်ပါဝင်မှု၊ ကြေး နီပါဝင်မှု စသည့် အခြေခံအချက်အလက် တစ်ဆယ်ကျော်ကို ယခုနှစ် မေလနောက် ဆုံးအပတ်မှ စတင်ပြီး တစ်လတစ်ကြိမ် တိုင်းတာခဲ့ကြောင်း ဦးထွန်းထွန်းဦးက ပြောသည်။

ယင်းတိုင်းတာချက်များအရ ထား ဝယ်မြစ်ရေအရည်အသွေးမှာ အောင်ဆီဂျင် ပါဝင်မှု ၃ ဒဿမ ၃၅ ရာခိုင်နှုန်း ၊ ပြဒါး ပါဝင်မှု ၀ ဒဿ ၀၀၆ ရာခိုင်နှုန်း ၊ ခဲ ပါဝင်မှု ၀ ဒဿမ ၀၀၆ ရာခိုင်နှုန်း၊ ချဉ်ငံ ဓာတ် ၆ ဒဿမ ၈၉ ရာခိုင်နှုန်း အသီး သီး ပါဝင်နေသည်ကို စစ်ဆေးတွေ့ရရှိ ရကြောင်း ၎င်းက ပြောသည်။
ယင်းတွေ့ရှိချက်များအရ ထားဝယ် မြစ်ရေသည် ရေနေသတ္တဝါများနှင့် လူများ ကို တစ်စုံတရာ ထိခိုက်မှု မရှိနိုင်ကြောင်း ဦးထွန်းထွန်းဦးက ပြောသည်။
“ဒီမြစ်ပတ်ချာလည်မှာက မြစ်ရေ ကို ထူးထူးဆန်းဆန်း ဖြစ်စေတဲ့ စက်ရုံ၊ အလုပ်ရုံက ရေတွေ စီးဝင်တာမျိုးတွေ မရှိဘူးဆိုတော့ ဒီမြစ်ရေဟာ ပျက်စီးတာ မျိုးမရှိဘူး”ဟု ဦးထွန်းထွန်းဦးက ဆိုသည်။

ထားဝယ်မြစ်အတွင်း ငါးဖမ်းလေ့ ရှိသည့် ကြက်စားပြင်ရပ်ကွက်မှ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးကမူ မြို့ပေါ်ရပ်ကွက်များမှ စွန့်ပစ်သည့် ညစ် ညမ်းရေစီးဝင်ခြင်း၊ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုများကြောင့် မြစ်ကမ်းနားတစ် လျှောက် အနံ့ဆိုးများထွက်နေသည်ဟု ဆိုသည်။
ထားဝယ်မြစ်ရေအရည်အသွေး မပျက်စေရန်အတွက် ထားဝယ်မြစ် အတွင်း စွန့်ပစ်ရေဆိုး စီးဝင်နေမှုကို စနစ်တကျဖြစ်စေရန် တိုင်းအစိုးရအနေ ဖြင့် လုပ်ဆောင်သင့်ကြောင်း အမျိုးသား လွတ်တော် သယံဇာတနှင့် ပတ်ဝန်ကျင် ထိန်းသိမ်းရေးကော်မတီဝင် ဦးဟန်ဝင်း သိန်းက ပြောသည်။
“ထားဝယ်မြစ်ထဲကို အမှိုက်စွန့်ပစ် မှုတွေမလုပ်အောင် ပြည်သူလူထုကို လည်း အသိပညာပေးဖို့ လိုအပ်တာပေါ့။ အရပ်ဖက်အဖွဲ့အစည်းတွေ၊ NGဥ (အစိုး ရမဟုတ်တဲ့ အဖွဲ့အစည်း)တွေလည်း ဒါကိုလုပ်သင့်တယ်။ ဒါမှလည်း အခုရှိ နေတဲ့(ထားဝယ်မြစ်) ရဲ့ ရေအရည်အသွေး ကို ထိန်းနိုင်မှာ” ဟု ဦးဟန်ဝင်းသိန်းက ဆိုသည်။

ယခုနှစ်တွင် ထားဝယ်မြစ်အပြင် ပေါက်တိုင်းချောင်း၊ ဟိန္ဒားချောင်း၊ ထားဝယ်မြို့ရေပေးရေးမှ ရေကိုလည်း ရေအရည်အသွေးအခြေခံအချက်အလက် များတိုင်းတာမှတ်တမ်းတင်ထားကြောင်း ဦးထွန်းထွန်းဦးက ပြောသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးချုပ်မှ မြန်မာတစ်နိုင်ငံလုံးရှိ မြစ်၊ ချောင်းများ၏ ရေအခြေခံအချက်အလက် များကို စာအုပ်ထုတ်ဝေမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း ပတ်ဝန်းကျင်ထိန်းသိမ်း ရေးဦးစီးဌာနထံမှ သိရသည်