စကားများရာမှ အသက်ရှစ်ဆယ် နီးပါးရှိအဖိုးအိုက တောခုတ်ဓားဖြင့်ခုတ်

0
392

ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာတွင် ဒီဇင်ဘာလ ၆ ရက်က စကားများရာမှ အသက်ရှစ်ဆယ်နီးပါးရှိ အဘိုးအိုက အသက် ငါးဆယ်ကျော်အရွယ် အမျိုးသား ကို တောခုတ်ဓားဖြင့် ခုတ်ခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။
အသက် ၅၂ နှစ်အရွယ်ရှိ အမျိုးသား က ရှပ်ပုံရွာရှိ ဈေးဆိုင်တစ်ဆိုင်တွင် ဈေးဝယ်ရင်း စကားပြောနေစဉ် တစ်ရွာ တည်းနေ အသက် ၇၈ နှစ်အရွယ်ရှိ အဘိုး အို ရောက်ရှိလာပြီး အခင်းဖြစ်ကာ တောခုတ်ဓားဖြင့် ခုတ်ခဲ့ကြောင်း တိုင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

ယင်းသို့ အခင်းမဖြစ်မီ တောခုတ်ဓား ဖြင့် ခုတ်ခဲ့သည့် အသက် ၇၈ နှစ်အရွယ် ရှိ အဘိုးအိုသည် ရှပ်ပုံကျေးရွာ ပြင်းငယ် ရပ်ရှိ ဘောလုံးကွင်း အနီးတွင် သွေးတိုး၍ လဲကျသကဲ့သို့ဖြစ်၍ ဓားဖြင့်ခုတ်ခံရ သည့် အမျိုးသားက တွဲခေါ်ကာ နေအိမ် အထိ ပို့ဆောင်ပေးခဲ့ကြောင်း ရဲမှတ်တမ်း တွင် ဖော်ပြသည်။
သွေးတိုးနေသည့် အဘိုးအိုက တစ် ရေးအိပ်ပြီး နိုးလာချိန်တွင် အင်္ကျီအိတ် အတွင်း ထည့်ထားသည့် ငွေကျပ် လေး သောင်းခွဲပျောက်ဆုံးနေသည်ကို တွေ့ရ ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ငွေပျောက်ဆုံးမှုနှင့် ပတ်သက်၍ သွေးတိုးစဉ်က နေအိမ်တွဲခေါ်လာသည့် အမျိုးသားကို လိုက်ရှာရာ အခင်းဖြစ် သည့် ဈေးဆိုင်တွင်တွေ့၍ မေးမြန်းရာမှ စကားများကြပြီး အဘိုးအိုက ဈေးဆိုင်ရှိ တောခုတ်ဓားဖြင့် ခုတ်ခဲ့ကြောင်း ရဲမှတ် တမ်းတွင် ဖော်ပြသည်။
ဓားဖြင့် အခုတ်ခံရခြင်းကြောင့် အသက် ၅၂ နှစ်အရွယ် အမျိုးသားတွင် လည်ပင်းဂုတ်ပိုးတွင် ပြတ်ရှဒဏ်ရာ၊ ဦး ခေါင်းပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ပြီး ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့ တင်ပို့ ကုသနေရကြောင်း ရဲမှတ်တမ်းအရ သိရ သည်။
တောခုတ်ဓားဖြင့်ခုတ်ခဲ့သည့် အဘိုး အိုကို ရာဇသတ်ကြီးဥပဒေပုဒ်မ- ၃၂၆ (ဘေးဖြစ်စေတတ်သည့် လက်နက်ဖြင့် အပြင်းအထန်နာကျင်စေမှု)ဖြင့် ပုလောမြို့ မရဲစခန်းတွင် အမှုဖွင့်အရေးယူထား ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရ သည်။