တိုင်းအတွင်း လူသတ်မှု၊ မုဒိမ်းမှု အပါအဝင် အမှုကြီးဖြစ်ပွားနှုန်း လေးနှစ်အတွင်း လေးဆနီးပါး မြင့်တက်

0
547

တနင်္သာရီတိုင်းအတွင်း လူသတ်မှု မုဒိမ်းမှုများ ပါဝင်သည့် အမှုကြီးဖြစ်ပွား မှုနှုန်းမှာ လေးနှစ်အတွင်း လေးဆနီးပါး မြင့်တက်လာကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။

၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ် နိုဝင်ဘာ လအထိ စာရင်းများအရ လေးဆနီးပါး မြင့်တက်လာခြင်း ဖြစ်သည်။
တိုင်းအတွင်း အမှုကြီးဖြစ်ပွားမှုက ၂၀၁၅ ခုနှစ်တွင် ၃၇ မှုသာရှိရာမှ ယခု နှစ်တွင် ၁၃၁ မှုအထိ မြင့်တက်လာခြင်း ဖြစ်သည်။
တိုင်းအတွင်းနေထိုင်သည့် လူဦး ရေ တိုးတက်များပြားလာခြင်း၊ လူအချို့ အကျင့်စာရိတ္တပျက်ယွင်းလာခြင်း၊ ဘာ သာရေးအသိ အားနည်းလာခြင်း အစရှိ သည့် အကြောင်းများကြောင့် အမှုကြီးဖြစ်ပွားများလာခြင်းဖြစ်နိုင်ကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယ ရဲမှူးကြီးစိန်ဝင်းက သုံးသပ်သည်။
“ပြောင်းလဲလာတဲ့ လူနေမှုအနေ အထားအရ အမှုကြီးများလာတာလို့ ထင် တယ်”ဟု ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။
တနင်္သာရီတိုင်းအတွင်း မှုခင်းဖြစ် ပွားမှု လျော့နည်းကျဆင်းလာစေရန် ရပ်ကွက် ကျေးရွာများတွင် မှုခင်းကျဆင်း ရေး ဟောပြောခြင်း၊ ရွေ့လျားယာဉ်ဖြင့် အသိပညာပေးခြင်းများကို လုပ်ဆောင် နေကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် သက်ဆိုင်ရာရဲစခန်းနယ်မြေအလိုက်မှုခင်းကျဆင်းရေးဟော ပြောပွဲများ ပုံမှန်လုပ်ဆောင်ကြရန် ညွှန် ကြားထားကြောင်း ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။
အမှုကြီးဖြစ်ပွားမှု လျော့နည်းလာ စေရန် အထူးသဖြင့် မုဒိမ်းမှု လျော့နည်း လာစေရန် ဝေးလံခေါင်ဖျားသည့် ကျေး ရွာများနှင့် နယ်ဒေသများတွင် လိင်နှင့် ပတ်သက်သည့် အသိပညာပေးခြင်းများ တစ်လတစ်ကြိမ်ခန့် လုပ်သင့်ကြောင်း ရေဖြူမြို့နယ်နေ ဦးဇာနည်က ဆိုသည်။
မြို့ပြဒေသထက် နယ်ဒေသများ တွင် မုဒိမ်းမှုဖြစ်ပွားမှု အရေအတွက်ပိုများ ကြောင်း တိုင်းရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။
“သက်ဆိုင်ရာအနေနဲ့ ကြိုတင်ကာ ကွယ်လို့မရတဲ့ အရာဖြစ်တာကြောင့် ကျေးရွာတွေမှာ လိင်ပညာပေး ဆွေးနွေးပွဲ လေးတွေ အခါအားလျော်စွာ လုပ်ပေး ခြင်းအားဖြင့် လျှော့ချနိုင်မယ်လို့ မျှော် လင့်ပါတယ်”ဟု ဦးဇာနည်က ပြောသည်။
ယခုနှစ် နိုဝင်ဘာလအထိ စာရင်း များအရ တိုင်းအတွင်း မုဒိမ်းမှု ၆၄ မှုနှင့် လူသတ်မှု ၅၇ မှု ဖြစ်ပွားခဲ့ကြောင်း တိုင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

တနင်္သာရီတိုင်းအတွင်း နှစ်အလိုက် အမှုကြီးဖြစ်ပွားမှု အရေအတွက် –
ခုနှစ် အမှုကြီးအရေအတွက်
၂၀၁၅ ၃၇
၂၀၁၆ ၅၇
၂၀၁၇ ၉၇
၂၀၁၈
နိုဝင်ဘာအထိ ၁၃၁