ဂျင်းနိုင်ငံရေးဘေး ကင်းဝေးကြပါစေ

0
631

၂၀၁၆ ခုနှစ်တွင် အောက်စ်ဖို့ဒ် အဘိ ဓာန်၏ အကျော်ကြားဆုံး စကားလုံး (Word of the Year) ဖြစ်ခဲ့သည်။
ထိုစဉ်က ကမ္ဘာ့နိုင်ငံရေး လေ့လာ သူတွေ အကြားအပြောအများဆုံး စကား လုံးတစ်ခု မြန်မာပြည်တွင် ကူးစက်နှင့် နေပြီးပြီလော။
ထိုစကားလုံးမှာ Post-truth Politics။
တိုက်ရိုက် မြန်မာပြန်ရသော် အမှန် တရားအလွန်နိုင်ငံရေး ဟု ဆိုနိုင်သည်။ သို့သော် ယင်းကို လေ့လာသုတေသနပြု သော ပညာရှင်များ၏ အဆိုအရ ထိုထက် မက နက်ရှိုင်း၊ အဓိပ္ပါယ်ထွေပြားလှသည်။
ပညာရှင်များ ဖွင့်ဆိုသော ဟိုအဓိပ္ပာယ် သည်အဓိပ္ပာယ်များကို ဖတ် ရူလေ့လာပြီးနောက် ထိုစကားလုံးကို ခေတ်စကားဖြင့် ဆိုရလျှင် “ဂျင်း နိုင်ငံ ရေး” ဟု ကောက်ယူနိုင်သည်ဟု စော ကြော သဘောပိုက်မိသည်။

(က)
အနောက်ကမ္ဘာရှိ အောက်ခြေ လူတန်းစားတို့မှာ စီးပွားရေး မညီမျှမှု၊ လူမှုရေး မညီမျှမှုတို့အကြား စိတ်အချဉ် ပေါက်လာသည်။ လူအများစုက အချက် အလက်တွေ၊ မှန်ကန်လေးနက်မှုတွေထက် “စိတ်ခံစားမှု” ကို ဦးတည်လာသည်။ ထိုစဉ် သူတို့၏ စိတ်နှလုံးကို ဆွဲဆောင် နိုင်သော နိုင်ငံရေးသမားများ ပေါ်လာ သည်။ လူတို့၏ဒေါသစိတ်ကို ဆွပေးနိုင် သော နိုင်ငံရေးသမားများ ပေါ်လာသည်။
မှန်ခြင်း၊ မှားခြင်းက ပြဿနာ မဟုတ်။ အမှန်အမှားကို ဝေဖန်ပိုင်းခြား ဆင်ခြင်ခြင်းက များစွာရှေ့တန်းမရောက် တော့ဘဲ ကြားကောင်းသော၊ နားဝင် ကောင်းသော၊ လူအများ ခိုက်လောက် သော စကားလုံးလှလှများ ပစ်သွင်းနိုင် သော နိုင်ငံရေးသမားများ ပေါ်လာသည်။
ယင်းသို့ဖြင့် Post-truth Politics ဆိုသည့်စကား ပိုခေတ်စားလာသည်။ Post-truth Politics ၏ သဘောမှာ အချက်အလက် အကိုးအကား၊ အစစ် အမှန် တို့အပေါ် အခြေမတည်တော့ဘဲ လူတို့၏ စိတ်ခံစားမှုတို့အပေါ်သာ အခြေ ခံ စည်းရုံးလာသော နိုင်ငံရေးပုံစံဟု ဆို နိုင်သည်။ ဖော်ဆောင်မည့် မူဝါဒအရ ဖြစ်နိုင်၊ မဖြစ်နိုင် များစွာ ဂရုမထားတော့။ ယင်းအပြင် အချက်အလက်ဖြင့် ပြန်လည် ချေပချက်များကိုလည်း အလေးဂရုမပြု တော့သော နိုင်ငံရေးပုံစံ ဖြစ်သည် (Jane Suiter, 2016)။

ကမ္ဘာကျော် the Economist မဂ္ဂဇင်းကြီးက ၂၀၁၆ ခုနှစ်တွင် Post-truth အကြောင်း ဆောင်းပါး တစ်ပုဒ်ဖော် ပြခဲ့သည်။ ယင်းဆောင်းပါးတွင် အမေရိ ကန်သမ္မတ (ထိုစဉ်က သမ္မတလောင်း) ဒေါ်နယ်ထရမ့်ကို Post-truth နိုင်ငံရေး ၏ ထွဋ်ခေါင်အဖြစ် တင်စားထားသည်။
ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲ မဲဆွယ်စဉ်က လူထုကြားထဲ ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေသည့် စကားလုံးများ ပစ်သွင်းနိုင်ခဲ့သည်။ ဥပမာ အိုဘားမား၏ မွေးစာရင်းမှာ အတုကြီး၊ အိုဘားမားမှာ IS မွတ်ဆလင် အကြမ်းဖက် အဖွဲ့ကို မွေးဖွားပေးခဲ့သူကြီး၊ အမေရိကန် ယခု ဒုက္ခရောက်နေသည်မှာ ယခင် သမ္မတတို့ ၏ လုပ်ရပ်ကြောင့်ဟူသော ထရမ့်၏ ပြောလုံးများ ဖြစ်သည်။ မှန်သည်၊ မှား သည်က နောက်မှ၊ ကနဦးတွင်တော့ မဲ ဆန္ဒရှင်များ ကြွေသွားသည်။
မဲဆန္ဒရှင်များခမျာ သူပြောသော စကားများကို ချက်ချင်း တိုက်စစ်၍ မရ။ သူလိုလူတောင်မှ သည်လို လူသိနတ် ကြား ထိုသို့ပြောနေမှတော့ ဟုတ်သလိုလို ရှိသည်ဟု ထင်သူက များပေလိမ့်မည်။ ထိုသို့ဖြင့် နိုင်ငံရေးသမား၊ နိုင်ငံခေါင်း ဆောင်များက ဂျင်းထည့်သွားကြသည့် ဟုတ်ယောင်ရှိ အယူအဆများကို အမှန် ထင်သွားကြသည်။

ပြောဆိုစည်းရုံးသူ ကလည်း ပြော ကတည်းကိုက စဉ်းစားချင့်ချိန်တတ်၊ စာတတ်ပေတတ်များကို ယုံအောင် စည်း ရုံးဟောပြောခြင်း မဟုတ်။ ယုံသည်မယုံ သည်ကို နောက်ထား။ အရေးကြီးသည်က တစ်ဖက်သား နစ်နာသွားဖို့ ဖြစ်သည်။ တစ်ဖက်သားကို ပုံဖျက်ဖို့ ဖြစ်သည် (The Economist, 2016)။
သို့တည်းမဟုတ် သက်ဆိုင်ရာ နိုင် ငံရေး ပြိုင်ဘက်၊ ဆန့်ကျင်ဘက် အမြင် ကို ထိုးနှက်တိုက်ခိုက်ဖို့ သက်သက်ဖြစ် သည်။ ယင်းကိစ္စမမှန်ကြောင်း ချက်ကျ လက်ကျ လိုက်ရှင်းသူတွေကတော့ ဘယ် လိုလို ဆိုဆို နောက်ကောက်ကျသွားလေ ပြီ။
အမှန်တရားက ဖိနပ်စီးတုန်းရှိသေး၊ မုသားက ကမ္ဘာပတ်နေပြီဆိုသော စကား ပင် ရှိသေးသည် မဟုတ်ပါလော။
အပြောအဟော ကောင်းကောင်းဖြင့် ဂျင်းထည့်သွားသော နိုင်ငံရေးသမားများ၊ နိုင်ငံခေါင်းဆောင်များ၏ ပြောဆိုချက် များကို အချက်အလက် အကိုးအကားဖြင့် ပြန်လည်ချေပသူတို့က အကျအန ပြင် ဆင်နေစဉ်မှာပင် နိုင်ငံရေး မုသားတို့က ပြန့်နှံ့သွားကြလေပြီ။
အချို့သော စကားများမှာ ရွေး ကောက်ပွဲတွင် အနိုင်ရရုံသက်သက်မျှဖြင့် ရည်မှန်းကာ ဖန်တီးသုံးစွဲသော မုသား များ ဖြစ်သည်။ ရွေးကောက်ပွဲ ကတိတည် ခြင်း၊ မတည်ခြင်းက နောက်ထား၊ ယခု တော့ လူ့အကြိုက်၊ လူ့အခိုက် ကတိတွေ ပေးလိုက်မည်။ ဟိုဟာ လုပ်ပြမည်၊ သည် ဟာလုပ်ပြမည်ဟု လေလုံးထွား မဲဆွယ် လိုက်ကြသည်။

နောက်မှ ဟိုအကြောင်းပြ၊ သည် အကြောင်းပြချက်တို့ဖြင့် ယင်းကတိများ မတည်နိုင်ကြောင်း အမျိုးမျိုး လှည့်ဖြား ပြောဆိုနိုင်သည်။
လူအများက တစ်စုံတစ်ရာသော စနစ် တစ်ခုကို စိတ်ကုန်နေချိန်၊ လက် ငင်းစနစ်ကြီး နှင့် လက်ရှိ နိုင်ငံရေးသမား များကို စိတ်အချဉ်ပေါက်နေချိန် ထိုသို့ လေလုံးထွားမုသား နိုင်ငံရေးဆွယ်စကား ဟောလာသူများကို သဘောခွေ့ကြသည်။ ဟုတ်သည် မဟုတ်သည် နောက်ထား၊ ဖြစ်နိုင်သည် မဖြစ်နိုင်သည် ဆိုသည့် အချက်အလက်နှင့် အမှန်တရားတို့ အပေါ်လည်း အလေးမထားတော့၊ ရေ ရှည်အကျိုးရလဒ်ကိုလည်း မတွက်၊ မတွေးကြတော့ဘဲ ပစ်ယုံလိုက်ကြသည်။
ထိုသို့ဖြင့် လူအများမှာ ဖြေသာသွား သည်။ စိတ်ထဲ ကျေနပ်သွားသည်။Feel Good ဖြစ်သွားသည်။
Post-truth politics နှင့် ပတ် သက်၍ ပညာရှင်များ အဓိကအားဖြင့် ဥပမာ ပြုကြသည်မှာ ဒေါ်နယ်ထရမ့်ကို သမ္မတအဖြစ် မဲပေးလိုက်ကြခြင်းနှင့် ဗြိ တိန်ဥရောပသမဂ္ဂမှ ခွဲထွက်ရန် မဲပေး လိုက်ကြခြင်းကို ဥပမာပေးကြသည်။

အမေရိကန်ပြည်ထောင်စု ရှိ လက်ရှိ အခြေအနေကို စိတ်အချဉ်ပေါက်နေသော အောက်ခြေလူဖြူလူတန်းစားတို့မှာ “မ ထူးတော့တဲ့ အတူတူ၊ ဖြစ်ချင်ရာဖြစ် ထရမ့်လိုက်ကြတာပေါ့”ဟု စဉ်းစားမဲပေး ခဲ့ကြသည်ဟု အနောက်တိုင်းသား ဆရာ တစ်ဦးက သူ့အမြင်ကို မှတ်ချက်ပြုဖူး သည်။
ဗြိတိန်ခွဲထွက်ရေး မဲပေးသူတို့မှာ လည်း စိတ်ခံစားမှုကို အခြေခံသော၊ အချက်အလက်အမှန် မဟုတ်ဘဲ ဖန်တီး လုပ်ကြံ ထားသော ပြောစကားများကို အခြေတည်ကာ ခွဲထွက်ရေး မဲပေးလိုက် ကြသည်ဟု ဆိုကြသည်။
ဥပမာအားဖြင့် ဗြိတိန်က ဥရောပ သမဂ္ဂဝင် ဖြစ်နေခြင်းကြောင့် တစ်ပတ် လျှင် ပေါင်သန်း ၃၅၀ အကုန်အကျ ရှိ နေသည်ဟု သတင်းဖြန့်လိုက်သည်။ နောက်ပိုင်းတွင် ဗြိတိန်က ဥရောပ သမဂ္ဂ သို့ တစ်ပတ်လျှင် ပေါင်သန်း ၃၅၀ ပေး နေရကြောင်း သတင်းမှား ပုံပျက် ပြန့်နှံ့ သွားသည် (The New York Times, 2016)။

သုတေသန အဖွဲ့များ၊ BBC ကဲ့သို့ သော မီဒီယာများက ယင်း ကိန်းဂဏန်းမှာ လုပ်ကြံဇာတ်လမ်းကြီး ဖြစ်ကြောင်း လိုက်ရှင်းကြသော်ငြားလည်း ဆေးမမီ တော့။ နောက်ကျသွားလေပြီ။
မုသားနိုင်ငံရေးက ကမ္ဘာပတ်နှင့်နေ ပြီး ဖြစ်လေသည်။

(ခ)
ယနေ့ခေတ်ကဲ့သို့သော မီဒီယာ အမျိုးအစား ပဒေသာစုံလှသော ခေတ် ကြီးတွင် မုသားအလှည့်အဖျားစကားမှာ ပို၍ပင်ပျံ့လွယ်ကြသည်။
ပြဿနာမှာ တစ်ခုတည်း အပေါ် မတည်ပါ။
Social Media ဟု ခေါ်သော Facebook, Twitter များပေါ်လာကြောင့် လည်း အလှည့်အဖျား နိုင်ငံရေးစကားများ၊ ပုံဖျက်လှည့်စား ပြောဆိုမှုများ ပြန့်လွယ် သည်။ ထိုနည်းတူ Mainstream Media ဖြစ်သော သတင်းစာ၊ ဂျာနယ် ပင်မမီဒီယာရေစီးကြောင်း၏ အားနည်း ချက်ကြောင့်လည်း မီးလောင်ရာလေပင့် ဖြစ်စေသည်။

Facebook ကဲ့သို့သော ဆိုရှယ် မီဒီယာပေါ်တွင် မည်သူမဆို တက်ရေးပြီး အများပြည်သူကို လွှမ်းမိုး မုသားဖြန့် နိုင်ရာ Post-truth နိုင်ငံရေး အတွက် ပင်မ ကြားခံယန္တရားကြီး ဖြစ်သွားတော့ သည်။
ထိုသူတို့မှာ ထရမ့်ကဲ့သို့သော နိုင်ငံ ရေးသမားများ၏ လက်ခုပ်သံချူ လှည့် ဖျား စကားများကို ထောက်ခံ ဖြန့်ချိပေး ရာ၊ လော်ဘီလုပ်ပေးရာ ယန္တရားကြီး ဖြစ်သွားတော့သည်။ Fake News သတင်းတုသတင်းမှားများ ပြန့်နှံ့ရေး အတွက် ကမ္ဘာကြီးဖြစ်သွားတော့သည်။
ယင်းတို့မှာ အလိမ်အညာလှည့်ဖျား စကားများ၊ ကောလာဟလများ နှင့် အတင်းအဖျင်းများကို စနစ်တကျ ရေး သားဖြန့်ချိကြသည်။ ထိုလော်ဘီအဖွဲ့ဝင် များသည် အချင်းချင်း၏ စကားများကို ယုံကြည်မှု ရှိကြသည်။ သတင်းစာကဲ့သို့ သော ပင်မမီဒီယာများထက် ပို၍ပင် ယုံကြည်ကြသည် The Economist, 2016)။
သာမန် လူထုမှာလည်း ထိုရေးသား ချက်များကိုဖတ်ရှု၍ ဟုတ်သယောင် ယောင် ထင်မှတ်မှားကြတော့သည်။ အများအားဖြင့် သာမန်လူထုမှာ ကိုယ့် ဝမ်းရေးနှင့်ကိုယ် အလုပ်များနေကြသူ များဖြစ်ရာ များစွာ ဆင်ခြင်တွေးတောရန် အချိန်မရှိလှ။ ပြောဦးသူနိုင် (ဦးစွာ နား သွင်းနိုင်သူကအမှန်) ဆိုသကဲ့သို့ ပထမ ရောက်လာသော သတင်းစကားပင် ခေါင်းထဲစွဲသွားတော့သည်။

သတင်းစာ တစ်ခုခုက ဖြစ်စေ၊ လေးစားလောက်သော လူတစ်ဦးဦးက ဖြစ်စေ သတင်းအမှား၊ အကောက်အယူ များတို့ကို ချက်ကျလက်ကျ ပြန်ဖြေရှင်း လာလျှင် အုပ်စုလိုက် အုံနှင့်ကျင်းနှင့် ပြန်တွယ်တတ်ကြသည်။ တစ်ခါတစ်ရံ ခပ်တည်တည်ဖြင့် မသိချင် ဟန်ဆောင် လိုက်တတ်ကြသည်။ ကိုယ်မူလက ရေး ထားသော၊ ဖြန့်ချိထားသော သတင်း အချက်အလက်ကို ပြန်လည်း မပြင်၊ တောင်းလည်းမတောင်းပန်ဘဲ မသိလိုက် မသိဘာသာ နေလိုက်ကြသည်။ (ထို အချက်မှာ သတင်းစာ၊ ဂျာနယ်တို့ကဲ့သို့ သော ပင်မ မီဒီယာအများစု၏ တာဝန် ယူ၊ တာဝန်ခံမှုနှင့် ကွာခြားချက်ဖြစ် သည်)
နောက်တစ်ချက်မှာ သတင်းစာ၊ ဂျာနယ်၊ ရုပ်သံကဲ့သို့သော ပင်မမီဒီယာ များ၏ အားနည်းချက်ဖြစ်သည်။
အဓိက အားနည်းချက်မှာ False Balance ဟု ဆိုသည် (Jane Suiterç 2016)။

ဩဇာရှိ မီဒီယာများမှာ တစ်ဖက်က တော့ဖြင့် သည်လို ပြောသည်။ အခြား တစ်ဖက်ကတော့ဖြင့် သည်လို ပြော သည်ဆိုသည့် ဟိုဘက်ပြော သည်ဘက် ပြော ဘက်မျှမှုအပေါ် အခြေတည် သတင်းတင်ဆက်နေကြသည်က များနေ သည်။
He said she said journalism ဟုလည်း ဆိုနိုင်သည်။
တကယ်တော့ သည်ဘက်က သည်လိုပြောသည်။ ဟိုဘက်က ဟိုလို ပြောသည်ဆိုသောFalse Balance ထက် အရေးကြီးသော အမှန်တရားကို ဖော်ထုတ်တင်ပြနိုင်ရန်ကား များစွာ အရေးကြီးသည်။

Brexit ဥပမာအရ အချို့မီဒီယာ များကBrexit မလိုလားသူဘက်က အမြင်များကို တင်ပြသည်။ အခြားတစ် ဖက်ကလည်းBrexit လိုလားသူဘက်က အမြင်များကို ဖော်ပြသည်။ သို့သော်Brexit ဖြစ်ရခြင်း အကျိုးအပြစ်များကို သက်သေကာယဖြင့် ခြေခြေမြစ်မြစ် တင်ပြရန်၊ လူထုကို အသိပေးရန် ပျက် ကွက်ခဲ့ကြသည်ဟု မီဒီယာနှင့် သတင်း စာပညာရေးရာ ကျွမ်းကျင်သူ Jane Suiter က ဝေဖန်သည်။
ယင်းကပင် သတင်းစာ ဂျာနယ် ရုပ်သံ ပင်မမီဒီယာတို့၏ အဓိက အား နည်းချက်ကြီး ဖြစ်သွားစေခဲ့သည်။

(ဂ)
ထိုသို့သော အချက်အလက် များကို ဆင်ခြင်ရင်း Post-truth politics မြန်မာနိုင်ငံတွင် မည်မျှအခြေတည် နေပြီနည်းဟု တွေးမိသည်။
ဂျင်းနိုင်ငံရေး မည်မျှ ခေတ်စား နေပြီနည်းဟု ဆင်ခြင်မိသည်။
မြန်မာနိုင်ငံမှ များပြားလှစွာသော ဥပမာများကို မတင်ပြတော့ပါ။ စာရှုသူ များ ကိုယ်တိုင်ဆင်ခြင် စဉ်းစား တိုက် စစ် လုပ်ကြပါရန် ဖြစ်သည်။
မြန်မာ လူထုအနေနှင့်လည်း ဂျင်း နိုင်ငံရေးမှ ရှောင်နိုင်ကြပါစေ ကြောင်းနှင့် တွေးတော ဆင်ခြင်နိုင်ကြပါစေကြောင်း။

Key References:
Bournemouth University (2017), Post-truth: its meaning and implications for democracy.
Jane Suiter (2016), Post-truth Politics, Political Insight.
The Economist (2016), Art of the Lie.
William Davies (2016), The Age of Post-Truth Politics, The New York Times.