မွန်တွင် ယာဉ်မတော်တဆ မှုကြောင့် ၁၁ လအတွင်း သေဆုံးသူ သုံးရာနီးပါးရှိ

0
457

မွန်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီ လမှ နိုဝင်ဘာလကုန်ထိ ၁၁ လအတွင်း ယာဉ်မတော် တဆမှုကြောင့် သေဆုံးသူ သုံးရာနီးပါးရှိကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး (မွန်) စာရင်း အရ သိရသည်။
ပြည်နယ်တစ်ခုလုံးတွင် ဆိုင်ကယ် တိုက်မှု ၄၅၄ မှု၊ ကားမတော်တဆမှု ၃၃၀ မှု၊ ထော်လာဂျီတိုက်မှု ၁၆ မှု စုစုပေါင်း ယာဉ်မတော်တဆမှု ၈၀၀ မှု ရှိပြီး အဆိုပါယာဉ်မတော်တဆမှုများ ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၃၂၀ ဦးရှိကာ သေဆုံးသူ ၂၉၉ ဦး ရှိသည်။
“ယာဉ်တိုက်မှုက တစ်နှစ်ထက် တစ်နှစ် ပိုများလာတယ်၊ မွန်ပြည်နယ်မှာ က ဆိုင်ကယ် မတော်တဆမှုက ပိုများ တယ်”ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူးရုံး (မွန်)မှ ရဲမှူးကျော်သူက ပြောသည်။

ဆိုင်ကယ်ဦးထုပ်မဆောင်းခြင်း၊ အရက် သေစာ သောက်စားပြီးမောင်းနှင် ခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာမှု မရှိခြင်း၊ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းနှင်ခြင်းတို့ကြောင့် ယာဉ်မတော် တဆမှုပိုများလာပြီး သေဆုံးသူ ထိခိုက် ဒဏ်ရာရသူလည်း ပိုများလာသည်ဟု ရဲမှူးကျော်သူက ပြောသည်။
ယာဉ်မတော်တဆမှုများသည် သထုံ ခရိုင်အတွင်းရှိ ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ် နှင့် ပေါင်မြို့နယ်တို့တွင် အများဆုံး ဖြစ်ပွားခဲ့သည်ဟု အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့မှူး ရုံး (မွန်)ထံမှ သိရသည်။

မွန်ပြည်နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း လိုက်နာမှုမရှိသည်ကို တွေ့ရှိရပြီး ယာဉ်စည်းကမ်း လမ်းစည်း ကမ်းလိုက်နာရေး ပညာပေးလုပ်ငန်းများ များစွာလုပ်ဆောင်သွား ရဦးမည်ဟု မွန်ပြည် နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြော သည်။ မွန်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်က ယာဉ် မတော်တဆမှု ၉၁၅ မှု ရှိခဲ့သည်။