ထားဝယ်ပါတီ ဘာလုပ်နေလဲ

0
1160

ထားဝယ်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ ဘုရားလှည်းများမှာ ထားဝယ်လို မရေး ရဆိုတဲ့ တိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်က ထားဝယ်တိုင်းရင်းသားများ ပါတီက ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ကြေညာချက်အမှတ် (၁/၂၀၁၈)လို့ တပ်ထားတဲ့အတွက် ၂၀၁၈ ခုနှစ်ရဲ့ ၁၁ လမြောက်အရောက်မှာ ပထမ ဆုံး ထုတ်ပြန်တဲ့ ထုတ်ပြန်ကြေညာချက် လို့ နားလည်မိပါတယ်။
တစ်ချိန်တည်းမှာပဲ ထားဝယ် တိုင်းရင်းသားများပါတီ ရှိနေပါလား ဆိုတဲ့ ခံစားမှုကို ပြန်ရလာပါတယ်။ အခြား ကြောင့် မဟုတ်ပါဘူး ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲပြီးတဲ့နောက်ပိုင်း ၂ နှစ် လောက်အတွင်းမှာပဲ အတိုင်းအတာ တစ်ခုအထိ လှုပ်ရှားမှုတွေတွေ့ရပြီး ဒီဘက်နှစ်ပိုင်းမှာ ငြိမ်ချက်သားကောင်း နေလို့ ဖြစ်ပါတယ်။

တခါတလေ ထားဝယ်ပါတီ မရှိ တော့သလိုတောင် ခံစားရပါတယ်။
လူမျိုးရေးအရရော နိုင်ငံရေးအရ ရော အရှိန်ရ အားကောင်းနေပြီဖြစ်တဲ့ တိုင်းရင်းသားဒေသများက ပါတီတွေ တစ်စုတစ်ဖွဲ့တည်းဖြစ်ရေး အားထုတ် နေကြ၊ လာမယ့် ရွေးကောက်ပွဲအတွက် ခြေလှမ်းပြင်နေကြတာတွေကို တွေ့တိုင်း ထားဝယ်အရေး စိတ်ဝင်စားသူတစ် ယောက်အနေနဲ့ ခေါင်းထဲ ဝင်လာတာက “ထားဝယ်ပါတီ ဘာလုပ်နေလဲ”ဆိုတာပါ။
ထားဝယ်အရေး စိတ်ဝင်စားသူ တစ်ဦးအနေနဲ့ ထားဝယ်ဒေသက အစု အဖွဲ့တွေကို အားကောင်းမောင်းသန် ဖြစ်စေချင်တဲ့ သူတစ်ယောက်အနေနဲ့ ထားဝယ်တိုင်းရင်းသားများ ပါတီအပေါ် မှာ မျှော်လင့်ထားတာတွေ အများကြီး ပါပဲ။

၁) ရွေးကောက်ပွဲနီးမှ ပေါ်လာ၊ ရွေးကောက်ပွဲပြီးရင် ငြိမ်သွားတဲ့ ခါတော် မီ ပါတီတွေလိုမျိုး မဖြစ်စေချင်ပါဘူး။ ဒါကြောင့် ထားဝယ်ပါတီအနေနဲ့ ထားဝယ်ဒေသအရေးနဲ့ ပတ်သက်ပြီး အခု ဘာတွေလုပ်နေသလဲဆိုတာ သိချင် ပါတယ်။

၂) နိုင်ငံလုံးချီ အစုအဖွဲ့တွေ၊ ပါတီ တွေက မလုပ်နိုင်တဲ့၊ သိပ်အရေးမထားတဲ့ ဒေသအရေးအရာ ကိစ္စတွေအတွက် အမြဲအဆင်သင့် ဖြစ်နေတာမျိုး ဖြစ်စေ ချင်ပါတယ်။ နှစ်တစ်နှစ်ရဲ့ ၁၁ လမြောက် မှာ ထွက်လာတဲ့ ထုတ်ပြန်ချက်လေး တစ်စောင်ကတောင် ဒေသအရေး၊ ဒေသခံ များရဲ့ အခွင့်အရေးအတွက် စိတ်ဝင်စား တဲ့သူတစ်ယောက်အတွက် နွေးထွေးမှုကို ပေးနိုင်သေးတာဖြစ်တဲ့အတွက် တကယ် များ ထဲထဲဝင်ဝင် သေသေချာချာ လုပ်ရင် ဘယ်လောက်များ လှိုက်လှိုက်လဲလဲ ရှိမလဲဆိုတာ တွေးမိပါတယ်။ ထားဝယ် ပါတီအနေနဲ့ ထားဝယ်တိုင်းရင်းသား များရဲ့ အမှတ်လက္ခဏာ၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေအတွက် ဘာတွေ ထဲထဲ ဝင်ဝင် လုပ်နေလဲ၊ လုပ်ဖို့ရှိပါသလဲ။ ပြင်ဆင်နေပါသလဲ။

၃) ပြည်ထောင်စုမှာ သောင်တင် နေတယ်ဆိုတဲ့ ထားဝယ်စကား သင်ရိုးကိစ္စ ကို နည်းနည်း တွန်းတွန်းတိုက်တိုက်များ ပြောဆို တိုက်တွန်းနိုင်မလားဆိုပြီးလည်း တွေးနေမိပါတယ်။ ပါတီအနေနဲ့ ဘယ် လောက်အထိ လုပ်လို့ရတယ်ဆိုတာ ကိုတော့ ထဲထဲဝင်ဝင် မသိပါ။

၎) ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ဝင်အရွေးခံခဲ့တဲ့ နေရာအားလုံးမှာ ရှုံး ခဲ့တဲ့ ထားဝယ်ပါတီအနေနဲ့ အခုလာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ဘာတွေများ ပြင်ဆင်နေလဲဆိုတာ သိချင်လှပါတယ်။ ပါတီအတွက်၊ ဒေသအတွက် လူငယ်မျိုး ဆက်တွေ မွေးဖို့ ပြင်နေပြီလား။ ကိုယ်စား လှယ်လောင်းအတွက် စရှာနေပြီလား။ ဘယ်လို ပုံစံ၊ ဘယ်လိုမျိုး၊ ဘယ်လို ဗျူဟာနဲ့ ဝင်ပြိုင်မှာလဲဆိုတာတွေကိုရော ဆွေးနွေးနေကြပြီလား။
ပါတီရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ထုတ်ပြန်ချက်အရတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာက ပါတီရဲ့ ရှေ့လုပ်ငန်း စဉ်များ ဆွေးနွေးတာနဲ့ ပါတီ ပိုမိုအား ကောင်းရေး အစီအစဉ်များ ချမှတ်တဲ့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်လို့ ဆိုရမလား အဲဒီကတည်းက ငြိမ်ချက်သားကောင်း နေတာ အခုအထိပါပဲ။
ကိုယ့်ဒေသပါတီတစ်ခုကို အဲလိုမျိုး ငြိမ်နေတာမျိုးကို မတွေ့ချင်ပါ။

၅) ထားဝယ်လူမျိုးအရေးနဲ့ ပတ် သက်ပြီးရော ဘာတွေ လုပ်နေတာလဲဆို တာ သိချင်ပါတယ်။ ထားဝယ်လူမျိုး အရေးနဲ့ ပတ်သက်ပြီး ဟိုတစ်ခု ဒီတစ်ဖွဲ့ က လုပ်နေတာမျိုးထက် အားလုံး စုစု စည်းစည်းနဲ့ လုပ်တာမျိုးကို ဖြစ်စေချင်ပါ တယ်။ စည်းလုံးခြင်းဟာ အင်အား ဖြစ်တယ်ဆိုတာ ကလေးတွေကအစ သိတယ် မဟုတ်ပါလား။

အခြား ထားဝယ်အရေး စိတ်ဝင် စားသူတွေလည်း မေးချင်တဲ့ မေးခွန်း ကိုယ်စီ ရှိကြမယ် ထင်ပါတယ်။
ထားဝယ်ပါတီမှာ အဖြေရှိမယ်၊ အဖြေရှိအောင် ကြိုးစားမယ်လို့လည်း ယုံကြည်ပါတယ်။
ထားဝယ်ပါတီ ဘာတွေ လုပ်နေလဲ သိချင်ပါတယ်။