ထားဝယ်ဗုဒ္ဓကောလိပ်တွင် ဘီအေတန်း ယခုနှစ်ကုန် ဖွင့်မည်

0
461

ထားဝယ်ဗုဒ္ဓကောလိပ်တွင် ဘွဲ့ ပေးမည့် ဘီအေတန်းကို ယခုနှစ် ဒီဇင်ဘာလ ၂၂ ရက်တွင် ဖွင့်လှစ်မည်ဖြစ် ကြောင်း မြို့မယဉ်ငေး သာသနာ့ရိပ်သာ ကျောင်းတွင် ဖွင့်လှစ်ထားသည့် ထားဝယ် ဗုဒ္ဓကောလိပ်ထံမှ သိရသည်။
အဆင့်မြင့် ဒီပလိုမာတန်း P.S.E (Advance Diploma) တန်းကို နှစ်နှစ် တက်ရောက်ပြီးသူများ ဘီအေတန်းသို့ တက်ရောက်နိုင်မည်ဖြစ်ကြောင်း ထား ဝယ်ဗုဒ္ဓကောလိပ် တာဝန်ခံဆရာတော် အရှင်ရာဇဓမ္မက မိန့်ကြားသည်။

B.A တန်းကို ပထမနှစ်၊ ဒုတိယ နှစ် ၂ နှစ်တက်ပြီးပါကB.A Buddhism ဘွဲ့ပေးမည်ဖြစ်ကြောင်း ဆရာတော် အရှင်ရာဇဓမ္မက မိန့်သည်။
“ရည်ရွယ်ချက်ကတော့ ဒီဗုဒ္ဓစာပေ သည် လူတိုင်းမှာ တတ်မြောက်ဖို့အတွက်၊ ရဟန်းတော်များလည်း ဗုဒ္ဓစာပေကို တတ်မြောက် လာနိုင်အောင်၊ နိုင်ငံတကာ မှာလည်း ကိုယ့်ရဲ့ဗုဒ္ဓဘာသာ ပြန့်ပွား လာစေအောင် အဲ့သလို ရည်ရွယ်ချက်တွေ နဲ့ စထောင်ခဲ့တာ”ဟု ဆရာတော်က မိန့် သည်။
BA တန်းအတွက် လျှောက်လွှာများ ကို ဒီဇင်ဘာ ၈ ရက်တွင် စတင်ခေါ်ယူ မည်ဖြစ်ပြီး ဒီဇင်ဘာလ ၂၂ ရက်တွင် ကျောင်းစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ထားဝယ်ဗုဒ္ဓကောလိပ်ထံမှ သိရသည်။

လက်ရှိ ထားဝယ်ဗုဒ္ဓကောလိပ်တွင် အခြေခံဒီပလိုမာတန်း P.A.B.E(Basic Diploma) တန်းနှင့် အဆင့်မြင့် ဒီပလို မာတန်း P.S.E(Advance Diploma) တန်းတို့ကို ဖွင့်လှစ်သင်ကြားလျက်ရှိ ကြောင်း ယင်းကောလိပ်ထံမှ သိရသည်။
အတန်းများကို တနင်္ဂနွေနေ့မှအပ နေ့စဉ် ညနေ ၅ နာရီမှ ၆ နာရီခွဲ ၇ နာရီခန့်အထိ ဖွင့်လှစ်သင်ကြားလျက်ရှိ ပြီး ကျောင်းတက် ချိန်မှာ ၈ လ၊ ၉ လ နီးပါး ကြာမြင့်မည်ဖြစ်ကြောင်း ယင်း ကောလိပ်ထံမှ သိရသည်။