ဘိလပ် မဟာတန်း ကျောင်းသား – ၅

0
849

အသားမကျသေးခြင်းများ

ကနဦး တစ်လကျောင်းသားဘ၀ သည် အရာရာကိုအသားကျရန် ကြိုးစား ရသည့် ကာလများ ဖြစ်သည်။

စာသင်ချိန်အပြင် စာဖတ်စရာ အိမ် စာ စာရင်းရှည်ကြီးတွေ့လိုက်တော့ အတော်ကို မောသွားသည်။ ကျောင်းသား များကို ပေးထားသော စာဖတ်စာရင်း အရ တစ်ပတ်လျှင် ဖတ်စရာ စာအုပ်နှင့် ဘာသာရပ်ဆိုင်ရာ ဆောင်းပါး အနည်း ဆုံး တစ်ဘာသာလျှင် ငါးခု ရှိသည်။ အတော်ပင် ခေါင်းတောက်သွားသည်။

နောက် အဆိုးဝါးဆုံးမှာ နေရာ အသစ် ဝန်းကျင်အသစ်တွင် အသားကျ ရန် နံပါတ်အသစ်များ မှတ်ရခြင်းဖြစ် သည်။

ထားဝယ်မြို့ တစ်ဖက်ကမ်း ကမြောကင်း အထက်တန်းကျောင်းတွင် တက်ခဲ့သော တက္ကသိုလ်ဝင်တန်းအထိ သင်္ချာဘာသာရပ်နှင့် ကိန်းဂဏန်းများကို ခုံခုံမင်မင်ဖြစ်ခဲ့ဖူးသော်လည်း ယခု အရွယ်တစ်ခု ရောက်လာတော့ ကိန်း ဂဏန်းများကို မှတ်ရသားရ စိတ်မရှည် တော့။ နည်းပညာကောလိပ် တက်ခဲ့သည် ဆိုသော်လည်း နည်းပညာပိုင်းလည်း ဝါသနာ မပါတော့။ လူမှုသိပ္ပံဘာသာရပ် များတွင်သာ ပျော်တော့သည်။

ရောက်သည်နှင့် ပထမဆုံး ရက် သတ္တပတ်များတွင် မှတ်မှတ်ရရ မှတ်မိ အောင်ကျင့်ရသော နံပါတ်မှာ စာပို့ သင်္ကေတ (Postcode) ဖြစ်သည်။

ပညာသင်ဆုနှင့် ပတ်သက်သော ပုံစံဖောင်များ ဖြည့်တိုင်း၊ တက္ကသိုလ်နှင့် ပတ်သက်သော ပုံစံဖောင်များ ဖြည့်တိုင်း၊ မည်သည့် အွန်လိုင်းတွင် လျှောက်လွှာဖြစ် စေ အိမ်လိပ်စာတောင်းသည်။ ထိုအခါ အိမ်လိပ်စာနှင့် အတူ စာပို့သင်္ကေတလည်း ဖြည့်ရသည်။

စာပို့သင်္ကေတတွင် ဂဏန်း နှစ်လုံး ပါဝင်ပြီး အင်္ဂလိပ်အက္ခရာ လေးလုံးနှင့် တွဲဆက်ထားသည်။ ခဏခဏ ဖြည့်ရ လွန်းသဖြင့် မူလက အသေမှတ်ထားသေး သည်။ ဘဏ်စာရင်းဖွင့်ရာတွင်လည်း ဖြည့်ရသည်။ ကားလက်မှတ်ဝယ်ရာတွင် လည်း ဖြည့်ရသည်။ အမေဇုန် အွန်လိုင်း ဈေးဝယ်အကောင့်တွင် ကျောင်းသား အထူးနှုန်းရရန် အကောင့်ဖွင့်ရာတွင် လည်း လိပ်စာဖြင့် ဖွင့်ရသည်။ စသည် ဖြင့် အမျိုးမျိုးပင်။

ရောက်ခါစလည်း ဖြစ်ရာအားလုံး အခြေခံမှ လုပ်ရသည်။ မကြာခဏသာ လိပ်စာ ဖြည့်ရသော်လည်း စာပို့ သင်္ကေတကို ခဏခဏ မေ့သည်။ နောက် ဆုံးတော့ လက်တစ်ကမ်းရှိ စာအုပ်ငယ် တစ်အုပ်တွင် မှတ်ထားလိုက်ရသည်။

ပညာသင်ဆု လျှောက်စဉ်၊ တက္ကသိုလ်ဝင်ခွင့်လျှောက်စဉ် မြန်မာ ပြည် လိပ်စာများ ဖြည့်စဉ်ကလည်း စာပို့ သင်္ကေတ တောင်းသည်။ သို့သော် ရန်ကုန်လိပ်စာ၏ စာပို့သင်္ကေတလည်း မသိ၊ ထားဝယ်လိပ်စာ၏ စာပို့သင်္ကေတ လည်း မသိသဖြင့် အမြဲတစ်စေ သုည များသာ ဖြည့်လိုက်ဖြစ်သည်။ စာတိုက် စနစ်ရှိသဖြင့် စာပို့သင်္ကေတရှိသော်လည်း သိပ်လည်း မသုံးလှ၊ သတိလည်း မထား မိနေရာ ထိုသို့လုပ်ရခြင်း ဖြစ်သည်။ တော်တော်များများသော အွန်လိုင်း ဖောင် များတွင် လိပ်စာနှင့် တကွ စာပို့သင်္ကေတ ကို မဖြစ်မနေ ဖြည့်ရသည်။ ကျော်သွား၍ မရ။ ထိုအခါ စာပို့သင်္ကေတ ငါးလုံးဖြည့် ရမည်ဆိုလျှင် သုည ငါးလုံးသာ ရေး လိုက်ရခြင်း ဖြစ်သည်။

ခေတ်မီသော နိုင်ငံများတွင် လိပ်စာ မှာ အရေးကြီးသည်။ စာပို့သင်္ကေတမှာ လည်း အရေးကြီးသည်။ အီလက်ထရွန်း နစ်၊ အွန်လိုင်းမှ လုပ်ဆောင်သော အရာ များ မည်မျှပင် ခေတ်စားနေစေကာမူ လိပ်စာဖြင့် အချို့အရာများကို ထိန်းထား သည်။ စာတိုက် စာပို့စနစ်လည်း ကောင်း သည်။ လိပ်စာမရှိသူသည် အိမ်ခြေရာမဲ့ လေလွင့်သူ ဖြစ်သည်။

ဥပမာ ဘဏ်စာရင်း (Bank Account) ဖွင့်လိုပါက လိပ်စာတစ်ခု သတ်သတ်မှတ်မှတ်လိုသည်။ ကျောင်း သားများ၏ လိပ်စာမှန်ကန်ကြောင်း တက္ကသိုလ်က ထောက်ခံပေးရသည်။ ကျောင်းအဆောင်တွင် နေပါက တက္ကသိုလ်က ထောက်ခံစာ တန်းရေးပေး ရုံ ဖြစ်သည်။

သို့သော် ကျောင်းအဆောင်မဟုတ် ဘဲ ပြင်ပနေသူများအတွက်မူ အိမ်ငှားစာ ချုပ်ပြရသည်။

ခက်တာက ကိုယ်တွေနေသည်က စာချုပ်စာတမ်း ရှိသည်မဟုတ်။ အသိ မိတ်ဆွေအိမ်တွင် နားလည်မှုဖြင့် နေခြင်း ဖြစ်သည်။ ထိုသို့ဖြင့် အွန်လိုင်းတွင် စာချုပ်ပုံစံတစ်ခုရှာပြီး အိမ်ရှင်ကို အကျိုး အကြောင်းပြောပြ အကူအညီတောင်းရ သည်။ သူကလည်း လိုလိုလားလား ကူပေးပါသည်။

နောက်ထပ် ဂဏန်းမှာ မကြာခဏ ဖြည့်ရသော တယ်လီဖုန်းနံပါတ်အသစ် ဖြစ်သည်။ နောက်ရှိသေးသည်။ ပညာ သင်ဆုရ ကျောင်းသားအမှတ်။ ဗြိတိန် အစိုးရ ပညာသင်ဆုရ ကျောင်းသားများကို သက်ဆိုင်ရာ နိုင်ငံ။ ကျောင်းသား အလိုက် ကုတ်နံပါတ်များ ထုတ်ပေးထား သည်။ ပညာသင်ဆုကို စီမံခန့်ခွဲသော ဌာနနှင့် ဆက်သွယ်လျှင် ထိုကုတ်နံပါတ် နှင့် ဆက်သွယ်ရသည်။

နောက်ထပ် အရေးကြီးသော နံပါတ်တစ်ခုမှာ ကျောင်းသား အီးမေးလ် ဖြစ်သည်။ တက္ကသိုလ်ကျောင်းသားတိုင်း တက္ကသိုလ်ကျောင်းက ပေးသော အီးမေးလ် တစ်ခုစီရှိကြသည်။ ဆိုးသည် က အီးမေးလ်ကို နာမည်ဖြင့် မပေးဘဲ အက္ခရာနှင့် နံပါတ်ပေါင်းကာ ပေးထား ခြင်းဖြစ်သည်။ ဥပမာ ဖစု၏ တက္ကသိုလ် အီးမေးလ်မှာgv18770@bristol.ac.uk ဖြစ်သည်။ ထိုသို့ရှေ့တွင် အက္ခရာ နှစ်လုံး၊ ထိုနောက် ဂဏန်းငါးလုံးဖြင့် ပေါင်းထားသော အီးမေးလ် ကျောင်းသား နှင့် တက္ကသိုလ်ဆရာ တိုင်းတွင် ရှိသည်။ ထိုအီးမေးလ်နှင့် တစ်တွဲတည်း မှတ်ရ သည်မှာ Password ဟု အလွယ်ခေါ်ကြ သော လျှို့ဝှက် သင်္ကေတ ဖြစ်သည်။

ထိုနောက် ကျောင်းသားမှတ်ပုံတင် အမှတ်နှင့် စာကြည့်တိုက်တွင် စာအုပ်ငှား ရာ၌ သုံးရသော ပင်အမှတ်(Pin Number) ကိုလည်း မှတ်ထားရသေး သည်။ ခေါင်းထဲတွင်တော့ မမှတ်နိုင်၊ စာအုပ်ဖြင့် မှတ်ထားရသည်။ ဘဏ်ကတ် နံပါတ်များ မှတ်ရခြင်း၊ ဘဏ်စာရင်း ကုတ်အသစ်များ မှတ်ရခြင်းကိုတော့ ထူးထွေ မပြောလိုတော့ပါ။ အသားမကျ သေးမီရက်များတွင်တော့ တော်တော် စိတ်မရှည်လှ။ လူကို နံပါတ်တွေနှင့် ထိန်းချုပ်ထားပါလားဟု စိတ်ဆိုး မာန် ဆိုး တွေးမိသည်။
မကုန်သေးပါ။

ကျောင်းစာသင်ခန်းနံပါတ်များကိုလည်း မှတ်ရသေးသည်။

ပထမသုံးလပတ်တွင် ဘာသာရပ် သုံးခု ယူရသည်။ ရွေး၍မရ။ အားလုံး မဖြစ်မနေသင်ရသော ဘာသာရပ် သုံးခု ဖြစ်သည်။ နိုင်ငံရေးအာဏာနှင့် မူဝါဒချ မှတ်ပုံ၊ ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ် မူဝါဒချမှတ်ပုံနှင့် သုတေသန ဘာသာရပ် တို့ ဖြစ်သည်။
တစ်ဘာသာကို တစ်ပတ်လျှင် စာ သင်ချိန်နှင့် ဆွေးနွေးချိန် နှစ်ချိန်စီရှိ သည်။

ယင်းအပြင် တက္ကသိုလ်ပညာရေး နှင့် ဝေးနေသူ၊ ဗြိတိန်ပညာရေးစနစ်နှင့် စိမ်းသူများအတွက် ရည်ရွယ်ပို့ချသော Study Skill ဟု ခေါ်သော စာသင်ချိန် လည်း တစ်ပတ်တစ်ချိန် ရှိသည်။ ထိုအချိန်တွင် အဓိကအားဖြင့် ဗြိတိန် တက္ကသိုလ် သင်ကြားရေး ပုံစံ၊ မှတ်စုမှတ် ရာထုတ်ပုံ၊ စာဖတ်နည်းလမ်းညွှန်၊ အက် ဆေးရေးနည်းလမ်းညွှန်၊ ဝေဖန်ပိုင်းဆစ် စဉ်းစားတွေးခေါ်ပုံ၊ ကျောင်းသားတိုင်း အတွက် တာဝန်ယူထားသော ကိုယ်ပိုင် နည်းပြ (Personal Tutor) နှင့် ၎င်း တို့ကို မည်သည့်အရာများ အကူအညီ တောင်းနိုင်သည်ကို ရှင်းပြသည်။ စိတ် ဓာတ်ကျ အထီးကျန်ခြင်း၊ ရည်းစားနှင့် ပြဿနာဖြစ်၍ တိုင်ပင်ခြင်းတို့မှ အစ ပညာရပ်ဆိုင်ရာ ကိစ္စများအထိPerson-al Tutor များနှင့် တိုင်ပင်နိုင်ကြောင်း ရှင်းပြသည်။

ထို့အပြင် ပညာရပ်ဆိုင်ရာ အင်္ဂလိပ် စာ အသုံးအနှုန်းကို ပို့ချလေ့ကျင့်ပေးသော အချိန်တစ်ချိန်လည်း ရှိသည်။ ယင်း အချိန်ကို ALL (Academic Langua-ge and Literacy) ဟု အတိုကောက်ခေါ် သည်။

ထိုကြောင့် ပထမသုံးလပတ်တွင် စာသင်ချိန်၊ ဆွေးနွေးချိန် စုစုပေါင်း ရှစ် ချိန်ရှိသည်။ တစ်ချိန်လျှင် အနည်းဆုံး တစ်နာရီမှ နှစ်နာရီ အထိကြာသည်။ ထိုစာသင်ချိန် ရှစ်ချိန်ကို တစ်နေရာတည်း တွင် သင်ရခြင်း မဟုတ်။ မတူကွဲပြားသော စာသင်ခန်း ခြောက်ခန်းသို့ ကူးချည်သန်း ချည် သွားနေရသည်။

ထိုသို့ဖြင့် စာသင်ဆောင် ခြောက် ဆောင်၏ အမည်နှင့် ထိုအဆောင်များရှိ စာသင်ခန်းနံပါတ်များကို မှတ်ရသော အလုပ်လည်း ပိုလာသည်။ အချို့သူတို့က ဒါများ အရေးလုပ်ထည့်ပြောနေသေး သည်ဆိုနိုင်သည်။ ရောက်စကတည်းက နံပါတ်များ၊ အက္ခရာသင်္ကေတများဖြင့် နပန်းလုံးနေရသူအတွက်တော့ အတော့ ကို စိတ်မရှည်ဖွယ်ရာ ဖြစ်သည်။

ပထမ တစ်ပတ်နှစ်ပတ်ကဆိုလျှင် အခန်းနံပါတ်များကို လုံး၀ မမှတ်မိ။ အခန်းနံပါတ်ကို အိမ်မှ ထွက်ကတည်းက လက်ဖဝါးပေါ် ဘောပင်ဖြင့် ရေးမှတ်သွား ရသည်။ မမှတ်သွားလျှင်လည်း ကွန်ပြူ တာအတွင်းရှိ အချိန်ဇယားတွင် ခဏခဏ ပြန်ကြည့်ရသည်။

မြန်မာနိုင်ငံတွင် နောက်ဆုံးနှစ် တက္ကသိုလ်အောင်ခဲ့သည့်နှစ်မှာ ၂၀၀၉ ခုနှစ်ဖြစ်သည်။ ထားဝယ်တွင် နည်းပညာ ကောလိပ် တက်ပြီးနောက် အတော်ကြာ ကြာ တက္ကသိုလ်စာမေးပွဲ မဖြေဖြစ်ခဲ့ပေ။ ယင်းနောက်တွင်မှ လွန်ခဲ့သော ကိုးနှစ်က မှ ဘွဲ့ရခဲ့ခြင်း ဖြစ်သည်။

ထိုကြောင့် တက္ကသိုလ်ပညာရေးနှင့် တော်တော်ဝေးခဲ့ပြီ။ ထိုကြောင့် အင်္ဂလန် တွင် တက္ကသိုလ်မဟာတန်းတက်ရသော အခါ ပျော်သလိုလို ရှိသော်လည်း အခြား တစ်ဖက်တွင် စိတ်ပူမိသည်များလည်း ရှိသည်။

ပညာရေးအဆင့် အဝီစိရောက်နေ သော နိုင်ငံမှလာပြီး ပညာသင်ရသဖြင့် ဗြိတိန် ပညာရေးစနစ်ကို လိုက်မမီမှာ စိုးသည်ကလည်း တစ်ကြောင်း၊ ကျောင်း စာ မဖတ်ဖြစ်၊ မလုပ်ဖြစ်သည်မှာ အတော်ကြာပြီကလည်း တစ်ကြောင်း၊ ပညာရပ်ဆိုင်ရာ စာပေများကို အင်္ဂလိပ် ဘာသာဖြင့် ဖတ်ရ၊ မှတ်ရ၊ နားလည် အောင် ကြိုးစားရမည်ဖြစ်သဖြင့် စိတ်ပူ သည်ကလည်း တစ်ကြောင်း ဖြစ်သည်။ ပုံမှန်အားဖြင့် အင်္ဂလိပ်စာ ဖတ်လေ့ရှိသော် လည်း အဖတ်များသော စာအမျိုးအစားမှာ သတင်းမီဒီယာများတွင် ဖော်ပြသော သတင်းများ၊ ဆောင်းပါးများ ဖြစ်သည်။ အကက်ဒမစ်စာ (Academic Langua-ge) သိပ်မဖတ်ဖြစ်လှ။ ပညာရပ်ဆိုင်ရာ စာမှာ ပိုခက်သည်။ အကိုးအကားများ၊ ပိုခက်သော စကားလုံးများ သုံးရာ ပိုခေါင်းတောက်ရသည်။
ထိုကြောင့် ဖတ်စရာ စာအုပ်စာ တမ်းစာရင်းရှည်ကြီးရသောအခါ ဘုရား တသွားရခြင်း ဖြစ်သည်။

Study Skill စာသင်ချိန်တွင် ထို ကိစ္စကို ကျောင်းသားများက မေးခွန်း ထုတ်ကြသည်။ သူတို့ မေးခွန်းထုတ်မှပင် ကိုယ်တစ်ယောက်တည်း ပြဿနာ ဖြစ် နေသည် ထင်သဖြင့် တိတ်တိတ်ကလေး အားငယ် ပူဆွေးနေသည့် အလုံးကြီးကျ သွားသည်။ အခြားကျောင်းသားကျောင်း သူများတွင်လည်း ထိုပြဿနာ ရှိပါ သလား။

“အားလုံး ဖတ်ရမယ်လို့ မဆိုလို ဘူး။ ခြုံမိအောင်ပဲ ဖတ်ပါ၊ အဓိကက နိဒါန်းနဲ့ အနှစ်ချုပ်ကို ဖတ်ဖို့။ စိတ်ဝင် စားရင်တော့အထဲက အပိုင်းတွေ အသေး စိတ်ဖတ်ပေါ့”ဟု ဆရာက အကြံပေး သည်။
ပညာရပ်ဆိုင်ရာ အင်္ဂလိပ်စာ ALL စာသင်ချိန်မှ ဆရာကလည်း ထို အတိုင်းပင် အကြံပေးသည်။ အလွန် မိုက်မဲသော ကျောင်းသားများသာ တစ် ပတ်လုံးလုံး ဖတ်စရာများနှင့်လုံးပန်းနေ သည်ဟု သူက ခပ်နောက်နောက် ပြော ဆိုသည်။
အဓိကမှာ ရွေးဖတ်တတ်ဖို့ ဖြစ် သည်။ ရွေးဖတ်တတ်ဖို့ကလည်း မည်သို့ ရွေးဖတ်ရမည်ဟု မပြော ကျောင်းသား များကိုယ်တိုင် ဝေဖန်ပိုင်းဆစ်ရွေးချယ် ရန်ဟုသာ ဆိုသည်။
တစ်ခါခါ ဘွဲ့လွန်မဟာကျောင်းသား တွေပဲ၊ သည်လောက်ထိ အသေးစိတ် လိုက်ပြောနေစရာ မလိုဟု ဆရာများက ခပ်ရွဲ့ရွဲ့ ဆိုတတ်သေးသည်။ ထိုသို့ဖြင့် ဖတ်စရာစာရင်းရှည် ကိစ္စ ခေါင်းအတော် အတန် အေးသွားသည်။ အေးလိုက်သည် မှ တစ်ခါခါ အတန်းထဲတွင် ဆွေးနွေးရ မည်ဖြစ်သဖြင့် မဖြစ်မနေ ကြိုဖတ်ရမည့် စာက လွဲ၍ ဖတ်ပင်မဖတ်တော့။ စိတ်ဝင် စားလျှင်ကိုယ်သိချင်နေသော အကြောင်း အရာ ဖြစ်လျှင်တော့ ကျောင်းသင် ဘာသာရပ်နှင့် ဆိုင်ဆိုင်၊ မဆိုင်ဆိုင် အသေဖတ်သည်။ ထိုသို့ ဖတ်ချင်ရာ ဖတ်သဖြင့် အက်ဆေးရေး ချိန်ရောက်တော့ အသည်းအသန်ဖြစ် လျှင်တော့ သေပြီ။

ဖတ်စရာတို့၊ စိတ်မရှည်ဖွယ်ရာ ကိန်းဂဏန်းသင်္ကေတတို့အပြင် ရောက် ကတည်းက သွားရည်တကျကျ ဖြစ်နေ သော ကိစ္စတစ်ခုကို မဖြစ်မနေ ညွှန်းသင့် သည်။ ယင်းမှာ စက်ဘီးတစ်စီး ပိုင်လို ခြင်း ဖြစ်သည်။ ဘရစ္စတိုမြို့ကို ရောက် ကတည်းက သတိထားမိသည့် ကိစ္စမှာ လူတော်တော်များများ စက်ဘီးစီးကြခြင်း ဖြစ်သည်။

ထားဝယ်တွင် ကောလိပ်တက်တုန်း ကလည်း တစ်ကြောင်း သုံးမိုင်ခရီးကို ပုံမှန် စက်ဘီးဖြင့်သွားခဲ့သည်။ ရန်ကုန် တွင်လည်း ရုံးသွားလျှင် ခပ်ရိုင်းရိုင်း ရန်ကုန် မော်တော်ကားတို့အကြား စက်ဘီး အတော်အသင့်စီးခဲ့သေးသည်။

ထိုအလေ့အကျင့်ကြောင့်ပင် ဘရစ္စတိုကျောင်းသွားရန် စက်ဘီးတစ်စီး ရှိလျှင် ဟန်ကျမည်တွေးမိသည်။ ဘရစ္စတိုမြို့မှာ တက္ကသိုလ်ပညာရေးတွင် နာမည်ရသကဲ့သို့ စက်ဘီးစီးသူများ အတွက် ဟန်ကျပန်ကျ စီမံထားသည့် ဥရောပတိုက် ထိပ်တန်းမြို့ (Europe’s most bike-friendly destinations) အဖြစ်လည်း နာမည်ကျော်သည်။

မြို့တွင်းတွင် စက်ဘီးအတွက် သီးသန့်လမ်းများရှိသည်။ တက္ကသိုလ် ဧရိယာတွင်လည်း စက်ဘီးထားရန် နေရာများကို အသေအချာ လုပ်ထား ပေးရာ စက်ဘီးပေါင်းစုံမြင်နေရသည်။ မြို့သူမြို့သားများ စီးနေသော စက်ဘီး၊ ကျောင်းသူ ကျောင်းသားများ စီးနေသော စက်ဘီးများကို ငေးရင်း စက်ဘီးတစ်စီး တော့ ရအောင်ဝယ်မည်ဟု စိတ်အတွင်း တေးထားလိုက်သည်။

ထိုသို့ဖြင့် မြို့တွင်း ဈေးဝယ် ဧရိယာတွင် တစ်ခမ်းတနား ဖွင့်ထားသော စက်ဘီးဆိုင်များကို ဝင်ကြည့်သည်။ စက်ဘီးတွေက အကောင်းစားတွေ ဖြစ်သည်။ အနည်းဆုံး ပေါင် ၂၀၀ မှ မဆင်း။ မြန်မာငွေဖြင့်ဆိုပါက ကျပ် လေးသိန်းခန့်ရှိသည်။ အများဆုံးဆိုလျှင် မှတ်မှတ်ရရ ပေါင် ၃၀၀၀ ကျော် အထိ တန်ဖိုးရှိသော စက်ဘီးများလည်း ရှိ သည်။

အားပါးပါး မြန်မာပြည်မယ်ဆို ဟိုက်ဂျက် မော်တော်ယာဉ် တစ်စီးစာ ဖြစ်နေပြီ။

ကိုယ်တွေက ပေါင် ၁၀၀ သာသာ (မြန်မာငွေ နှစ်သိန်းသာသာ) သာသုံး လိုသည်။

ထိုသို့ဖြင့် ကုသိုလ်ဖြစ် စက်ဘီး ရောင်းသော ဈေးချိုမည်ထင်သည့် အဟောင်းစက်ဘီးဆိုင်များတွင် သွားစုံ စမ်းသည်။

Bristol Bike Project ဟူသော စက်ဘီး အရောင်းနှင့် အပြင် ဆိုင်တစ်ခုမှာ ကုသိုလ်ဖြစ်လုပ်ငန်းတွင် ထင်ရှားသည်။ သူက စက်ဘီးအဟောင်း များကို အလှူခံကာ ပြန်ပြင်ပြီး ရောင်းချ သည်။ အချို့ကို အလုပ်လက်မဲ့၊ အိမ်ခြေ ရာမဲ့များကို ငှားပေးသည်။ ဘရစ္စတိုတွင် ရုန်းကန်နေသော ရွှေ့ပြောင်းဒုက္ခသည် များကို ကူပေး၊ ငှားပေးသည်။

ထိုသို့ဖြင့် ယင်းဆိုင်သို့ ရောက် သွားသည်။ သို့သော် မဟန်။ ကိုယ်လို ချင်သည့် ဈေးကိုပြောသည်။ သို့သော် ဈေးအနည်းဆုံးမှာ ပေါင် ၁၅၀ ဟု ဆို သည်။ ၁၅၀ တန်ကိုကြည့်တော့ သိပ်မ ကောင်း။ ဖရိန်က လေးသည်။ ဘီးတွေ ကလည်း ခပ်ကြီးကြီး။
ကိုယ်တွေက ဖရိန်ခပ်ပေါ့ပေါ့ ဘီး သေးသေးကို လိုချင်သည်။ သည်လိုဘီး မျိုးက အနည်းဆုံး ပေါင် ၃၀၀ လောက် က မဆင်း။

အတော်တော့ စိတ်ဓာတ်ကျသွား သည်။

သို့သော် စိတ်မလျှော့ပါ။ ကိုယ် တတ်နိုင်သည့် ဈေးဖြင့် ဝယ်နိုင်သည့် နေရာ ရှိကိုရှိရမည်ဟု စိတ်ထဲ သေချာ သည်။
သိပ်မကြာပါ။ ဆန္ဒများ ပြည့်မည့် အခြေအနေ ပေးလာသည်။ ။

စာရေးသူမှာ အင်္ဂလန်နိုင်ငံ ဘရစ္စ တိုမြို့ရှိ ဘရစ္စတိုတက္ကသိုလ်တွင် ပြည် သူ့ရေးရာ မူဝါဒမဟာဘွဲ့ (MSc Public Policy) အတန်း တက်ရောက် သင်ယူနေသော ထားဝယ်ဒေသခံ တစ် ဦးဖြစ်သည်။ နိုင်ငံတကာတွင် ကျင့်သုံး နေသော တက္ကသိုလ်ပညာရေးပုံစံကို တို့ထိ မြည်းစမ်းနိုင်ရန်လည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံ၏ နိုင်ငံရေး၊ ယဉ် ကျေးမှု ထုံးထမ်းဓလေ့များကို တစ်စိတ် တစ်ပိုင်း နားလည် သင်ခန်းစာယူနိုင်ရန် ယခု အခန်းဆက် ဒိုင်ယာရီကို (တစ်လ နှစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ် ကဲ့သို့) အလျဉ်းသင့်သလို ဖော်ပြသွား မည်ဖြစ်ပါသည်။