ပွဲကြိုက်ခင်များ အိမ်ပြန်ချိန်

0
1692

“ရွာထဲမှာ အငြိမ့်ပွဲ ရှိသလား
ဆိုင်းသံ တခြိမ့်ခြိမ့် ကြားရသည်
မိန်းကလေးများ ဖြီးလိမ်းနေပြီ
ယိမ်းအက ငြိမ့်ညောင်းလှသည်
ပွဲသိမ်းလျှင် အိမ်ပြန်ကြမည်”
ပထမတန်း မြန်မာဖတ်စာပါ ကဗျာ က ပွဲသိမ်းမှ အိမ်ပြန်တတ်သော ပွဲကြိုက် ခင်တို့ကို ညွှန်းဆိုထားပုံ ရပါသည်။

တနင်္သာရီတိုင်းတွင် ခေတ်စားသော ပဒေသာဇာတ်ပွဲများ ညဦး ဘုရားကန် တော့ခန်းမှအစ နောက်ဆုံး မိုးစင်စင်လင်း ချိန် မင်းသားက “ေ
အာင်ပါစေ” သီချင်း သီဆိုမှ ထပြန်သော ပွဲကြိုက်ခင်များ တစ်ချိန်က ပေါများလှပါသည်။
မိမိရွာတွင် ဇာတ်ပွဲရှိက ရွာခံပွဲ ကြိုက်ခင်တို့သည် အိမ်ရှိ ဖျာအဟောင်း၊ တာလပါစအဟောင်း၊ ဆန်အိတ်ပတ်ခွန်၊ ဂုန်နီအိတ် စသည့်တို့ဖြင့် ပွဲခင်းလယ်တွင် သူဦးငါအရင် အလုအယက်ခင်းကာ နေရာဦးထားတတ်ကြသည်။
“ပွဲကားမလာခင်ကတည်းက နေရာ လုကြတာ၊ ရန်လည်းဖြစ်ရတယ်” ဟု ကော့သောင်း ရွှေဟင်္သာရပ်ကွက်နေ ဒေါ်မီးကြီးက ပြောသည်။
ရန်ဖြစ်သည်ဆိုသည်က နေရာ ကောင်းကောင်းလုရင်း ရန်ဖြစ်ကြရခြင်း ဖြစ်သည်။

ထိုသို့ နေရာဦးထားပြီးပါက ညဦး ပွဲမစမီပင် ပွဲခင်းသို့သွားကာ ဈေးဆိုင် တန်းများ လှည့်ပတ်ကြည့်ရှုမည်။ လို သည့်ပစ္စည်းတွေ့က ဝယ်ကြမည်။
ပြောင်းဖူးပြုတ်၊ ကောက်ညှင်း ကျည်တောင့်၊ စသည့် ဗိုက်ဆာလျှင် စားနိုင်သည်များ၊ မရမ်းသီးဆားစိမ်၊ သရက်သီးတုတ်ထိုး၊ သစ်တိုသီးသုပ် စသည့် အိပ်ချင်ပြေ စားစရာများ ဝယ် ခြမ်းပြီးလျှင် မိမိယူထားသည့်နေရာသို့ ကြိုသွားထိုင်နေကြတော့သည်။
မိမိတို့ မိသားစုဝင်များ၊ ပွဲအတူ ကြည့်ရန် ပြောထားသူများ ရောက်လာ ပါက ထိုနေရာမှ လှမ်းအော်ခေါ်ကြ၊ ပွဲ ထွက်ချိန်ကို မျှော်ကြမည်။ ပွဲမထွက်ခင် ဆိုင်းနှင့် တေးဂီတသမားများ လက်စမ်း တီးခတ်သည်ကို ကြည့်ရှုနားဆင်ကြမည်။
ဇာတ်အပြင်အဆင်၊ မင်းသား မင်းသမီးတို့အကြောင်း ပြောကြမည်။
ပွဲထွက်လျှင် တမေ့တမော အားပေး ကြမည်။

မင်းသားက အစွမ်းပြလျှင် လက် ခုပ်တီးမည်။ လူရွှင်တော်တို့ ပြက်လုံး ထုတ်လျှင် တဟေးဟေး တဟားဟား ရယ်မောကြမည်။ လူကြမ်းတို့ ယုတ်မာ သည့်အခန်းရောက်လျှင် ဒေါသထွက် ကြမည်။ အလွမ်းခန်းရောက်လျှင် မျက်ရည်ဝဲကြမည်။
ကလေးတို့က စောစီးစွာ အိပ်ငိုက် လျှင် ၎င်းနေရာတွင်ပင် သိပ်မည်။ လူ ကြီးတွေ ငိုက်လာလျှင်လည်း ထိုနေရာ တွင်ပင် ခွေချမည်။
“အိပ်ငိုက်လာရင်လည်း ပွဲခင်းထဲမှာ ပဲ အိပ်လိုက်တယ်၊ ယောက်ျားတွေက မင်းသမီးကရင် ထကြည့်တယ်။ မိန်းမ တွေက မင်းသား က ရင်ထကြည့်တယ်”ဟု သရက်ချောင်းမြို့နယ် ညောင်ဇင်ရွာ သား ကိုမြင့်ဇော်က ပြောသည်။
နှင်းကျလျှင် အသင့်ပါလာသော စောင်၊ ပုဝါပိုင်းတို့ခြုံကြမည်။ ပရိသတ် နည်းနည်း ပါးသွားလျှင် ကောက်ညှင်း ကျည်တောက်ခွံများ ကောက်စုကာ မီးဖို မည်။
ရွာခံ ပွဲကြိုက်ခင်အများစု၏ ပစ် မှတ်က “ပွဲသိမ်းမှ အိမ်ပြန်ကြမည်”။
ပွဲကြိုက်ခင်တို့က မိမိရွာတွင်သာ အားပေးကြသည် မဟုတ်ပါ။

တစ်ရွာရွာတွင် ဇာတ်ပွဲရှိသည်ကြား လျှင် ရွာနီးစပ်ချုပ်မှ ကလေးမှအစ သက်ကြားအိုတို့အဆုံး ခြေလျင်တစ်မျိုး၊ လှည်း၊ ကားတို့ဖြင့်တစ်ဖုံ ပျော်တပြုံးပြုံး စုရုံးသွားကြည့်ကြသည့် ခေတ်တစ်ခု လွန်ခဲ့ပေပြီ။
ထိုခေတ်က စုပေါင်းသွားသူတို့ အချင်းချင်းကြား ညှိနှိုင်းသဘောတူညီ မှုပြုတတ်ကြသည်က “အိမ်ပြန်ချိန်” ။
၂ မိုင်မှ ၅ မိုင်ခန့် လမ်းလျှောက် ပြန်ရမည့်သူတို့ အများအားဖြင့် သဘော တူကြသည်က “ပြဇာတ်ပြီးလျှင် ပြန်ကြမည်”။
ခပ်ဝေးဝေးမှ ကားဖြင့်လာကြသူတို့ လည်း ကားဆရာက မှာတတ်သည်က “ပြဇာတ်ပြီးလျှင် ပြန်မည်။
ယခင်ဇာတ်ပွဲတို့ ပုံမှန် ပြဇာတ်ပြီး ချိန်က နံနက် ၂ နာရီဝန်းကျင် ဖြစ်သည်။

“အပျိုဘ၀တုန်းကတော့ ဘယ် လောက်ဝေးဝေး သွားကြည့်တာပဲ၊ ဆောင်းရာသီ ပွဲခင်းလူအများကြားမှာ စောင်တစ်ထည်ခြုံပြီး ပွဲကြည့်ရတဲ့ အရသာက ဘယ်လိုဇိမ်ကောင်းသလဲ ဆိုတာ ကြည့်ဖူးသူမှပဲ သိမယ်” ဟု မြိတ်မြို့၊ မြို့သစ်ရပ်နေ အသက် ၄၀ ရှိသူ မသန္တာက ပြောသည်။
ယခုနောက်ပိုင်းတွင်ကား ပွဲကြိုက် ခင်တို့ အိမ်ပြန်စောလာကြသည်။ မိုးလင်းပေါက် တစ်ချိန်လုံး ထိုင်ကြည့်သူ နည်းလာသည်။
ရွာခံအချို့သာ အိမ်ပြန်အိပ်လိုက်၊ ကိုယ်ကြည့်ချင်သည့်အပိုင်းရောက်လျှင် ပြန်လာကြည့်လိုက် လုပ်ကြမည်။
ဗွီဒိယို၊ စလောင်း၊ စမတ်ဖုန်း စည့် အခြားရွေးချယ်စရာ ဖျော်ဖြေရေး အစီ အစဉ်များ ပေါလာခြင်းနှင့်အတူ ဇာတ် သမားတို့ အရည်အသွေး ကျလာခြင်း၊ လူရွှင်တော်တို့ ညစ်ညမ်းသော ပြက်လုံး များ အထုတ်များလာခြင်းတို့ကလည်း ပွဲကြိုက်ခင်များ အိမ်ပြန်ချိန်စောလာ ခြင်း၏ အကြောင်းအရင်းများဟု ဆိုကြ သည်။
“ညစ်ပတ်တဲ့ အသုံးအနှုန်းများတဲ့ဇာတ်ပွဲတွေဆိုရင် အဆင့်အတန်းရှိတဲ့ ပရိသတ်က သွားကြည့်ရမှာ ဝန်လေးသွား တဲ့ အပိုင်းတွေလည်း ပါမယ်လို့ထင်ပါ တယ်”ဟု မသန္တာက မှတ်ချက်ပေးသည်။

သို့သော် ပွဲလမ်းသဘင်နည်းသည့် ရွာများ၊ လျှပ်စစ်မီး အချိန်ပြည့် မရသေး သည့် နယ်များတွင်မူ ပွဲကြိုက်ခင်တို့ ရှိမြဲရှိဆဲ ဖြစ်သည်။
“တောရွာနဲ့ ပင်လယ်ရွာဘက်တွေ မှာက အရင်တုန်းကလိုပဲ ပွဲရှိရင် အစော ကြီး ဖျာတွေလာခင်းထားပြီး အရင်တုန်း ကလိုပဲ ကြည့်ကြတယ်”ဟု ရွှေမင်း ဇာတ် သဘင်ပိုင်ရှင် ဦးတင်မောင်ဆွေက ပြောသည်။
သို့သော် ပွဲကြိုက်ခင်အများစုက စတိတ်ရှိုးကဏ္ဍပြီးလျှင် အများစုက ထပြန် သွားကြလေသည်။ ပွဲအရမ်း ကြိုက်သော ရွာခံအချို့နှင့် ပွဲခင်း တာဝန်ရှိသူများ၊ စားသောက်ဆိုင်တွင် ဘီယာ၊ အရက် ထိုင်သောက်နေသူအချို့ သာ ပွဲခင်းထဲ ဝင်လိုက်ထွက်လိုက်။
ရွှေမင်း ဇာတ်သဘင်၏ မင်းသမီး တစ်လက်ဖြစ်သော နှင်းမင်းသမီးကမူ ခေတ်အလိုက် ခေတ်အကြိုက်ကိုလိုက် ပြီး အမျိုးမျိုး ပြောင်းလဲတင်ဆက်ပေးနေ သဖြင့် ပွဲကြည့်ပရိသတ်က အားပေးကြ ဆဲဖြစ်ပြီး ပင်လယ်ရွာများက ဆုငွေများ များစွာ ချီးမြင့်နေကြဆဲဟု ပြောသည်။
“ပင်လယ်ကမ်းခြေဒေသက ငါး ဆရာ၊ ပဲ့နင်း၊ ရေရှူးပေါ့။ လှေလုပ်သား တွေက ဆုချတဲ့အခါ အများကြီး ဆုချ ကြတယ်၊ ပင်လယ်ကမ်းခြေမဟုတ်တဲ့ အခြားရွာတွေကတော့ ပုံမှန်ပါပဲ။ မြို့ပေါ်ကတော့ ၂၀၀ တန်တွေကအစ ဆုချပြီး အထင်သေးပြီး လက်လေး ကိုင်ရပြီးရော လုပ်ကြတယ်” ဟု နှင်းမင်းသမီးက ပြောသည်။

ယခင်က ဇာတ်ပွဲများက ဘုရားကန် တော့ခန်း၊ အကပဒေသာ၊ စတိတ်ရှိုး၊ အော်ပရာ၊ ဟာသ၊ ပြဇာတ်၊ တစ်ပင်တိုင် အငြိမ့်၊ နှစ်ပါးသွား၊ နောက်ပိုင်း ဇာတ်တော်ကြီးတို့ကို အစဉ်အတိုင်း ကပြ အသုံးတော်ခံခဲ့သည်။
ခုတော့ ထိုသို့မဟုတ်တာ့ပေ။
စတိတ်ရှိုးပြီးလျှင် ဟာသ တန်းရောက်သွားသည်လည်း ရှိသည်။ ပြဇာတ်ကရင်း မိုးလင်းသွားသည်လည်း ရှိသည်။ ပဒေသာ အစဉ်လိုက် မက ကြတော့။
တချို့က ယခင် ပွဲအရသာကို လွမ်း နေကြပါသည်။
“ခုလိုရာသီမျိုးရောက်ရင် ဟိုးတုန်း ကလို ဇာတ်ပွဲလေးကတာ ပြန်ကြည့်ချင် သေးတယ်။ ဒါပေမဲ့ခုက ဇာတ်ပွဲတွေက အရင်လို မကကြတော့ဘူး၊ ကတဲ့ပွဲ တွေကလည်း အရင်လို ကြည့်မကောင်း တော့ဘူး” ဟု မြိတ်မြို့မှ ပွဲကြိုက်ခင် မသန္တာက ပြောပါသည်။