ထားဝယ်စာ ဘယ်လို ရေးရမလဲ

0
3133

ပြီးခဲ့တဲ့ သုံးနှစ်ကျော် ၂၀၁၅ ခုနှစ် ဇွန်လက ထားဝယ်တိုင်းရင်းသားတွေ အားလုံးအတွက် ပျော်စရာ သတင်းတစ် ပုဒ် ဖတ်ခဲ့ရတာကို မှတ်မိကြဦးမယ် ထင်ပါတယ်။
သတင်းခေါင်းစဉ်က”ထားဝယ် စကားကို ကျောင်းချိန်အတွင်း သင်ကြား နိုင်တော့မည်”။ အခြားသူတွေက မေး တိုင်း “ကျွန်တော်၊ ကျွန်မတို့မှာ စာမရှိ ဘူး”(သို့မဟုတ်) “ကျွန်တော် ကျွန်မတို့ မှာ စာပျောက်နေတယ်”လို့ အားငယ်စိတ် နဲ့ အဆင်ပြေသလို ဖြေနေရတဲ့ ထားဝယ် တိုင်းရင်းသားတွေအတွက်တော့ အဲဒီ သတင်းဟာ တကယ့်ကို အားတက်စရာ ဖြစ်ခဲ့ပါတယ်။ မျှော်လင့်ချက်တွေ အရောင် ပြန်လက်လာတယ်လို့ ဆိုရမှာ ပေါ။
အခုတော့ အဲဒီသတင်းထဲမှာပါတဲ့ “ထားဝယ်စကား သင်ကြားရေးနဲ့ ဖတ် စာတွေကိစ္စ” ဘယ်အခြေဆိုက်နေတယ် မသိပါဘူး။
။ ။ ။ ။

ပြီးခဲ့တဲ့အပတ်က ထားဝယ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကာလမှာ ပွက် လောရိုက်သွားတာက ဘုရားလှည်းတွေ မှာ ထားဝယ်လို မရေးရဆိုတဲ့ ကိစ္စပါ။ တကယ်တော့ တချို့ရပ်ကွက်တွေက ဘုရားလှည်းတွေမှာ ရပ်ကွက်အမည်ကို ထားဝယ်လို ရေးလာတာ ဆယ်စုနှစ်တစ်ခု လောက် ရှိနေပြီ။
ဒေသတစ်ခုလုံး ပွက်လောရိုက်ပြီး နောက်မှာတော့ တိုင်းအစိုးရအဖွဲ့ရုံး ညွှန် ကြားရေးမှူးက ဒေသအခြေအနေကို သေချာ မလေ့လာမိဘဲ စာထုတ်မိတာပါ ဆိုပြီး သတင်းစာရှင်းလင်းပွဲလုပ်ပြီး ဒေသလူထုကို တောင်းပန်ခဲ့တယ်။

ထားဝယ်လို မရေးရဆိုတဲ့ ကိစ္စ ကြောင့် ပွက်လောရိုက်နေချိန်မှာ အများစု က ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ်မှာ ပြော ကြ၊ ဆိုကြ၊ ဆွေးနွေးကြ၊ ပေါက်ကွဲကြတာ ကို ထားဝယ်လိုနဲ့ ရေးကြတာ တွေ့ရပါ တယ်။ ရေးထုံးအမျိုးမျိုး၊ အသံထွက် အမျိုးမျိုးနဲ့ ဘာမှအတည်တကျ တိတိ ကျကျ သတ်သတ်မှတ်မှတ် ဖြစ်နေတာ မတွေ့ရပါဘူး။
ထားဝယ်စကား အရေးအသားတွေ နဲ့ အနည်းငယ် နီးစပ်သူတွေက အနည်း ငယ် သပ်သပ်ရပ်ရပ် ရေးနိုင်တာ တွေ့ရ ပါတယ်။ အများစုကတော့ ထားဝယ် စကားအသံထွက်နဲ့ တူအောင်ပဲ ကြိုး စားပြီး အဆင်ပြေသလို ရေးကြတာ တွေ့ရပါတယ်။
တနည်းပြောရရင် ထားဝယ် စာ၊ စကား ဖွံ့ဖြိုးမှုက တရိပ်ရိပ် မြင့်တက်လာ နေတဲ့ ထားဝယ်ဒေသရဲ့ နိုင်ငံရေး လူမျိုး ရေး ရေချိန်နဲ့အညီ ဖြစ်မနေတာ တွေ့ရ ပါတယ်။
ဒီအချိန်မှာ ကျယ်ကျယ်လောင် လောင် မေးခွန်းထုတ်လာကြပြန်တာက ထားဝယ်စကားကို ဘယ်လို ရေးကြမလဲ၊ အဲဒါအတွက် တစ်ခုခု လုပ်သင့်ပြီဆိုတာ ဖြစ်ပါတယ်။

။ ။ ။ ။

လေ့လာမိသလောက် ထားဝယ် ဒေသရဲ့ နိုင်ငံရေးနဲ့ လူမျိုးရေး ရေချိန် ဟာ ၂၀၁၀ခုနှစ် နောက်ပိုင်းကနေ တရိပ် ရိပ်တက်လာတာက အားတက်စရာပါ။
ဒေသခံ လူထုရဲ့ အခွင့်အရေးအတွက် အားသွန်ခွန်စိုက် လှုပ်ရှား ဆောင်ရွက် ကြတဲ့ လူမှုရေးအဖွဲ့အစည်းတွေ ပေါ် လာတယ်။ အားလည်း အားကောင်း တယ်။
သန်းခေါင်စာရင်းကောက်တဲ့ ကာ လမှာ ထားဝယ်လူမျိုးရေး လှုပ်ရှားမှုပေါ် လာတယ်။ သန်းခေါင်စာရင်းကောက်တဲ့ အခါ လူမျိုးနေရာမှာ ထားဝယ်လို့ ထည့် ဖို့ကိစ္စ လှုပ်ရှားမှုတွေ လုပ်ကြတယ်။

ဒေသအရေး အဓိက အာရုံစိုက်မယ် ဆိုတဲ့ ထားဝယ်တိုင်းရင်းသားများ ပါတီ လို နိုင်ငံရေး ပါတီလည်း ပေါ်လာတယ်။
တစ်ပြိုင်နက်တည်းမှာပဲ ထားဝယ် လူငယ်တွေဟာ ဖေ့စ်ဘုတ်လို့ လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ပြောချင်တာတွေကို ထားဝယ်စကားနဲ့ တတ်သလောက် မှတ် သလောက် ရေးလာကြာတာဟာ တစ်နှစ် ထက် တစ်နှစ် ပိုပိုများလာတယ်။ အား ကောင်းလာတယ်။
သတိထားမိတာက သူတို့ ရေးတာ က ပေါ်ပင် ဖြစ်ချင်လို့ ရေးတာမျိုးမဟုတ်၊ အပျော်သဘော ပေါ့ပျက်ပျက် ရေးတာမျိုး မဟုတ်ဘဲ ထားဝယ်စာ၊ ထားဝယ်စကားနဲ့ ပတ်သက်ပြီး လေးနက်မှုက အတိုင်း အတာတစ်ခုထိ ရင်ထဲမှာ ကိန်းနေတာကို သတိထားမိပါတယ်။
အဲလို ရေးနေကြသူတွေ ဖြစ်ချင်ကြ တဲ့ တူညီတဲ့ ဆန္ဒတစ်ခု ရှိပါတယ်။

အဲဒါကတော့ ထားဝယ်စကားနဲ့ ပတ်သက်ပြီး သေသေချာချာ သတ်သတ် မှတ်မှတ်ရှိတဲ့ ရေးထုံးတစ်ခု ရှိစေချင်တာ ပါ။
ဆန္ဒကတော့ ရှိနေပါပြီ။ ဘယ်လို လုပ်ကြမလဲ။
ဒါက ဘာသာ ဗေဒကိစ္စဖြစ်တဲ့ အတွက် လူထုအနေနဲ့ကတော့ လိုအပ် တာတွေကို ဝိုင်းကူကြ ပံ့ပိုးကြတာမျိုးပဲ လုပ်နိုင်ပါမယ်။ အဓိက ဘာသာစကားနဲ့ ပတ်သက်ပြီး တတ်သိသူတွေ၊ ထားဝယ် စာ၊ ထားဝယ်စကားနဲ့ ပတ်သက်ပြီး သိ မြင်နှံ့စပ်သူတွေ စုပေါင်းပြီး ရေရှည်စီမံ ချက်နဲ့ လုပ်ရမယ့် ကိစ္စပါ။
တစ်ခုရှိတာက ဟိုလူ့ မျက်နှာနာ ဒီလူ့ အားနာနဲ့ ရွာတစ်ရွာစာလောက် ရှိတဲ့ ကောက်ရိုးမီး ကော်မတီလိုမျိုးနဲ့တော့ အလုပ်လုပ်လို့ မဖြစ်ဘူးဆိုတာ သတိချပ် စေချင်ပါတယ်။

တကယ်လုပ်နိုင်သူတွေ၊ တကယ် လုပ်မယ့်သူတွေနဲ့ ကျစ်ကျစ်လစ်လစ် စိုက်လိုက်မတ်တပ် အားကောင်း မောင်း သန်နဲ့ အမြော်အမြင်ရှိရှိနဲ့ လုပ်မယ့် လူ တစ်စုပဲ လိုပါတယ်။
ကျန်တဲ့သူတွေကတော့ လိုတာ ဝိုင်းကူကြပေါ့လေ။
တိကျတဲ့ ရေးထုံးလိုဟာမျိုးရှိလာပြီ ဆိုရင်တော့ ကျန်တာတွေက သိပ်မခက် တော့ပါဘူး။
ကွန်ပျူတာနဲ့ အင်တာနက်ပေါ်မှာ သုံးနိုင်ဖို့အတွက် သက်ဆိုင်ရာ နည်း ပညာ ကျွမ်းကျင်တဲ့ လူငယ် လူကြီးအသီး သီးက အားထုတ်ပါလိမ့်မယ်။
အဓိကတော့ အစိုးရပါပဲ။ အစိုးရက မီးရထား ခေါင်းလိုပါပဲ။ သူက ဦးဆောင် မောင်းနှင်မှ အဆင်ပြေပါမယ်။ အစိုးရရဲ့ အမြော်အမြင်ရှိမှုက အတော့်ကို အရေး ကြီးပါတယ်။

ဒါပေမယ့် ခက်တာက ၂၀၁၆ ခုနှစ် ဇွန်လလောက်က ဖော်ပြခဲ့တဲ့ “ထားဝယ် စကား ကျောင်းတွင် သင်ကြားရေး နေပြည်တော်တွင် သောင်တင်”ဆိုတဲ့ သတင်းထဲကအတိုင်း အခုအထိ အပြောင်း အလဲမဖြစ်ဘဲ သောင်တင်ဆဲ ဖြစ်နေ တာပါ။
တကယ်ရော တွန်းတွန်းတိုက်တိုက် လုပ်နေရဲ့လားဆိုတာ မေးခွန်းထုတ်စရာ ရှိလာပါတယ်။

တိုင်းရင်းသား စာပေ သင်ကြားရေး ကိစ္စကို တကယ်ကို အင်တိုက်အားတိုက်နဲ့ သေချာ လုပ်နေတဲ့ မွန်၊ ကရင် ၊ ပအိုဝ်း စတဲ့ တိုင်းရင်းသားတွေတောင်မှာ သင်ရိုး စာအုပ်မလောက်ငတာအစ၊ ဆရာဆရာမ လစာအဆုံး ရင်ဆိုင်ရတဲ့ ပြဿနာတွေ အများကြီးမဟုတ်လား။ လစာ လောက်င အောင် မပေးနိုင်တာ၊ သင်ကြားမယ့် ဆရာ၊ ဆရာမ အလုံအလောက် မရှိတာ၊ သင်တဲ့ ဆရာဆရာမတွေက သေချာ မသင်တတ်တာ၊ ကျောင်းချိန်အတွင်းမှာ ဦးစားပေး သင်ကြားတာမျိုး မဟုတ်ဘဲ အဖြည့်ပဲ သင်ကြားတာ၊ သင်ရိုးညွှန်းတမ်း စာအုပ် မလောက်ငတာ စသဖြင့် အများ ကြီးမှ အများကြီး။ ဒါပေမယ့် သူတို့မှာက တော့ သောင်တင်နေတာမျိုး မဟုတ်တော့”မည်သို့ပင် ဆိုစေကာမူ”ဆိုပြီး နားလည် ပေးလို့ရတဲ့ အခြေအနေမျိုးပါ။

နေပြည်တော်မှာ သောင်တင်နေတဲ့ ထားဝယ်စကား သင်ကြားရေးအတွက် ပြုစုရေးသားထားတဲ့ ပြဋ္ဌာန်းစာအုပ်များ ကိစ္စ အစိုးရ အပါအဝင် စိတ်ပါဝင်စားတဲ့ အစုအဖွဲ့တွေအနေနဲ့ တွန်းတွန်း တိုက်တိုက် လုပ်စေချင်ပါတယ်။
ထားဝယ်သူ ထားဝယ်သားတွေက ထားဝယ်စာ၊ ထားဝယ်စကား ဘယ်လို ရေးရမလဲ သိချင်နေကြပါပြီ။