ကွမ်းသီးဈေးအကျ ချေးငွေပြန်ဆပ်ရန် တောင်သူများ အခက်ကြုံ

0
707

ယခုနှစ်ကွမ်းသီးထွက်ချိန်၌ ဈေး ကျသည့်အတွက် ကွမ်းသီးအဝယ်ဒိုင်များ တွင် ယူထားသည့် ချေးငွေများ ပြန်ဆပ် ရန် အခက်ကြုံနေကြောင်း ဘုတ်ပြင်း မြို့နယ်ရှိ ကွမ်းစိုက်တောင်သူများက ပြောသည်။
ပြီးခဲ့သည့်နှစ်က ကွမ်းသီးအသစ် ထွက်ချိန်တွင် တစ်ပိဿာလျှင် လေး ထောင်ကျော် ငါးထောင်နီးပါးဈေးရှိခဲ့သော်လည်း ယခုနှစ် ကွမ်းသီးပေါ်ချိန် တွင် ၃ ထောင်ကျော်သာရှိသဖြင့် အခက် အခဲကြုံနေရကြောင်း ဘုတ်ပြင်းမြို့နယ် အတွင်းရှိ ကွမ်းစိုက်တောင်သူများက ပြောသည်။
ကွမ်းစိုက်တောင်သူများသည် မိုး ရာသီစားသောက်ရန်အတွက် ကွမ်းသီး အဝယ်ဒိုင်ကြီးများမှ အတိုး တစ်လသုံး ကျပ်နှုန်းဖြင့် ငွေချေးထားကြပြီး ကွမ်း သီးပေါ်ချိန်တွင် ကွမ်းသီးကို ကာလ ပေါက်ဈေးဖြင့် ဈေးဖြတ်ကာ ပြန်ဆပ် လေ့ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။

“ဒီနှစ်ဆိုရင် တစ်မိုးစာ ယူစားထား တဲ့ အကြွေးတွေ ပြန်မဆပ်နိုင်ကြတော့ ဘူး”ဟု ထင်းမယ်ကျေးရွာမှ ကွမ်းစိုက် တောင်သူ ဦးလွင်လွင်ဦးက ပြောသည်။
ကွမ်းစိုက်တောင်သူများမှာ တစ်မိုး စာအတွက် ကျပ် ၁၀ သိန်းမှ သိန်း ၅၀ အထိ ချေးယူလေ့ရှိကြောင်း ၎င်းတို့ထံမှ သိရသည်။
ကွမ်းသီး အထွက်များသည့်နှစ် (သို့) ဈေးကောင်းရသည့် နှစ်များတွင် သာ မိုးစာအတွက် ယူထားသည့် အကြွေး များ ကျေလေ့ရှိပြီး အများအားဖြင့် နှစ်စဉ်ပုံမှန် ဒိုင်ကြွေးများဖြင့် သံသရာ လည်နေကြောင်း ထင်းမယ်ရွာမှ ကွမ်း စိုက်တောင်သူ ဒေါ်တင်ကြည်က ပြော သည်။
“တောရှင်းခ ကွမ်းသီးကောက်ခ ပေးရတာနဲ့ကို တစ်နှစ် မဆပ်နိုင် နောက် တစ်နှစ်ဆပ် အကြွေးဟောင်းပေါ် အကြွေးသစ်ထပ်ပြီး ဒါနဲ့ပဲ သံသရာ လည်နေတယ်”ဟု ဒေါ်တင်ကြည်က ဆို သည်။

ယခုနှစ် ကွမ်းသီးဈေးကျသွားခြင်း မှာ အိန္ဒိယနိုင်ငံနယ်စပ် တမူးဘက်မှ အဝယ်ရပ်သွားခြင်းကြောင့် ဖြစ်ကြောင်း မြိတ်မြို့၊ နောက်လယ်ရပ်ကွက်ရှိ ကွမ်း သီးအဝယ်ဒိုင်ပိုင်ရှင် ဦးသိန်းရွှေက ပြော သည်။