မုဒုံတွင် သဲစုပ်သင်္ဘောကြောင့် ဒေသခံရေလုပ်သားများ အခက်တွေ့

0
573

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကတုံး ပေါ်ကျေးရွာအုပ်စု သံလွင်မြစ်ရေပြင်တစ် လျှောက်တွင် သဲစုပ်နေသည့် သင်္ဘော များကြောင့် အခက်အခဲကြုံတွေ့နေရ သည်ဟု ဒေသခံရေလုပ်သားများက ပြောသည်။ သဲစုပ်သင်္ဘောများသည် ဒေသခံ ရေလုပ်သားများ၏ ငါးဖမ်းလုပ်ကွက် များအတွင်း ကျရောက်လျက်ရှိသော သံလွင်မြစ်ရေပြင် ဧရိယာတစ်လျှောက် လွန်ခဲ့သည့် တစ်လခန့်မှစတင်၍ နေ့ ရော ညပါ သဲစုပ်ယူနေသည့်အတွက် ငါးမရဘဲ ဖြစ်နေကြောင်း ၄င်းတို့က ဆိုသည်။

“သဲစုပ်နေတာက သင်္ဘော ၂ စီး၊ သဲတွေသယ်တဲ့ လှေက ၅ စီးရှိတယ်၊ သူတို့စုပ်နေတဲ့နေရာက ကျွန်တော်တို့ရဲ့ ကျားဓမင်းအရှေ့မှာပဲ ကျွန်တော်တို့ ကျားဓမင်းမှာ ငါးမရဘူး။ အမှိုက်သရိုက် တွေပဲ ရတယ်” ဟု ဒေသခံ ရေလုပ်သား တစ်ဦးဖြစ်သည့် ဦးအေးလွင်က ပြော သည်။ လက်ရှိငါးရရှိမှုမှာ သဲစုပ်သင်္ဘော များ ရောက်မလာစဉ်အချိန်က ရရှိသည့် ငါးပမာဏ၏ လေးပုံတစ်ပုံခန့်သာ ရတော့ကြောင်း ရေလုပ်သားများက ပြောသည်။ သဲစုပ်သင်္ဘောများကြောင့် ငါးဖမ်း မရသည့်အပြင် သဲစုပ်သင်္ဘော၊ သဲသယ် လှေတို့နှင့် ငါးဖမ်းပိုက်များချိတ်မိခြင်း ငါးဖမ်းလုပ်သားတို့၏ လှေတို့နှင့် တိုက် မိခြင်းများလည်း ဖြစ်ပေါ်နေသည်ဟု ၄င်းတို့က ပြောသည်။

“ငါးဖမ်းရနည်းလာတယ်၊ လွန်ခဲ့ တဲ့ ၃ နှစ်တုန်းကလည်း သဲလာတူးနေတဲ့ အတွက် ငါးဖမ်းမရတာနဲ့ ကြုံခဲ့ဖူးတယ်၊ အခုလည်း သဲတူးနေတဲ့အတွက် ငါးမရ ဘူး၊ ဒီကိစ္စကို မြို့နယ်အုပ်ချုပ်ရေးမှူးကို သွားတင်ပြတော့ နိုင်ငံတော်ရဲ့ခွင့်ပြုချက် နဲ့ လုပ်နေတာလို့တော့ ပြောတယ်” ဟု ရေလုပ်ငန်းကို အနှစ် ၄၀ ခန့် လုပ်ကိုင် လာခဲ့သည့် ကျားဓမင်းပိုင်ရှင် ဦးအုန်း တင်က ပြောသည်။ ဒေသခံများအနေဖြင့် ၄င်းတို့ကြုံ တွေ့နေရသည့် အခက်အခဲများကို ဖြေ ရှင်းပေးရန် ပြည်နယ်အစိုးရထံ တင်ပြ ထားကြောင်း ၄င်းတို့ထံမှ သိရသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုး မွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးကမူ နှစ်ဦးနှစ်ဖက် ညှိနှိုင်းဖြေရှင်းပေးသွားမည်ဟု ပြော သည်။

“ဒီကိစ္စက နှစ်ဦးနှစ်ဖက်ကို ခေါ် ယူပြီးပြီ၊ ရေပြင်အခြေအနေလည်း ကွင်း ဆင်းစစ်ဆေးပြီးပြီ၊ တွေ့ရှိချက်အပေါ် မူတည်ပြီး အစိုးရက ညှိနှိုင်းပေးဖို့ လုပ်ရ မယ်၊ ညှိနှိုင်းပေးမယ့်ကိစ္စက ပထမ အချက်ပေါ့၊ အဆင်မပြေမှ ဘာလုပ်ပေး ရမလဲဆိုတာ စဉ်းစားရမှာပေါ့” ဟု ၄င်း က ပြောသည်။ သဲစုပ်နေသည့်ရေပြင်ဧရိယာသည် ငါးဖမ်းလုပ်သားများအား လေလံပေး ထားသည့် ငါးဖမ်းလုပ်ကွက်များ ဖြစ် သကဲ့သို့ သဲစုပ်သင်္ဘောများကိုလည်း သံလွင်မြစ်ကြောင်းတစ်လျှောက်သောင် ထွန်းနေသည့် နေရာများကို သဲစုပ်ယူရန် ပြည်နယ်အစိုးရက ခွင့်ပြုချက်ပေးထား သည့်အနေအထားကြောင့် နှစ်ဦးနှစ်ဖက် ညှိနှိုင်းရန်လိုအပ်သည်ဟု ဦးထွန်းဌေးက ပြောသည်။ မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာအုပ် စု ငါးဖမ်းလုပ်သားများ၏ ငါးဖမ်းလုပ် ကွက်အတွင်း ကျရောက်လျက်ရှိသော သံလွင်မြစ်ရေပြင်ဧရိယာ ၃၉၀ဝ ဧကခန့် တွင် မုဒုံမြို့နယ်ရှိ ကတုံးပေါ်ကျေးရွာ၊ ကင်းချောင်းကျေးရွာ၊ ဝဲကလိကျေးရွာ၊ ချောင်းဆုံမြို့နယ်မှ မရမ်းကျေးရွာ၊ နတ်မှော်ကျေးရွာနှင့် ကျိုက်ထိုမြို့နယ် စစ်တောင်းကျေးရွာတို့မှ ရေလုပ်သား စုစုပေါင်း ၁၀ဝ ကျော်တို့က ငါးဖမ်းလုပ် ငန်းများ လုပ်ကိုင်လျက် ရှိသည်။