တိုင်းအစိုးရအဖွဲ့အတွက် မေးခွန်းများ

0
465

ထားဝယ် နှစ်ကျိပ်ရှစ်ဆူ ဘုရား လှည့်လည်ပူဇော်ခံတဲ့အခါ ဘုရားလှည်း တွေမှာ ရပ်ကွက်၊ ကျေးရွာနာမည်တွေကို ထားဝယ်လို မရေးရဘူးတဲ့။ တိုင်းအစိုးရအဖွဲ့ရဲ့ ညွန်ကြားချက် အရ မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေဆီ စာထုတ်ထားတယ် တဲ့။ အဲဒါကြီးကြားတော့ ကိုယ့်မှာ တိုင်း အစိုးရဆိုတာ ဘယ်တိုင်းအစိုးရလဲ၊ ဘယ် လို တိုင်းအစိုးရလဲဆိုပြီး တွေးရတဲ့အထိ။ ဘာကြောင့်များ အဲဒီ စိတ်ကူးအကြံရသလဲ မပြောတတ်အောင်ပါပဲ။ ဘယ်နတ်ဆိုး တွေက လှည့်စားလို့များ အခုလို အမှောက် အမှောက် အမှားမှား ဖြစ်နေတာပါလိမ့်။

ရပ်ကွက် ဘုရားလှည်းတချို့မှာ ရက်ကွက်နာမည်ကို ထားဝယ်လို ရေးလာ တာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းကတဲ့။ မြတ်စွာဘုရား . . . ဒါဆို စစ်အစိုးရ လက်ထက်ကတည်းကပေါ့။ အဲဒီတုန်းက စစ်အစိုးရက တားခဲ့တာမျိုး မရှိဘူးတဲ့။ ဒါဆို အခုက ကျုပ်တို့ ဘယ်ခေတ် ရောက်နေတာတုန်း။ အများပြောကြတာတော့ ဒီမိုကရေစီ ခေတ်တဲ့။ အစိုးရကို ကြည့်ပြန်တော့ ဒီမိုကရေ စီအစိုးရ၊ ပြည်သူ့နှင့်အတူလို့ ပြောတဲ့ အစိုးရ။ ပြည်သူက ရွေးကောက်တင်မြှောက် ထားတဲ့ အစိုးရ။ ဒါဆို ဘာတွေက ဘယ်လို ဖြစ်နေ တာတုန်း။ အဲလို အစိုးရလက်ထက်မှာ ဘာတွေ စိုးရိမ်လို့ ဘာတွေကြောက်လို့ ဘာတွေ ဖြစ်နိုင်ချေရှိလို့ ဒီလိုမျိုး ဘုရားလှည်းမှာ ထားဝယ်လို မရေးဖို့ တားမြစ်တာလဲဆို တာ တော်တော်ကို သိချင်နေပါတယ်။

ထားဝယ်သူ ထားဝယ်သားတွေ လည်း သိချင်ကြမယ်ထင်ပါတယ်။ ဒါကြောင့် ထားဝယ်သူထားဝယ် သားများကိုယ်စား တိုင်းအစိုးရကို မေးခွန်းတွေ မေးချင်ပါတယ်။ တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူများ ခင်ဗျား ဘုရားလှည်းတွေမှာ ရပ်ကွက် အမည် ထားဝယ်လို ရေးတာဟာ
(၁) တရားဥပဒေ စိုးမိုးရေးကို ထိ ခိုက်ပါသလား ခင်ဗျား။
(၂) ရပ်ကွက် အေးချမ်းသာယာရေး ကို ထိခိုက်ပါသလား ခင်ဗျား။
(၃) နိုင်ငံတော် လုံခြုံရေးကို ထိခိုက် စေပါသလား ခင်ဗျား။
(၄) ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ ဆန့်ကျင့်နေပါသလား ခင်ဗျား။
(၅) အမျိုးသား ပြန်လည် သင့်မြတ် ရေးကို ထိခိုက်စေပါသလား ခင်ဗျား။
(၆) ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အတွက် ခလုတ်ကန်သင်းများ ဖြစ်သွားပါ သလား ခင်ဗျား။
(၇) ဘာသာ၊ သာသနာအတွက် အန္တရာယ်ဖြစ်နိုင်လို့လား ခင်ဗျား။
(၈) ထားဝယ်သူ ထားဝယ်သားတွေ၊ ထားဝယ်လူမျိုးတွေ အရှက်ရစရာ ဖြစ် မယ့် ကိစ္စမို့လား ခင်ဗျား။
(၉) ထားဝယ်စာ၊ ထားဝယ်စကား ပျောက်ကွယ်သွားမှာ စိုးလို့လား ခင်ဗျား။
(၁၀) ထားဝယ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲရဲ့ အနှစ်သာရကို ထိခိုက်စေပါ သလား ခင်ဗျား။ မေးခွန်းတစ်ခုချင်းစီက ရှင်းတယ် လို့ ယူဆပါတယ်။ ဒါကြောင့် မိဘပြည်သူများ ခင်ဗျား၊ ရှင်လို့ အစချီပြီး အဖြေပေးမယ်လို့လည်း မျှော်လင့်နေပါတယ်။ (တကယ်တော့ အဲလို မျှော်လင့်တာဟာလည်း မိုက်မဲမှု တစ်ခုပါပဲ။ ဒါကတော့ စကားချပ်ပါ။) ဖြေတာ မဖြေတာကတော့ အမေး ခံရသူအပေါ်မှာပဲ မူတည်ပါတယ်။ အားလုံးကတော့ သိချင်နေကြပါတယ် ခင်ဗျား။ ။