ထားဝယ် ဒီဇင်ဘာလလမ်းလျှောက်ပွဲတွင် ကံစမ်းမဲဖောက်ပေးမည်

0
520

ထားဝယ်မြို့တွင် ကျင်းပမည့် ဒီဇင်ဘာလ လမ်းလျှောက်ပွဲတွင် ဆုမဲ ပေါင်း သုံးရာခန့်ကို ကံစမ်းမဲဖောက် ပေးမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ် ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။ ဒီဇင်ဘာလ လူထုလမ်းလျှောက်ပွဲ ၏ နောက်ဆုံးအပတ်တွင် ကံစမ်းမဲ ဖောက်ပေးမည်ဖြစ်ပြီး ရေခဲသတ္တာ၊ တီဗီ၊ အနွေးထည်အင်္ကျီ၊ ဓာတ်ဗူး၊ ဆိုင်ကယ် စီးဦးထုပ် အစရှိသည့် ပစ္စည်းအမယ် ပေါင်း ၃၀ဝ ခန့်ကို မဲဖောက်ပေးရန် လျာထားကြောင်း ၄င်းက ဆိုသည်။

လမ်းလျှောက်ခြင်းကို ပြည်သူများ ပိုမိုစိတ်ဝင်စားလာစေရန်နှင့် လမ်း လျှောက်လာသူများ ပျော်ရွှင်မှုရစေရန် ရည်ရွယ်ကာ ကံစမ်းမဲ ဖောက်ပေးမည် ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။ “လမ်းလာလျှောက်တဲ့ ပြည်သူတွေ၊ ကျောင်းသားတွေ၊ ဝန်ထမ်းတွေ လာ လျှောက်သူမှန်သမျှကို မဲဖောက်ပေးဖို့ တိုကင်ပေးမယ်”ဟု ၄င်းက ပြောသည်။

စုပေါင်းလမ်းလျှောက်ရာတွင် အစိုးရအဖွဲ့ရုံးရှေ့မှ စတင်တာထွက်ပြီး ရွှေဝယ်သီရိ အားကစားကွင်းသို့ ချီတက် လမ်းလျှောက်မည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။ နှစ်စဉ် ဒီဇင်ဘာလအတွင်း အပတ် စဉ် စနေနေ့ မနက်စောစောတွင် စုပေါင်း လမ်းလျှောက်ပွဲများ လုပ်လေ့ရှိပြီး ဌာန ဆိုင်ရာများနှင့် ကျောင်းသားများသာ အများဆုံး လာရောက်လေ့ရှိသည်။