ဘာသာရေးပွဲတော်များ ပျော်ပွဲ ရွှင်ပွဲဘက် ဦးလှည့်လာပြီလား

0
630

တနင်္သာရီတိုင်းအတွင်း ဘာသာ ရေးပွဲတော်အချို့တွင် ဘာသာရေးနှင့် ဆန့်ကျင်သော ဖျော်ဖြေမှုတို့ လုပ်ဆောင် လာကြောင်း တိုင်းတွင်းသားအချို့က ထုတ်ပြောလာကြသည်။ ဒေသအတွင်းသာမက ပြည်တွင်း ပြည်ပအထိပါ ကျော်ကြားသည့် ပွဲတော် များ ဖြစ်သော ထားဝယ် သပိတ်မျှောပွဲ၊ တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲ တို့တွင်လည်း လူပြောများသော သရုပ် ပျက်ဖျော်ဖြေမှု၊ ကခုန်မှုများ ရှိလာ ကြောင်း ဒေသခံတို့ ဖွင့်ဟလာသည်။

ယခု တန်ဆောင်တိုင်ဘုရားပွဲတော် မကျင်းပမီ ဘုရားပွဲတော်တွင် ပူဇော်ခံ မည့် ဘုရားရုပ်ပွားတော်များကို ရပ် ကွက်အလိုက် ပူဇော်ခံခြင်း၊ ရပ်ရွာ အတွင်းရှိ နေအိမ်များမှ ပင့်ဆောင်ပူဇော် ခံခြင်းတို့ ပြုနေကြသည်။ ထိုသို့ ပင့်ဆောင်စဉ်တွင်ပင် ခေတ် ပေါ်ဒီဂျေသံစဉ်ရောယှက်ထားသော နတ်ဒိုးသီချင်းများဖြင့် လှည့်လည် ပင့် ဆောင်သွားသည်ကို တွေ့နေရကြောင်း ထားဝယ်မြို့ခံတို့က ပြောလာသည်။ “..ကိုကြီးကျော် ကိုကြီးကျော် တို့ ကိုကြီးကျော်…ထူးလည်းထူးတယ်၊ မူး လည်းမူးတယ်တို့ ကိုကြီးကျော်…အိမ် တိုင်းမှာကွယ် ဝီစကီနဲ့ပသပါတယ်… နယ်တိုင်းမှာကွယ် ပူဇော်ကာ ပါသပါ တယ်…” ကားပေါ် ဆောင်းဘောက်ကြီးများ တင်ပြီး အထက်ပါသီချင်းကို သံကုန်ဖွင့် ကာ ဘုရားပင့်ဆောင်မှုသည် ဗုဒ္ဓဘာသာ ပွဲတော်နှင့် ဆန့်ကျင်လှကြောင်း ထား ဝယ်မြို့ ဆန်းချီရပ်ကွက်သားတစ်ဦးက ညည်းတွားသည်။

“ဘုရားလှည့်နေချိန်မှာ အဲလို သီချင်းမျိုး လုံးဝမဖြစ်သင့်ဘူး၊ မအပ်စပ် ဘူးပေါ့ဗျာ၊ မူးလည်းမူးတယ် ထူးလည်းထူးတယ်ဆိုတဲ့ စကားလုံးတွေက ဘာ သာရေးပွဲတော်နဲ့ ဆန့်ကျင်ဘက် ဖြစ် တယ်”ဟု ၄င်းက ထောက်ပြသည်။ သက်ဆိုင်ရာ ရပ်မိရပ်ဖ၊ မြို့မိမြို့ဖ၊ ဘုရားဂေါပကလူကြီးများက ဘာသာ ရေးပွဲတော်များတွင် ထိုသို့မလုပ်ကြရန် မေတ္တာရပ်ခံခြင်းမျိုး တောက်လျှောက် လုပ်ဆောင်ဆော်ဩပေးနေသင့်ကြောင်း ၄င်းက ဆိုပါသည်။ တန်ဆောင်တိုင်ပွဲတော် ကျင်းပ ရေးကော်မတီ ဥက္ကဋ္ဌ ဦးထွန်းကြည်ကမူ မေတ္တာရပ်ခံမှု ပြုထားပြီး ဖြစ်ကြောင်း ပြောသည်။ ယခုနှစ် ထားဝယ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတွင် အဂါရဝ ဖြစ်စေသည့် ခေတ်လွန် ပေါက်ကွဲသံစဉ်များ၊ အဂါရဝ ဖြစ်စေမည့် အဆို၊ အက၊ အတီးများ မလုပ်ဆောင်ကြရန် သက်ဆိုင်ရာ ရပ် ကျေးဂေါပကအဖွဲ့များကို မေတ္တာရပ်ခံ ထားသည်ဟု ကော်မတီဥက္ကဋ္ဌ ဦးထွန်း ကြည်က ပြောပါသည်။ အဂါရဝမြောက်သည့် အလေး အမြတ်ပြုမှု ကင်းမဲ့ခြင်း၊ အရိုအသေတန် စေခြင်းတို့ ဖြစ်စေသည့် ဖျော်ဖြေမှုများ မပြုလုပ်ကြရန် မေတ္တာရပ်ခံထားခြင်း ဖြစ်သည်။ “မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ လိုက် ဖက်တာပဲ ပါဝင်စေချင်တယ်လို့ မေတ္တာ ရပ်ခံထားတယ်” ဟု ဦးထွန်းကြည်က ပြောသည်။ ယမန်နှစ်ကလည်းယင်းသို့ မေတ္တာ ရပ်ခံဖူးသည်။ သို့သော် ယင်းမေတ္တာရပ်ခံမှုတို့ သည် အရာမထင်လှပါ။
ထိုမေတ္တာရပ်ခံ ချက်ကို အချို့က မလိုက်နာကြပါ။ ယမန်နှစ်ကလည်း ရပ်ကွက်အတွင်း မှ ဘုရားများ ဘုရားကြီးဝင်း အတွင်းသို့ ပြန်လည်ပင့်ဆောင်ချိန်တွင် ရပ်ကွက်/ ကျေးရွာ အချို့ကDJ သီချင်းများ၊ နိုင်ငံခြားသီချင်းများဖွင့်ကာ ကခုန် ပို့ဆောင်ကြသည့်အတွက် ထားဝယ်ဒေသခံများအကြား ဝေဖန်ပြောဆိုမှုများ ရှိ ခဲ့သည်။ “ဘုရားကြီးထဲ ဘုရားပို့တဲ့နေ့ဆိုDJဖွင့်ပြီး အရက်မူးပြီး ကနေကြတာတွေ တွေ့ရတယ်။ ဘုရားပို့နေတာနဲ့ကို မတူ တော့ဘူး၊ သူတို့ပျော်ဖို့အတွက် လုပ်နေ သလို ဖြစ်နေတယ်”ဟု လောင်းလုံး မြို့နယ် ရေဖြူကျေးရွာမှ ကိုအောင်ကို ဝိတ်က ပြောသည်။ ဘုရားလှည့်စဉ် ကခုန်ပျော်ပါးရင်း လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုများ ပင် ဖြစ်ပွားလေ့ ရှိသေးသည်။

ထားဝယ်ခရိုင်အတွင်းမှ နယ်မြို့ နှင့် ရပ်ကွက်ကျေးရွာများ၏ ဘုရားလှည့် ပွဲများက ထိုမျှ အဂါရဝဖြစ်ခြင်း၊ သရုပ် ပျက်ခြင်းမျိုး မရှိသေးသော်လည်း ကထိန် အလှူပွဲအချို့တွင် မြန်မာ့ရိုးရာနှင့် ဆန့် ကျင်သော ဖျော်ဖြေမှုတွေ တွေ့လာနေရ ကြောင်း ကိုအောင်ကိုဝိတ်က ပြောသည်။ ကော့သောင်းဘက်တွင်မူ အဂါရဝ မြောက်မှု၊ သရုပ်ပျက်မှုတို့ ဆိုးဆိုးရွား ရွား မရှိသေးသောကြောင့် ထုတ်ပြန်ချက် ကဲ့သို့ သီးသန့်စာ မထုတ်ထားကြောင်း ပြည်တော်အေးစေတီ ဂေါပကဥက္ကဋ္ဌ ဦးကျော်ကျော်မိုးက ပြောသည်။ “ဘုရားလာပင့်ချိန်တော့ နှုတ်နဲ့ အသိပေးတာတော့ ရှိတာပေါ့၊ သရုပ်ပျက် မလုပ်ဖို့။ မသိတဲ့နေရာတွေလည်း ရှိနိုင် ပေမယ့် အရမ်းဆိုးရွားတာတွေ မရှိသေး ဘူး”ဟု ဦးကျော်ကျော်မိုးက ပြောသည်။ သို့သော် ယမန်နှစ် ဘုရားလှည့်ပွဲ တွင် သရုပ်ပျက်မှု၊ အဂါရဝဖြစ်မှုတို့ကို တွေ့ခဲ့ရကြောင်း ပြောဆိုသူတို့ ရှိလာ သည်။ ယမန်နှစ် ကော့သောင်းဘုရားလှည့် ပွဲတွင် မြို့လယ်အဝိုင်းပတ်အနီး ကား ပေါ်ဆောင်းဘောက်တင်ကာ ခေတ်ပေါ် သီချင်း အသံကုန်ဖွင့်ကာ ကားပေါ်တွင် မက လမ်းမတွင်ပါ ခေတ်ပေါ်အကများ က၍ ဘုရားလှည့်လည်ရာနောက်သို့ လိုက် နေကြသည်ကို တွေ့ခဲ့ရသည်ဟု အောင် သုခရပ်ကွက်မှ ဦးဝင်းက ပြောသည်။

ထိုထက်ဆိုးသည်က ဘုရားလှည့် ရာတွင် လိုက်ပါကြသော အဝတ်ဖြူဝတ် ဥပါသကာတို့၏သရုပ်ပျက်မှု ဖြစ်သည်။ “ဆိုးတာက အဖြူဝတ်တွေနဲ့ မူးပြီး ကနေတာတွေပဲ။ ဘာသာရေးဆိုပြီး ခုလို လုပ်တော့ ကိုယ့်ဘာသာ ပုံရိပ်ကျတာ ပေါ့၊ အမိန့် ထုတ်စရာ မလိုဘူး၊ သိကို သိနေရမှာ၊ တော်ရုံဆို ရပြီပေါ့၊ ခုက အပျော်ကနေ အပျက်ဘက်ကူးနေကြ တာ”ဟု ဦးဝင်းက ပြောသည်။ ထို အဂါရဝ မြောက်မှုများ၊ သရုပ် ပျက်မှုများကို တာဝန်ရှိသူများက ဦး ဆောင်ကာ ထိန်းမတ်ပေးရမည်ဖြစ် ကြောင်း ဦးဝင်းက ပြောသည်။ “လူကြီးတွေပါတာပဲဗျာ၊ အမြင်မ တော် ပြောပေါ့ ၊ ခုက သူတို့ကလည်း လက်ခံနေသလို ဖြစ်နေတော့ခက်တယ်” ဟု ဦးဝင်းက ဆိုသည်။ မြိတ်မြို့တွင်လည်း ကထိန်ပဒေသာပင်လှည့်လည်သည့်အချိန်၊ အလှူခံ ထွက်ချိန်၊ နှစ်ကျိပ်ရှစ်ဆူဘုရားများ သက်ဆိုင်ရာ ရပ်ကွက်အတွင်း ပင့်ဆောင် ချိန်များတွင် အဂါရဝမြောက်စေသော ဖျော်ဖြေမှုနှင့် အပြုအမူတစ်ချို့ကို တွေ့လာရကြောင်း မြိတ်တောင်ရပ်ကွက် နေ ဦးစိုးမိုးနိုင်က ပြောလာသည်။ “ကြာရင် မြန်မာ့ယဉ်ကျေးမှုအစဉ် အလာတွေ ပျောက်သွားမှာလည်း စိုးရိမ် ပါတယ်” ဟု ဦးစိုးမိုးနိုင်က ပြောသည်။

ထားဝယ်တွင်လည်း ဘုရားလှည့်ပွဲ များ ကထိန်ပွဲများသာ အဂါရဝ ဖြစ်လာ ကြသည်မဟုတ်ပါ။ သီတင်းကျွတ် သပိတ်မျှောပွဲကဲ့သို့ ထားဝယ်၏ အထင်ကရ ဘာသာရေးပွဲ တော်မျိုးတွင်ပင် သပိတ်ကြီးမျှောသည့် အဖွဲ့အချို့က သပိတ်ကြီးကို ညဘက် လှည့်လည်ရာတွင် ဘာသာရေးပွဲတော် နှင့် မအပ်စပ်သော သီချင်းများဖွင့်၍ ည လုံးပေါက်နီးပါး ကခုန်ပျော်ပါး လှည့် လည်နေခြင်းများကလည်း မြို့ခံအချို့ အကြား ဝေဖန်မှု မြင့်တက်စေခဲ့သည်။ “အခုဆို ထားဝယ်ကို နိုင်ငံခြားက ခရီးသည်တွေရော၊ ပြည်တွင်းကခရီး သည်တွေရော လာနေကြတာဆိုတော့ ကိုယ့်ဒေသမှာ ဒီလိုမျိုး သရုပ်ပျက်ပြီး လုပ်နေတာ အမြင်ရိုင်းစေတာပေါ့၊ ဒီလို (သရုပ်ပျက်) ဆို ကပြီး လုပ်နေကြပါလား ဆိုတာမျိုး ဖြစ်သွားမှာကို စိတ်ပူတယ်” ဟု လောင်းလုံးမြို့နယ် ရေဖြူကျေးရွာနေ ကိုအောင်ကိုဝိတ်က ပြောသည်။ ထိုဘာသာရေးပွဲတော်များကို ကျင်းပလာခဲ့ရာတွင် ဗုဒ္ဓပူဇာတေးသံစဉ် များနှင့်သီချင်းများ၊ ထားဝယ်ရိုးရာဓလေ့ ကို ဖော်ကျူးဖွဲ့သီထားသော တေးသီချင်း များ၊ မြန်မာသံစဉ်တေးသီချင်းတို့ကိုသာ အစဉ်အဆက် သီဆိုဖျော်ဖြေခဲ့ကြ ကြောင်း သိမှီသူအချို့က ပြောကြသည်။

“ရှေးလူတွေ တောက်လျှောက် ထိန်းလာတဲ့အစဉ်အလာကို ကိုယ့်လက် ထက်မှ ပျက်သွားတာမျိုး မဖြစ်ခိုင်းစေ ချင်ဘူး”ဟု ထားဝယ်မြို့ ဆန်းချီရပ် ကွက်သားက ပြောသည်။ ဖြစ်နိုင်ပါက ဒေသအာဏာပိုင်များ က ရိုးရာပွဲတော်များကို ထိန်းသိမ်းစောင့် ရှောက်ရေးနှင့် ပတ်သက်သည့် ဒေသန္တရ အမိန့်မျိုးကို ထုတ်ပြန်သင့်ကြောင်း အထက် ပါ ဆန်းချီရပ်ကွက်သားက ပြောသည်။ တနင်္သာရီတိုင်းဒေသကြီး လူမှုရေး နှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် ကမူ (အဂါရဝ) ပြုလုပ်သူများက ဆင် ခြင်ရန် လိုအပ်ကြောင်း ပြောသည်။ “Image(ဒေသပုံရိပ်)ထိခိုက် တယ် ဘာညာကတော့ တစ်ယောက်နဲ့ တစ်ယောက် အမြင်ခြင်း မတူနိုင်ဘူးပေါ့၊Image ထိခိုက်တယ်လို့ ထင်တဲ့ပုဂ္ဂိုလ်နဲ့ အခု (သီချင်း)ဖွင့်တဲ့ ပုဂ္ဂိုလ်နဲ့ တိုက်ရိုက် ထိတွေ့ပြီး ပြောကြရင် ပိုကောင်းတာပေါ့” ဟု ဦးဟိုပင်က ပြောသည်။ တနင်္သရီတိုင်းသားအချို့ကမူ ခေတ်ရေစီးနှင့် အဂါရဝမြောက်သည့် အလေးအမြတ်ပြုမှု ကင်းမဲ့ခြင်း၊ အရို အသေတန်စေခြင်း တို့ကြောင့် ဒေသ အတွင်း ကျော်ကြားသော ဘာသာရေး ပွဲတော်များ ရှေးအစဉ်အလာ ပျက်ပြီး ပွဲတော်၏ဂုဏ်ကျက်သရေ ညှိုးနွမ်းထိ ခိုက်လာမည်ကို စိုးရိမ်နေပါသည်။ “ခေတ်မီတာလည်း မီပေါ့၊ အရိုးကို အရွက်မဖုံးစေချင်ဘူး၊ ပျော်ပွဲရွှင်ပွဲဆန် လာတဲ့ ဘာသာရေးပွဲ မဖြစ်စေချင်ဘူး၊ သင်္ကြန် မဟုတ်ဘူးလေ”ဟု တန်ဆောင် တိုင်ပွဲတော်ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းကြည်က ဆိုလေသည်။