မောင်းမကန်စီမံကိန်း ဧရိယာအတွင်း ကျရောက်သူများအတွက် အစားထိုးမြေနေရာ စတင်ဖော်ဆောင်မည်

0
518

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် က အတည်ပြုထားပြီးဖြစ်သည့် မောင်းမ ကန်မြို့သစ်နှင့် ဟိုတယ်ဇုန် ဖွံ့ဖြိုးရေး စီမံကိန်းအား ယင်းစီမံကိန်းဧရိယာအတွင်း ကျရောက်သူများအတွက် အစားထိုးမြေ နေရာဖော်ဆောင်ခြင်းဖြင့် လုပ်ငန်းစတင် မည်ဖြစ်ကြောင်း စီမံကိန်း အကောင် အထည်ဖော်ရေးကော်မတီ၏ အတွင်းရေးမှူး ဒေါ်ခင်မိမိထွေးက ပြောသည်။

စီမံကိန်းဧရိယာအတွင်း ကျရောက် နေသူများအား အစားထိုးမြေနေရာ ချ ထားပေးရန် ပေ ၄၀_၆၀ မြေကွက် ၅၃၂ ကွက်ဖော်ဆောင်သွားရန်ရှိပြီး ယင်း လုပ်ငန်းကို ကနဦးလုပ်ကိုင်သွားမည် ဟု ကော်မတီအတွင်းရေးမှူးလည်း ဖြစ်၊ တနင်္သာရီတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဒေါ်ခင်မိမိထွေးက ပြောသည်။ စီမံကိန်းကို စတင်နိုင်ရန်အတွက် ကော်မတီဝင်များနှင့် တိုင်းအစိုးရအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ လောင်းလုံးမြို့ နယ်အုပ်ချုပ်ရေးမှူး၊ မောင်းမကန်ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့ နိုဝင်ဘာလ ၅ ရက်က အစည်းအဝေး ပြုလုပ်ခဲ့ကြ ကြောင်း ၄င်းက ပြောသည်။

“ကော်မတီကို လမ်းညွှန်ချက် ချထားတာအရတော့ ၅၃၂ ကွက်ကို အရင်ဆုံး ဖော်ထုတ်ဖို့ပါ၊ ပြန်လည် နေရာချထားရေးအတွက်လေ”ဟု ဒေါ်ခင်မိမိထွေးက ပြောသည်။ ယင်းသို့ ဖော်ထုတ်ရန် သတ်မှတ် အတည်ပြုထားသည့်နေရာအား ကနဦး ကွင်းဆင်းကြည့်ရှုခြင်း လုပ်ဆောင်သွား မည်ဖြစ်ပြီး တွေ့ရှိချက်များကို နောက် အစည်းအဝေးတွင် တင်သွင်းကာ မည် သို့လုပ်ဆောင်ကြမည်ကို ဆုံးဖြတ်ချက် ရယူသွားမည်ဟု ၄င်းက ပြောသည်။ ထိုအစည်းအဝေးတွင် စီမံကိန်းပါ ထားဝယ်မြို့နှင့် ဆက်သွယ်နေသည့် အဓိက လမ်းမကြီး ၄ လမ်းအား ပေ ၆၀ နှင့် ပေ ၈၀ အကျယ် အဆင့်မြှင်တင် နိုင်ရန် လာမည့် ဖြည့်စွက်ရန်ပုံငွေလျာထားချက် RE တွင်တောင်းခံရေး၊ လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်း ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ဒေါ်ခင်မိမိထွေးက ပြောသည်။ ယင်းဧရိယာအတွင်း လူနေအိမ် ၂၅၆ လုံး၊ ဘန်ဂလို ၃၁ လုံး၊ ဈေးဆိုင် ခန်း ၁၄၂ ခန်း၊ ခြံ မြေကွက် ၆၂ ကွက် အား စာရင်းကောက်ယူရေး ကော်မတီမှ ကောက်ယူမှတ်တမ်းပြုထားသည်ဟု တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ဧရိယာအတွင်းနေထိုင် လုပ်ကိုင် နေသူများအား လျော်ကြေးပေးချေခြင်း၊ ပြန်လည်နေရာချထားပေးခြင်းများကို အစိုးရအဖွဲ့ အတည်ပြုချက်ဖြင့် အကောင် အထည်ဖော်မည်ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့က ထုတ်ပြန်ထားသည်။ အကောင်အထည်ဖော်မည့် စီမံ ကိန်းတွင် ဟိုတယ်များ၊ ဘန်ဂလိုနှင့် တည်းခိုရိပ်သာများ၊အများပြည်သူအ ပန်းဖြေနေရာများ၊ ကားပါကင်နေရာများ၊ စသဖြင့် ပါဝင်သည်။ စီမံကိန်းဧရိယာအတွင်း ကျရောက် သူများကမူ တာဝန်ရှိသူများအနေဖြင့် စီမံကိန်းအား ရွာတွင် လာရောက်ရှင်းပြ ပေးစေလိုကြောင်း ပြောကြသည်။ နိုဝင်ဘာလ ၅ ရက်က ကျင်းပ ခဲ့သည့် အစည်းအဝေးသို့ တက်ရောက် ခွင့်ရသော်လည်း ဆွေးနွေးခွင့်မရဟုဆို သော မောင်းမကန်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်ကလည်း စီမံကိန်းပါအချက် အလက်များနှင့် လုပ်ဆောင်မည့်လုပ်ငန်း အသေးစိတ်အား ရွာသားများအား လာ ရောက်ရှင်းလင်းပြမည်ဆိုက ပိုမိုသင့် တော်မည်ဟု ဆိုသည်။

“သူတို့(တာဝန်ရှိသူတွေ)ကတော့ ရွာမှာ လာရှင်းပြပြီးပြီလို့ ရက်စွဲတွေနဲ့ ပြောနေတယ်၊ တစ်ခါမှ လာမရှင်းပြသေး ဘူး”ဟု ဦးသန်းနိုင်က ပြောသည်။ မောင်းမကန်ကမ်းခြေမြေ ၃၅၄ ဒသမ ၆၄ ဧကပေါ်တွင် ရေးဆွဲထားသော မောင်းမကန်မြို့သစ်နှင့် ဟိုတယ်ဇုန်ဖွံ့ ဖြိုးရေးစီမံကိန်းပုံစံအား စက်တင်ဘာလ ၂၅ ရက်တွင် ကျင်းပခဲ့သည့် တိုင်း လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေး အတည်ပြုခဲ့ခြင်း ဖြစ်သည်။ မြေနေရာမှာ တနင်္သာရီဟိုတယ် အစပ်မှ ထားဝယ်အများပိုင်ကုမ္ပဏီ (DDPC) လုပ်ပိုင်ခွင့်ရ မြေအစပ်ထိ မောင်းမကန်ကမ်းခြေတန်းတစ်လျှောက် မှ အထက်ဘက် မြေနေရာ ဖြစ်သည်။ လက်ရှိတွင် မောင်းမကန် ကမ်းခြေ ၌ စားသောက်ဆိုင်များ၊ ပျံကျဆိုင်များ၊ ဘန်ဂလိုများ၊ တည်းခိုခန်းများ၊ ကေတီဗွီ များနှင့် ကျူးကျော် နေအိမ်အချို့ရှိပြီး အချို့မှာ ဘန်ဂလိုများ၊ ပြင်ဆင်တိုးချဲ့ ဆောက်လုပ်လျက် ရှိသည်။