တနင်္သာရီတွင် ရပ်ရွာလူထုအခြေပြု အပန်းဖြေစခန်းများ ဥပဒေရေးဆွဲမည်

0
823

ရပ်ရွာလူထုအခြေပြု အပန်းဖြေ စခန်းများဥပဒေကို ရေးဆွဲရန်စီစဉ်လျက် ရှိပြီး ၂၀၁၉ ခုနှစ်အတွင်း အတည်ပြု ပြဋ္ဌာန်းနိုင်ရန် လျာထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ပြောသည်။ ယင်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းနိုင် ရန် ပြီးခဲ့သည့် ၁၀ ရက်ခန့်က တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးထံ ဥပဒေမူကြမ်းပေးပို့ထားကြောင်း ၄င်းက ဆိုသည်။

ယင်းဥပဒေကြမ်းကို အစိုးရအဖွဲ့ ဝင်ဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းရေးဆွဲ(အချောသတ်) ရမည်ဖြစ် ကြောင်း ဦးကြည်စိုးက ပြောသည်။ လောင်းလုံးမြို့နယ်အတွင်းရှိ စမ်း လှမ်းကျေးရွာတွင် ရပ်ရွာအခြေပြုခရီး သွားလုပ်ငန်းကို ယခုလတွင် စတင်ဖွင့် လှစ်ခဲ့ပြီး နောက်ပိုင်းတွင် အပန်းဖြေ စခန်းများ လိုအပ်လာမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။ ယင်းကဲ့သို့ အပန်းဖြေစခန်းများ တည်ဆောက်ရာတွင် ဥပဒေလိုအပ်သည့် အတွက် ရေးဆွဲအတည်ပြုရန် လုပ် ဆောင်ခြင်း ဖြစ်ကြောင်း ဦးကြည်စိုးက ရှင်းပြသည်။

“ကျေးရွာတွေမှာရှိတဲ့ သဘာဝပတ် ဝန်းကျင်လှပတဲ့နေရာတွေကို ဒေသခံ တွေပဲ ထိန်းသိမ်း၊ သူတို့ပဲ တည်ထောင် ခွင့်တွေရပြီးသူတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေရအောင် ပြီးရင် အာမ ခံချက်တစ်ခုရအောင် ဆွဲလိုက်တယ်”ဟု တိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌ ဦးကြည်စိုးက ဆိုသည်။ လွှတ်တော်မှ တိုင်းအစိုးရထံပေးပို့ လိုက်သည့် ဥပဒေမူကြမ်းကို ခရီးသွား လုပ်ငန်းလုပ်ကိုင်နေသူများ၊ ခရီးသွား လုပ်ငန်းနှင့် နီးစပ်သူများ၏ အကြံဥာဏ် ယူရေးဆွဲထားပြီး တိုင်းလွှတ်တော်၏ ဥပဒေကြမ်းကော်မတီကိုလည်း ပေးပို့ ထားကြောင်း ဦးကြည်စိုးက ပြောသည်။ ဒေသခံများ အကျိုးအတွက် ဥပဒေ ရေးဆွဲရန် လုပ်ဆောင်နေမှုကို ကြိုဆိုပြီး ရေးဆွဲချိန်တွင် သက်ဆိုင်ရာဌာနများ အပြင် ခရီးသွားလုပ်ငန်းရှင်၊ ဧည့်လမ်း ညွှန်၊ ဟိုတယ် စားသောက်ဆိုင်လုပ်ငန်း ရှင် အစရှိသည့် ကဏ္ဍစုံမှ အသံများ ပါဝင်နိုင်ရန် လမ်းဖွင့်ထားသင့်ကြောင်း ထားဝယ်မြို့ အခြေစိုက် ခရီးသွားကုမ္ပဏီ ပိုင်ရှင်တစ်ဦးက ဆိုသည်။

“ဥပဒေရေးဆွဲရေးဖြစ်စဉ် တောက် လျှောက်မှာလည်း ဒီလူတွေ ပါဝင်ဖို့ လမ်းဖွင့်ပေးထားသင့်တယ်”ဟု အဆိုပါ ခရီးသွားလုပ်ငန်းရှင်က ပြောသည်။ လက်ရှိတွင် ကမ်းခြေအချို့၌ အပန်းဖြေစခန်းဆောက်လုပ်ရန် ရည် ရွယ်ပြီး မြေကွက်ဝယ်ယူထားမှုများရှိနေ ပြီး အထက်ပါ ဥပဒေထွက်ရှိလာပါက ဥပဒေနှင့်အညီ ပြန်လည်လျှောက်ထား ရမည်ဖြစ်ကြောင်း ဦးကြည်စိုးက ဆိုသည်။ အဆိုပါ ဥပဒေကြမ်း အချောသတ် ထွက်ရှိလာပါက ပြည်သူလူထုကို ရှင်း လင်းသည့်ပွဲများ လုပ်ဆောင်မည်ဖြစ် ကြောင်း ၄င်းက ပြောသည်။ ယခုလွှတ်တော်သက်တမ်းအတွင်း လက်ရှိအချိန်ထိ ယစ်မျိုးခွန်ဥပဒေ၊ တိုင်း ဒေသကြီး စည်ပင်သာယာရေး ဥပဒေ၊ တိုင်းဒေသကြီး ပြတိုက်နှင့် စာကြည့်တိုက် များဥပဒေစသည့် ဥပဒေပေါင်း ၁၀ ကျော် ကို အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ထံမှ သိရသည်။