ခရီးသွားလုပ်ငန်းဖွံ့ ဖြိုးရေး ပုလောတွင် ခရီးစဉ်အသစ်တိုးချဲ့ရန်စီစဉ်

0
395

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေရေး အတွက် ပုလောမြို့နယ်တွင် ခရီးစဉ် အသစ်များ တိုးချဲ့ပို့ဆောင်ပေးရန် စီစဉ် လျက်ရှိကြောင်း မြိတ်အခြေစိုက် ခရီး သွားလုပ်ငန်းများထံမှ သိရသည်။ ပုလောမြို့နယ် ကျောက္ကာကျေးရွာ နှင့် အနီးအနားရှိကျွန်းများ၊ ပလစက် တော်ရာဘုရားတို့ကို ခရီးစဉ်အသစ် အဖြစ် ဝန်ဆောင်မှုပေးနိုင်ရန် ဟိုတယ် နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(မြိတ် ရုံးခွဲ)က ဦးဆောင်ကာ နိုဝင်ဘာလ ၅ ရက်တွင် ကွင်းဆင်းလေ့လာမှုများ ပြု လုပ်ခဲ့ကြောင်း မြိတ်အခြေစိုက် ခရီးသွား လုပ်ငန်းရှင်များထံမှ သိရသည်။

“လှပတဲ့ကျွန်းတွေရှိသလို ရေပေါ် အိမ်ကလေးတွေ ဆောက်ပြီး နေထိုင်ကြ တာကို ပြည်တွင်းပြည်ပ ခရီးသွားတွေ အနေနဲ့ စိတ်ဝင်စားနိုင်မယ်ထင်လို့ ခရီးစဉ်အသစ်ကို တိုးချဲ့စီစဉ်လိုက်တာ ပါ”ဟု Mergui Dolphin
ခရီးသွား ကုမ္ပဏီမန်နေဂျာ ဦးမြင့်သန်းက ပြောသည်။ ခရီးစဉ်အသစ်အဖြစ် ရွေးချယ်ခဲ့ သည့် ကျောက္ကာကျေးရွာသည် မြိတ်မှ မြောက်ဘက် ၂၃ မိုင်အကွာတွင်တည်ရှိပြီး စပိဘုတ်ဖြင့် သွားလျှင် မိနစ် ၄၀ ခန့် ကြာရှိကြောင်း ဟိုတယ်နှင့်ခရီးသွား ညွန်ကြားမှုဦးစီးဌာန (မြိတ်ရုံးခွဲ) မှ တာဝန်ရှိသူက ပြောသည်။

ကျောက္ကာရွာသည် ကျွန်းစုမြို့နယ် လေးကျွန်းမှ ပုလောမြို့နယ်ရှိ သမီးလှ ကျွန်းသို့ သွားနိုင်ရန် ကြားခံနေရာတစ်ခု ဖြစ်လာနိုင်ပြီး ကျောက္ကာရွာမှတစ်ဆင့် ကုန်းလမ်းဖြင့် ပလစက်တော်ရာသို့ လည်း သွားရောက်နိုင်သည့်အတွက် ခရီးစဉ်အသစ်ပြေးဆွဲရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

“ခရီးသွားတွေအတွက် ဘာတွေ အခက်အခဲ ရှိသလဲ။ ဒေသခံတွေအတွက် ရော ဘာတွေအခက်အခဲ ရှိသလဲ ဆိုတဲ့ အသံကို နားထောင်ပြီးမှပဲ ဒေသခံတွေနဲ့ ဆွေးနွေးတာတွေ လုပ်ရမယ်”ဟု ၄င်းက ပြောသည်။ ကျွန်းကို အိမ်များဖြင့် “ပဇောက်” ပုံဝိုင်းပတ်ထားသည့် ကျောက္ကာရွာတွင် အိမ်ခြေတစ်ထောင်ကျော်ရှိကာ လူဦးရေ ၉၀ရာခိုင်နှုန်းမှာ ရေလုပ်ငန်းဖြင့် အသက် မွေးဝမ်းကျောင်း လုပ်ကိုင်နေကြပြီး ယခု လိုခရီးသွားလုပ်ငန်း လာရောက်လုပ်ကိုင် မည်ဆိုလျှင် ဝမ်းသာကြိုဆိုကြောင်း ကျောက္ကာရွာသားတစ်ဦးဖြစ်သည့် ဦးကြည်သန်းက ပြောသည်။

“ရေထွက်ပစ္စည်း ရောင်းဝယ်မှု အခွင့်အလမ်းတွေ ပိုများလာမှာ ဖြစ်တဲ့ အတွက် ကြိုဆိုပါတယ် ဧည့်သည်တွေ အတွက် ဘာအခက်အခဲမှ မရှိနိုင်ပါဘူး” ဟု ၄င်းက ပြောသည်။ ကျောက္ကာကျေးရွာတစ်ဝိုက်၌ ခရီး သွားဧည့်သည်များအတွက် လည်ပတ် အနားယူ အပန်းဖြေနိုင်သည့် ကော့ဒွေး ကျွန်းကမ်းခြေ၊ မအိုင်တောင်ကမ်းခြေနှင့် သဲအော်ကြီးကမ်းခြေတို့ရှိပြီး ပလ စက် တော်ရာ ဘုရားသို့လည်း သွားရောက် လည်ပတ်နိုင်ကြောင်း ဦးကြည်သန်းက ပြောပြသည်။ ယင်းကျွန်းခရီးစဉ်များအတွက် လက်မှတ်ဈေးနှုန်းများကိုမူ လက်ရှိ မသတ်မှတ်ရသေးဘဲ ခရိုင်အတွင်းရှိ ခရီး သွားလုပ်ငန်းရှင်များနှင့် ဆွေးနွေး ပြီးမှ သတ်မှတ်သွားမည်ဖြစ်ကြောင်း Mergui Dolphin
မှ မန်နေဂျာ ဦးမြင့်သန်းက ပြောသည်။