လောင်းလုံးငွေစုနှင့် မြိတ်အနံ့ဆိုးကိစ္စအပါအဝင် တိုင်းအတွင်း နာမည်ကျော်ပြဿနာများ စိစစ်ပေးရန် သမ္မတနှင့် ရှေ့နေချုပ်ရုံးထံ တင်ပြ

0
476

လောင်းလုံးမြို့နယ်ရှိ ငွေစုကိစ္စနှင့် မြိတ်အနံ့ဆိုးကိစ္စ အပါအဝင် တနင်္သာရီ တိုင်းအတွင်းရှိ နာမည်ကျော်ပြဿနာ များကို စိစစ်ပေးရန် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးထံသို့ တိုင်း ဒေသကြီး တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်း ရေးအဖွဲ့မှ အောက်တိုဘာလ ၃၁ ရက် က အစီရင်ခံစာ ပေးပို့ခဲ့သည်။

အဆိုပါအဖွဲ့သည် တနင်္သာရီ တိုင်းအတွင်း ဒေသလိုအပ်ချက်များ၊ ဌာနအချင်းချင်းဖြစ်နေသည့် ပဋိပက္ခများ၊ လုပ်ထုံးလုပ်နည်း၊ ဥပဒေ၊ မူဝါဒများ အား မလိုက်နာမှုများ စသဖြင့် ပတ်သက် သည့် ကိစ္စရပ်များနှင့်ပတ်သက်သည့် အစီရင်ခံစာကို လစဉ် ပြည်ထောင်စု ရှေ့နေချုပ်ရုံးသို့လိပ်မူပြီး နိုင်ငံတော်သမ္မတ အား မိတ္တူ ပေးပို့လျက်ရှိကြောင်း ယင်း အဖွဲ့ထံမှ သိရသည်။
အောက်တိုဘာလအတွက် ပေးပို့ သည့် အစီရင်ခံစာတွင် လောင်းလုံးငွေစု ကိစ္စ၊ မြိတ်အနံ့ဆိုးကိစ္စ၊ မြိတ်ငါးလေလံ ဈေးကိစ္စနှင့် ကော့သောင်းရှိ ဗျူးပွိုင့်မြေ နေရာကိစ္စ စသည်တို့ကို ပြည်ထောင်စု အဆင့်မှ ပြန်လည်စိစစ်ပေးရန် တင်ပြ ခဲ့ခြင်း ဖြစ်သည်။

လောင်းလုံးမြို့နယ်ရှိ တရားမဝင် ငွေစုအမှုများတွင် ၂၀၁၃ ခုနှစ်မှ စပြီး ဖြစ်ပွားခဲ့သည့် အလားတူအမှုပေါင်း ၃၀ ကျော်ကို ပြန်လည်စိစစ်ပေးရန် တင်ပြခဲ့ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီး တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှ တမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်နိုင်ဦးက ပြောသည်။
မြိတ်မြို့အနံဆိုးကိစ္စသည်လည်း စက်ရုံများကို အကြိမ်ကြိမ်အခါခါသွား ရောက်ညှိနှိုင်းခဲ့ပြီးသည့်အပြင် တိုင်း အစိုးရထံသို့လည်း ပြည်သူလူထုက သော် လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ် များကသော်လည်းကောင်း၊ အရပ်ဘက် အဖွဲ့အစည်းများက သော်လည်းကောင်း အကြိမ်ကြိမ်တင်ပြခဲ့ဖူးသော်လည်း အရေး ယူမှုအားနည်းသည့်အတွက် ပြည်ထောင်စု အဆင့်သို့ တင်ပြရခြင်းဖြစ်ကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။
မြိတ်ငါးလေလံဈေးကိစ္စကိုမူ အထူး ခုံရုံးဖွဲ့ပြီး စုံစမ်းစစ်ဆေးသင့်သည်ဟု တင်ပြထားကြောင်း၎င်းက ဆိုသည်။

“ဒါက နိုင်ငံတော်ရဲ့ စီးပွားရေး။ တစ်ဖက်မှာလည်း နိုင်ငံတော်က ၃၀ ရာခိုင်နှုန်းပါထားတဲ့ကိစ္စ နိုင်ငံတော်လည်း အခွန်ရအောင်၊ တရားမဝင် ငါးဖမ်းမှုတွေ လည်းပဲ အထိုက်အလျောက် ထိန်းချုပ်နိုင် အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တင်ပြထား တာပါ”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
၎င်းအပြင် ကော့သောင်းမြို့ရှိ ဗျူး ပွိုင့်မြေနေရာကိစ္စသည်လည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် မညီဘဲ လုပ် ဆောင်ထားသည်ကို တွေ့ရှိရသဖြင့် စိစစ်အရေးယူသင့်သည်ဟု တင်ပြထား ကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။
ယင်းမြေနေရာသည် ဆိပ်ကမ်းအာ ဏာပိုင်မြေဖြစ်ပြီး ဆိပ်ကမ်းအာဏာပိုင် က ကန့်ကွက်ထားသော်လည်း မြေစာ ရင်းဌာနမှ ပုံစံ၇ ထုတ်ပေးထားခြင်း၊ မြေကို အရောင်းအဝယ်ပြုလုပ်ခဲ့သူ၏ လက်မှတ်မှာ ပုံစံ ၁ ထုတ်ယူချိန်နှင့် အရောင်းဝယ်ပြုလုပ်ချိန်နှင့် မတူဘဲဖြစ် နေခြင်း၊ ပုံစံ ၁၀၅ ထက် ပုံစံ ၇ ကဦးစွာရရှိနေခြင်း စသဖြင့်တွေ့ရှိရ ကြောင်း ၎င်းက ဆိုသည်။

လောင်းလုံးငွေစုကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စု အဆင့်သို့ သုံးသပ်တင်ပြ ခြင်းကို ကြိုဆိုကြောင်း လောင်းလုံးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ထွေးက ပြောသည်။
“တရားရေးကလည်း လူ့အဖွဲ့ အစည်းအတွက် ယုံကြည်မှုကျဆင်းနေ တာကို တွေ့ရတယ်။ အဲဒါကို အဖွဲ့ အစည်းပေါင်းစုံက သုံးသပ်တင်ပြတာကို ကြိုဆိုရမယ်”ဟု ဦးဗိုလ်ထွေးက ဆိုသည်။

ပြည်ထောင်စုသို့ တင်ပြသည့် အထက်ပါ ပြဿနာ လေးရပ်အနက် မြိတ်အနံ့ဆိုးကိစ္စသည်လည်း မြိတ်မြို့ခံ များအကြား ဝေဖန်မှုအများဆုံး ပြဿနာ ဖြစ်သည်။
“အခုလို တင်ပြတာကို အားပေး တယ်။ အားရတယ်။ ဖြစ်သင့်နေတာက ကြာပြီ”ဟု မြိတ်မြို့၊ မြို့သစ် ၄ ရက် ကွက်တွင် နေထိုင်သည့် အသက် ၆၀ အရွယ်အမျိုးသားတစ်ဦးက ပြောသည်။
တိုင်းဒေသကြီး တရားဥပဒေစိုးမိုး ရေးဌာနနှင့် တရားမျှတမှုဆိုင်ရာပေါင်း စပ် ညှိနှိုင်းရေးအဖွဲ့ကို ၂၀၁၇ ခုနှစ် မေလက စတင်ဖွဲ့စည်းခဲ့သည်။