စူပါမင်းသား ဖြစ်ချင်မိတော့သည်

0
788

ငယ်ငယ်က စူပါမင်းရုပ်ရှင်ကား ကြည့်ပြီး စူပါမင်းလို လေထဲမှာ ပျံသန်း ချင်စိတ်မျိုး ဖြစ်ခဲ့ဖူးသည်။ နောက်ပိုင်း အရွယ်လေး ရလာတော့ ဘ၀တိုးတက်ရာ တိုးတက်ကြောင်း ကြိုးစားရင်းဖြင့် ငယ် ငယ်က ဖြစ်ဖူးခဲ့သည့် စူပါမင်းလို လေထဲ တွင် ပျံချင်စိတ်က မေ့မေ့ပျောက်ပျောက် ပင်။ အခုမှ စူပါမင်းဖြစ်ချင်စိတ်က နောက် တစ်ကြိမ် ပြန်ပေါ်လာသည်။ မဖြစ် နိုင်မှန်းသိသော်လည်း ဖြစ်ချင်နေမိသည်။

အခုတစ်လော ကျွန်တော့်အနေဖြင့် လူမှုရေးကိစ္စများတွင် အတော်လစ်ဟင်း လာသည်။ ကိုယ့်ကိုကိုယ် အားမလိုအား မရလည်း ဖြစ်နေမိသည်။ စိတ်က ရောက် သော်လည်း လူက မရောက်နိုင်ဖြစ်နေ သည်။ ထိုကဲ့သို့ဖြစ်ရသည်မှာ အထူး သဖြင့် ကထိန်ရာသီတွင် ဖြစ်သည်။ ဤ ရာသီရောက်လျှင် လှူသည့်သူက လှူနိုင် သော်လည်း သွားမည့်သူက မသွားနိုင်ဖြစ် ရခြင်းအတွက် အလှူရှင်များအတွက် များစွာအားနာမိသည်။ ကိုယ့်ကိုအသိအ မှတ်ပြုပြီး တကူးတက အိမ်တိုင်ယာ ရောက် လာဖိတ်သော်လည်း အဖိတ်ခံရ သူက သွားမည့်တာဝန်လစ်ဟင်းပေါင်း လည်း မနည်းတော့။ အလှူရှင်များနှင့် လမ်းမှာတွေ့လျှင် မျက်နှာပြရမည်ကိုပင် ဝန်လေးနေမိတော့သည်။

မြန်မာနိုင်ငံသည် ဆင်းရဲတွင်းနက် ပြီး စီးပွားကျနေသည်ဟုသာ ငြီးတွားနေ ကြသော်လည်း အလှူအတန်း၊ အပေးအ ကမ်း ရက်ရောမှုတွင်တော့ ကမ္ဘာတွင် ပထမနေရာ ချိတ်သည်။ ဂုဏ်ယူဖို့ကောင်း ၏မကောင်း၏ကိုတော့ ဝေခွဲမရ။ ကထိန် နှင့် ပတ်သက်လျှင်လည်း တစ်ခြားသော ဒေသများတွင်တော့ မည်သို့ရှိသည်မသိ။ ကျွန်တော်တို့ဒေသတွင်တော့ သီတင်း ကျွတ်လပြည့်ကျော် (၁)ရက်မှ တန် ဆောင်မုန်းလပြည့်နေ့အထိ လှူလိုက်ကြ သည့်ကထိန်အလှူမှာ များလွန်းသဖြင့် အလှူခံပုဂ္ဂိုလ်ကတောင် အရှုံးပေးရသည် အထိပင်။ စည်သံဗျောသံတညံညံဖြင့် မြို့တိုင်းရွာတိုင်းကျောင်းတိုင်းနီးပါး ကထိန်ခင်းသူများ ပေါများလွန်းလှသည်။ ကထိန်အခင်းနိုင်ဆုံးဆုပေးလျှင် ကျွန် တော်တို့ဒေသက ပထမချိတ်နိုင်သည်။

တစ်ချို့ကျောင်းတိုက်များဆိုလျှင် ကထိန်သင်္ကန်းတစ်စုံကို ကထိန်ခင်းမည့် အလှူရှင်လေးငါးဦး စသည်ဖြင့် စုပေါင်း ပြီး ကပ်ခိုင်းရသည်အထိ ပေါများလှ သည်။ အရမ်းခေါင်သည့် ကျေးရွာလေး များမှ တစ်ချို့သော ဘုန်းကြီးကျောင်း တစ်ကျောင်းစ နှစ်ကျောင်းစလောက်သာ ကထိန်ခင်းမည့်သူမရှိ၍ စုပေါင်းဘုံက ထိန်လုပ်ကြရသည်။ သို့သော် နှစ်စဉ် တော့မဟုတ်။ ဤနေရာတွင် တစ်ချို့ အလှူရှင်များကိုတော့ ချီးကျူးသာဓုခေါ် ရပေမည်။ အဘယ့်ကြောင့်ဆိုသော် အဆောင်အယောင် ဂုဏ်ပကာသနကို အဓိကမထားဘဲ ကထိန်ခင်းမည့်သူမရှိ သည့် ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်ကာ ကထိန်ခင်းပေးကြ၍ ဖြစ်သည်။ တကယ်လိုအပ်သည့်နေရာတွင် လှူဒါန်းမှုပြုကြခြင်းဖြစ်၍ အကျိုးထူး မည်မှာ မလွဲပါ။

ဤမျှလောက်ဆိုလျှင်တော့ ကျွန် တော် စူပါမင်းဖြစ်ချင်နေသည့်အကြောင်း အရင်းကို စာဖတ်သူများအနေဖြင့် ဆဝါး မိနေလောက်ပြီ ထင်သည်။ စာဖတ်သူတို့ ကိုယ်တိုင်လည်း စူပါမင်းမဖြစ်ချင်သည့် တိုင် ရဟတ်ယာဉ်တစ်စီးလောက်တော့ ပိုင်ချင်နေကြမည်မှာ မလွဲပါ။ တစ်နေ့ တစ်လှူဆိုလျှင်တော့ သွားရလာရအဆင် ပြေသည်။ သို့သော် အလှူကတစ်နေ့ တည်း လေးငါးခြောက်ဦး တိုက်ဆိုင် နေလျှင်တော့ ပြဿနာစပေါ်ပြီ ဖြစ်သည်။ အချိန်ခွဲ ဝေမှုပြဿနာ။ ဘယ်အလှူကို အရင်ဦး စားပေးသွားရမည်။ ပြီးလျှင် ဘယ်မှာ လက်ဖက်ရည်သောက်ပြီး ဘယ် မှာ ထမင်းစားမည်ကိုလည်း အစီအစဉ်ဆွဲ ရသေးသည်။ တရားနာဖို့ဆိုသည်မှာ ဘယ်နား နေမှန်းမသိ။ အလှူတရားနာ ဖြစ်ဖို့နေနေသာသာ အလှူတစ်ခုမှ အခြားတစ်ခုသို့ အလျင်မီ အောင်ပြေးလွှား ရင်းနှင့်ပင် အချိန်ကုန်ရသည်။

ဖိတ်စာကို အသေအချာပြန်ဖတ် ကြည့်တော့ စားဖို့သောက်ဖို့ဖိတ်သည့်သဘောပါသော စာသားမတွေ့။ တရား တော်နာ ကြွရောက်ဖို့သာပါသည်။ တရား နာစေချင်သော စေတနာဖြင့် ဖိတ်သော်လည်း စားသောက်ပြီးပြန်ဖြစ် သည်က များနေသည်။ ခက်တော့ခက် နေပါပြီ။ တစ်ခါတစ်လေများဆိုလျှင် ဘုန်းကြီးကျောင်းပေါ်၊ ဓမ္မာရုံထဲပင် မရောက်လိုက်။ စားလိုက်သောက်လိုက် ဖြင့် အာလာပသလ္လာပ ပြောပြီးပြန်ဖြစ် သည်က များသည်။ အလှူရှင်က သုဂတိ လားပြီး ကိုယ်ကအပ္ပါယ်လားမည်ကို စိုး ရိမ်စိတ်ဝင်လာမိသည်။

တစ်ချို့သော အလှူခံပုဂ္ဂိုလ်များကဲ့ သို့”အလှူပေးပုဂ္ဂိုလ်လည်း မမြဲ၊ အလှူ ခံပုဂ္ဂိုလ်လည်း မမြဲ”ဆိုသည့် တရားသ ဘောကို နှလုံးသွင်းပြီး စားဖြစ်သောက် ဖြစ်သည့်အကြိမ်က မရှိသလောက်ဖြစ် နေလေတော့ ပိုကြောက်လာမိသည်။
ဆိုတော့ တစ်ခါတစ်လေများတော့ နိဗ္ဗာန်မရောက်သည့်တိုင် အပါယ်တံခါး ပိတ်မည့် တရားမျိုးတော့ ကထိန်ရာသီ အတွင်း တစ်ကြိမ်တစ်ခါမျှ နာယူမှတ် သားချင်စိတ် ဖြစ်မိသည်။

သို့သော် ခက်နေသည်က အချိန် မပေးနိုင်ခြင်း ပြဿနာ။ တစ်ခြားအလုပ် တွေလုပ်ဖို့ အချိန်ပေးနိုင် သလောက် တရားနာဖို့အချိန်မပေးနိုင် ဖြစ်နေရသည်။ ဤသည်မှာလည်း မိမိ၏ညံ့ဖျင်းမှုဟုပင် မှတ်ယူရပေမည်။ တစ်ခါ တစ်ရံ အချိန် ပေးချင်သော်လည်း အလှူက တစ်နေ့ တည်း လေးမြို့နယ်၊ လေးနေရာလောက် ဖြစ်နေလျှင်တော့ အခက်တွေ့ရပြန် သည်။ ထိုအချိန်မျိုးဆိုလျှင်တော့ စရိတ် စကနည်းသည့် စူပါမင်းလိုအစွမ်းမျိုး ရချင်မိတော့သည်။ သို့မှသာ အလှူ တစ်ခုမှ အခြားတစ်ခုသို့ အမြန်သွား ရောက်နိုင်မည်ဖြစ်ပြီး တရားနာဖို့ အချိန် ပိုလာမည်မဟုတ်ပါလား။ ။