ဖိုးဖိုးကျောက်တွင် ဖမ်းမိသည့် ရှားပါးငါးမန်းကို ပင်လယ်ထဲပြန်လွှတ်

0
433

လောင်းလုံးမြို့နယ်ရှိ ဖိုးဖိုးကျောက် ကမ်းခြေတွင် ဖမ်းမိခဲ့သည့် ရှားပါး ငါးမန်းမျိုးစိတ် ငါးမန်းဖလောင်း (ဒေသ အခေါ် ၀စီပျော့)ကို ပင်လယ်ထဲ ပြန် လွှတ်ပေးခဲ့ကြောင်း မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနထံမှသိရသည်။
အောက်တိုဘာလ ၂၉ ရက်က ဒေသခံ ကမ်းနီးရေလုပ်သားတစ်ဦး ဖိုးဖိုးကျောက်ကမ်းခြေ အနီးတစ်ဝိုက် တွင် ငါးဖမ်းနေစဉ် အလျား ၁၅ ပေ၊ လုံးပတ် ၆ ပေခန့်ရှိသည့် ငါးမန်းကို ဖမ်းမိခဲ့ခြင်းဖြစ်ပြီးဖမ်းမိသည့် ရေလုပ် သားကချက် ချင်းပြန်လွှတ်ပေးခဲ့ကြောင်း အထက်ပါ ဦးစီးဌာနမြို့နယ်ဦးစီးမှူး ဦးအောင်တင်စောက ပြောသည်။

“အဲဒီဘက်မှာရှိတဲ့ ရေလုပ်သား တွေက ဒီလိုရှားပါး မျိုးတုန်းလုနီးငါးတွေ မဖမ်းရဘူးဆိုတာ သူတို့သိနေကြပြီ။ သူတို့မှာ အသိပညာတွေရှိနေကြပြီ ဆိုတော့ ဒီလိုပြန်လွှတ်ပေးလိုက်တာ နေမှာပေါ့”ဟု ဦးအောင်တင်စောက ဆို သည်။
ယင်းဝစီပျော့ ငါးမန်းများသည် ပင်လယ်ကမ်းခြေသို့ အစာရှာလာလေ့ ရှိပြီး ယမန်နှစ် နိုဝင်ဘာလကလည်း လောင်းလုံးမြို့နယ် ထောင့်နန့်ကမ်းခြေ တွင် တစ်ကောင်ဖမ်းမိပြီး ပြန်လွှတ်ပေးခဲ့ ဖူးကြောင်း ၎င်းက ပြောသည်။

ယခုဖမ်းမိသည့် ငါးမန်းမှာ အရွယ် အစားအားဖြင့် အကောင်ပေါက်စ အရွယ်သာရှိသေးပြီး အရွယ်ရောက်နေ သည့် ၀စီပျော့ငါးမန်းတစ်ကောင်သည် အလျားအားဖြင့် ပေ ၄၀ ခန့်ရှိကြောင်း ၎င်းက ပြောသည်။
ဝစီပျော့ ငါးမန်းအပါအဝင် ဝေလ ငါး၊ လင်းပိုင်၊ ပင်လယ်လိပ် စသည့်တို့ ကိုလည်း ဖမ်းဆီးခြင်းမပြုရန် တားမြစ် ထားကြောင်း လောင်းလုံးမြို့နယ် ငါး လုပ်ငန်းဦးစီးဌာနထံမှ သိရသည်။