ဂျင်း

0
735

ငယ်ငယ်က ကိုယ်မသိလိုက်ဘဲ စာခိုးပေးခံရ ဖူးပါသလား။ လွယ်အိတ်ထဲ၊ စာအုပ်ကြားထဲ၊ အိမ်၏ တစ်နေရာရာတွင် ကိုယ်လစ်ချိန် လာထားသွားခြင်းမျိုး။ ကိုယ်ကလည်း အခြားသူများကို ထိုသို့ ခိုးကြောင်ခိုးဝှက် စာပေးဖူးပါသလား။
ရည်းစားစာ ပေးခံရတာ၊ ပေးတာကို ဆိုလိုခြင်း မဟုတ်ပါ။

“ဒီစာကို လူ ၁၀ ယောက်သို့ ဖြန့် ဝေပါ။ ဖြန့်ဝေလျှင် စာမေးပွဲအောင်မည်။ ထီပေါက်မည်။ မဖြန့်ဝေလျှင် သေသည် အထိ သင်ကံဆိုးနိုင်သည်။ မောင်ဘက ဖြန့်ဝေသဖြင့် ထီပေါက်သည်။ မလှက မဖြန့်ဝေသဖြင့် မြွေပေါက်ခံရသည်။ သာမည ဆရာတော်အိပ်မက်” ဟူသော စာမျိုးကို ဆိုလိုပါသည်။
တစ်ချိန်က ထိုစာမျိုး မိမိတို့ထံ တစ်နည်းနည်းဖြင့် ရောက်ရောက်လာ တတ်သည်။
ထိုစာမျိုး သင့်ထံရောက်လာစဉ်က မည်သို့ ဆုံးဖြတ်ခဲ့ပါသနည်း။
တချို့ကမူ ငွေမကုန်ဘဲ စာရွက် တွင်သာရေးကာ လိုက်ဝေရသည့် စာမျိုးကို မဆိုထား၊ ငွေစက္ကူပေါ် တွင်ရေးကာ ဝေရသည် မျိုးကိုပင် လုပ်ခဲ့ကြရသည်။

‘ဤသို့ စာပုံတူရေးကာ ငွေအရွက် မည်မျှ ပြန်ဝေရမည်၊ မဝေလျှင် ဘေး တွေ့မည်၊ +++ဆရာတော်အမိန့်’ ဟူ သော ၅ ကျပ်တန်၊ ၁ကျပ်တန်တို့ ငယ်ငယ်က လက်ခံရရှိဖူးကာ မိမိလည်း ပြန်ဝေဖြစ်ကြောင်း ကော့သောင်းမြို့၊ အောင်သုခရပ်ကွက်မှ အသက် ၄၅ နှစ် အရွယ် ကိုမင်းမင်းက ပြောသည်။
‘ကြောက်တော့ တစ်ရွက်လောက် ရေးပြီး သူများ မသိအောင် လုပ်ဖူးတယ်၊ မုန့်ဝယ်စားရင်း ပေးလိုက်တယ်ပေါ့’ဟု ဦးမင်းမင်း ပြောသည်။

တစ်နေ့ မုန့်ဖိုး ငွေ ၁၀ ရသော လူငယ်မျိုးတွင် ၁၀ ရွက် ပြန်ဝေရမည် ဆိုသော ၅ ကျပ်တန်တစ် ရွက် လက်ခံ ရှိပါက ထိုလူငယ်ကား မလွှင့်ပစ်နိုင် အောင် လေးလံသည့် အချိန်ကိုက်ဗုံးကြီး ခေါင်းပေါ်တင်ထားရသလို ငိုမဲ့မဲ့။
ငွေစက္ကူပေါ်ရေးထားသည့် ကျိန်စာ များ မိမိအပေါ် ဘယ်တော့များ ကျ ရောက်လာလေတော့မလဲဟု တွေး ကြောက်မှုက တော်ရုံနှင့် မပျောက်တော့။
ထိုသို့သော အယုံလွယ်သူတို့က တစ်ခေတ်တစ်ခါက မပေါ်လွင်လှ။ ၎င်းတို့ကိုယ်တိုင်ရင်ဖွင့်မှ သိရသည့် သဘော။
တယ်လီဖုန်းခေတ်၊ အင်တာနက် ခေတ်သို့ ရောက်သောအခါ အယုံလွယ် သူတို့ တဖြည်းဖြည်း ပေါ်လွင်လာသည်။
ယခုခေတ်တွင်မူ အယုံလွယ်သူများ ကို ပိုမို ထင်ထင်ရှားရှား တွေ့နေနိုင်ပါပြီ။

အထူးသဖြင့် လူမှုကွန်ရက် စာမျက် နှာ (Facebook) ပေါ်တွင် ဖုံးမနိုင် ဖိမရ ပေါ်လွင်စွာ မြင်တွေ့ရတော့သည်။
“ဒီပို့စ် (Post) ကို လိုက် (Like)ပေးပါ။ ရှယ် (Share)လိုက်ပါ၊ ကွန်မက် မှာ Love ဟု ရေးပါ။ သင်ထီပေါက် မည်၊ စာမေးပွဲ အောင်မည်၊ ချစ်သူဆီက အချစ်အဖြေရမည်”ဟူသော စာမျိုးကို ၎င်းတို့ ခိုင်းသည့်အတိုင်း လိုက်လုပ်နေ သူတို့ ဒုနှင့်ဒေး။
Facebook စသုံးစဉ်အချိန်က ယင်းသို့သော ပို့စ်မျိုးကို အဟုတ်မှတ် နိုးနိုးဖြင့် တွေ့တိုင်း အမြဲရှယ်ခဲ့ဖူးကြောင်း မြိတ်မြို့
ဇေယျာသီရိရပ်နေ အသက် ၃၂ နှစ်အရွယ် မကေဇင်က ပြောသည်။
“ထီပေါက်မယ် ကံကောင်းမယ်၊ ငွေဝင်မယ် ဘာညာနဲ့ သူတို့ပြောသလို လုပ်ကြည့်တာ၊ နောက်ဆုံးတော့ ဘာမှ မဟုတ်ဘူး။ တွေးကြည့်ရင် ရယ်စရာ ကြီးပဲ ဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။

မြိတ်သားတစ်ဦးဖြစ်သည့် မြို့သစ် ရပ်နေ အသက် ၄၅ နှစ်ရှိ ဦးမောင်လတ် ကလည်း လွန်ခဲ့သည့် နှစ်နှစ်ခန့်အထိ တွေ့သမျှ အကုန်ရှယ်၊ အကုန်လိုက် လုပ်ခဲ့ကြောင်း ပြောသည်။
“နောက်ပိုင်း တဖြည်းဖြည်းနဲ့ Fခေနဘသသု အရည်ဝလာတော့ ကိုယ်က သောက်ပေါကြီး ဖြစ်နေမှန်း သိလိုက် ရတယ်”ဟု ဦးမောင်လတ်က ပြောသည်။
ယခုကား ထိုမြိတ်သူနှင့် မြိတ်သား တို့က တွေ့ကရာကို ခိုင်းသမျှ မစဉ်စား မဆင်ခြင်ဘဲ လိုက်မလုပ်တော့ဟု ပြောပါ သည်။
သို့သော် အယုံလွယ်လွန်းသူတို့ကို အကျိုးအမြတ်အရဖြစ်စေ၊ အပျော် သဘောအရဖြစ်စေ လိမ်လည်နေသော ပို့စ်များ အောင်မြင်နေဆဲပင် ဖြစ်သည်။

ပို့စ်ကို လိုက်ပါ၊ ကွန်မက်ရေးပါ၊ ရှယ်ပါ၊ ဘာကို မြင်ရမည်၊ ဘာကို လက်ဆောင်ရမည် စသဖြင့် ရေးထားလျှင် ပို့စ်များ လိုက်၊ ရှယ်ယာ ကွန်မက်တို့ တန်းစီနေဆဲ ဖြစ်သည်ကို တွေ့ရပါလိမ့် မည်။
“အခုလက်ရှိ အချိန်အထိလည်း Facebook  ပေါ်မှာ ဂျင်းထည့်တဲ့ ပိုစ့် တွေရှိနေသေးတယ်။ အဲဒီဟာတွေကို ဘယ်လို ကာကွယ်မလဲဆိုတာတော့ ခုချိန်အထိတော့ သေချာမသိသေးဘူး”ဟု ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်မှ ကိုကျော်ရဲသူက ပြောသည်။
တချို့က ဂျင်းထည့်မှန်းသိလျက်နှင့် (သို့မဟုတ်) မယုံသလိုလို၊ ယုံသလိုလိုနှင့် စမ်းကြည့်နေကြဆဲ ဖြစ်သည်။ ကိုယ့် ဘက်မှ ဘာမျှ မကုန်ဘဲ၊ လက်ဆောင်ရ လျှင်၊ ထူးဆန်းသည့်ပုံ ကြည့်ရလျှင် အမြတ်ဟု တွက်ဆကာ စမ်းသပ်နေကြဆဲ ဖြစ်သည်။
အယုံလွယ်သဖြင့် မိမိဘက်မှ ဘာမှ ဆုံးရှုံးစရာမရှိဟု မတွေးဆသင့်ပါ။ မိမိ၏ လုပ်ဆောင်ချက်က လိမ်လည် အမြတ်ထုတ်ရန်၊ ဂျင်းထည့်ရန် ချောင်း နေ၊ စောင့်ကြည့်နေသူတို့အတွက် ပစ်မှတ် ဖြစ်လာနိုင်ပါသည်။
အနည်းဆုံး သိက္ခာ ဆုံးရှုံးပါသည်။

အယုံလွယ်လွန်းသဖြင့် လောဘ သမား တို့၏ သားကောင်ဖြစ်သွား သူတို့လည်း မိမိတို့ဝန်းကျင်တွင် တွေ့ နေရဆဲ ဖြစ်ပါလိမ့်မည်။
မိမိကိုယ်တိုင်က ‘ဒီစာကို မဖြန့်ဝေ ပါက တစ်ခုခုဖြစ်မည်’ဟူသည့် ယင်းစာ မျိုးအား တစ်ပါးသူအား ထပ်ဖြန့်မိလျှင် တစ်ပါးသူ မိမိကဲ့သို့ စိတ်ဖြစ်ရမည်ကို ပြန်တွေးပေးသင့်ပါသည်။ ကိုယ်ချင်း စာနာသင့်ပါသည်။
ကော့သောင်း ပိတောက်ရွှေဝါ ရပ်ကွက်နေ အသက် ၃၂အရွယ် မခိုင် ကတော့ ထိုစာမျိုးပို့သူကို အလွန်ပင် မုန်းတီးကာ သူငယ်ချင်းအဖြစ်မှ ရပ်ဆိုင်း ပစ်ချင်ကြောင်း ပြောသည်။

“ဒီစာကိုမဖြန့်ရင် နင့်အမေသေ လိမ့်မယ်ဆိုပြီး လာပို့ပေးသူကို ဖုန်းဆက် ဆဲဖူးတယ်၊ ပို့ပို့လာချင်း ဒေါသအရမ်း ထွက်သွားမိတယ်။ အိမ်အထိသွားပြီး ပါးသွားရိုက်ဖို့အထိ ဖြစ်ဖူးတယ်၊ သူစိမ်း တွေထဲကထက် သူငယ်ချင်းတွေက ပိုများတယ်”ဟု မခိုင်က ဆိုသည်။
အွန်လိုင်းအတွေ့အကြုံလည်းများလာသည့် မြိတ်မြို့သားကြီး ဦးမောင် လတ်ကမူ ယခုအချိန်တွင် လူမှုကွန်ရက် ပေါ်က စာများကို သေချာဂနစွာဖတ်ကာ လူအများ အကျိုးရှိသည်များကိုသာ ရှယ်တော့ပြီး အလိမ်အညာပို့စ်များရေးသားသူများကို လူမှုကွန်ရက်တည် ထောင်သူများက ဖယ်ရှားစေလိုကြောင်း ပြောလာသည်။

“ပိုစ့်တစ်ခုမြင်တိုင်း အယုံမလွယ် ပါနဲ့၊ အင်တာနက် လူမှုကွန်ရက်ပေါ်မှာက လူလိမ်လူညာတွေများတယ်။ နောက်ပြီး ၆၆ ဃ ကလည်း ကိုယ်ရှယ်တဲ့ပိုစ့်နဲ့ တွဲပါတတ်တယ်ဆိုတာကိုပါ ပြောချင် တယ်”ဦးမောင်လတ်က ပြောသည်။
မြိတ်သူ မကေဇင်ကလည်း ယခု အချိန်တွင် သူမမြင်သမျှ မရှယ်တော့ဟု ဆိုသည်။
သို့သော် ဂျင်းပို့စ်အချို့၏ ဖြား ယောင်းမှုမှ သူမ ရုန်းမထွက်နိုင်သေး ကြောင်း ဝန်ခံလာသည်။
“တစ်ခါတလေဆို ဒါဂျင်းထည့်နေ တယ်ဆိုတာ သိရဲ့သားနဲ့သူခိုင်းသလို လိုက်လုပ်မိနေတုန်းပဲ။ ယုံလို့လုပ် တာတော့ မဟုတ်ဘူး၊ မယုံလို့လုပ်တာ။ လုပ်လိုက်ရင် ဘာဖြစ်မလဲပေါ့”ဟု မကေဇင်က ဆိုလေသည်။