ကော့သောင်း မီတာခ ဈေးကျရန် စက်သုံးဆီ လုပ်ငန်းရှင်များနှင့် ဆွေးနွေးမည်

0
445

ကော့သောင်းမြို့နယ်တွင် တရိပ် ရိပ်တက်လာနေသည့် မီတာခဈေးကြောင့် စက်သုံးဆီ တင်သွင်းရောင်းချနေသည့် ကုမ္ပဏီများနှင့် အရောင်းဆိုင်များကို ခေါ်ယူတွေ့ဆုံကာ ညှိနှိုင်းသွားမည်ဖြစ် ကြောင်း ကော့သောင်းခရိုင် အုပ်ချုပ်ရေး မှူး ဦးနေဦးက ပြောသည်။
မြို့မီးလင်းရေးအတွက် စက်သုံးဆီ ရောင်းချနေသူများကို ခေါ်ယူတွေ့ဆုံကာ စက်သုံးဆီဈေးကို တတ်နိုင်သရွေ့ အရင်းနီးပါးဈေးအတိုင်း အလှည့်ကျ ရောင်းချပေးနိုင်ရေး ဆွေးနွေးညှိနှိုင်း သွားမည်ဖြစ်ကြောင်း ခရိုင်အုပ်ချုပ်ရေး မှူး ဦးနေဦးက ဆိုသည်။
“မီတာခဈေးကို လုံးလုံး မထိန်းချုပ် နိုင်တာတောင် ကုမ္ပဏီဘက်က ဆီဈေး ကျရင် မီတာခလျှော့ကောက်လို့ရအောင် ပြည်သူအတွက် နည်းလမ်းတစ်ခုရှာ တာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

မေလက တစ်ယူနစ်ကျပ် ၃၃၀ ရှိ သည့် ကော့သောင်းလျှပ်စစ်မီတာခသည် အောက်တိုဘာလတွင် ကျပ် ၄၈၅ အထိ တက်လာခဲ့ပြီး မီးသုံးစွဲသူများကြားတွင် လည်း ဝေဖန်မှုမြင့်တက်လာခဲ့သည်။
“ကျွန်တော်တို့ ကုမ္ပဏီတွက်ချက်မှု အရဆို တစ်ယူနစ် ၅၁၁ ကျပ်လောက်ထိ ကုန်ကျစရိတ်ဖြစ်နေတယ်”ဟု KDDPC လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးရေးမှ ပြောဆို ခွင့်ရှိသူ ဒါရိုက်တာအဖွဲ့ဝင် ဦးရဲမွန်က ပြောသည်။

မီးစက်လည်ပတ်နိုင်ရန်အတွက် စက်သုံးဆီကို လစဉ် လေလံဖြင့် ခေါ်ယူ ကာ ဝယ်ယူခြင်းဖြစ်ပြီး မှောင်ခိုဈေး ကွက်မှ ဝယ်ယူမှုမရှိသောကြောင့် ပေါက် ဈေးအတိုင်း ပေးဝယ်ရကြောင်း ယင်း ကုမ္ပဏီ ဥက္ကဋ္ဌ ဦးသိန်းလွင်က ဆိုသည်။
“အခုလို ထိန်းညှိပေးလဲ ယာယီပဲရ နိုင်မယ်၊ အရင်အစိုးရလက်ထက်ကလဲ ခုလိုဈေးထိန်းပြီး အရှုံးခံမီးပေးဖူးပေမဲ့ ရေရှည်အဆင်မပြေခဲ့ဘူး၊ နောက်လတွေ ဒီဇယ်အကျဈေးနဲ့တော့ ဝယ်နိုင်တဲ့အ ခြေအနေတော့ ရှိတယ်၊ အဓိကက နိုင်ငံ တော်က ထောက်ပံ့မှုတွေ ပေးရမယ်”ဟု ကော့သောင်းတွင် လျှပ်စစ်ဓာတ်အား ဝန်ဆောင်မှုပေးနေသည့် နောက်ထပ် ကုမ္ပဏီတစ်ခုဖြစ်သည့် ဖိုးသီးချို ကုမ္ပဏီ မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ ဝင်းထိန်က ရှင်းပြသည်။

ကော့သောင်းမြို့နယ်တွင် စက်သုံး ဆီ သိုလှောင်ဖြန့်ဖြူးခွင့် လိုင်စင်ရထား သည့် လုပ်ငန်းရှင် ၅ ဦး ရှိကြောင်း ကော့သောင်းခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနထံမှ သိရသည်။