အောင်ဘာလေ ထီပေါက်သူအချို့ ဆက်သွယ်မရ

0
451

အောင်ဘာလေထီပေါက်သူအချို့မှာ ထီပေါက်သည်ဟု အကြောင်းကြားရန် အတွက် ဆက်သွယ်၍ မရဘဲဖြစ်နေ ကြောင်း ထားဝယ်မြို့ရှိ ထီလက်မှတ် ရောင်းသူအချို့ထံမှ သိရသည်။
ထီပေါက်သူအချို့မှာ လာရောက် မထုတ်ယူကြသည့်အပြင် ဖုန်းဖြင့်ဆက် သွယ်ရာတွင်လည်း ဆက်သွယ်၍မရဟု ထီလက်မှတ်ရောင်းသူအချို့က ဆိုသည်။
၎င်းအပြင် အချို့မှာ နာမည်၊ လိပ် စာနှင့် ဖုန်းနံပါတ်ကို အမှန်အတိုင်းမပေး ထားသဖြင့် ဆက်သွယ်အကြောင်းကြား၍ မရဘဲဖြစ်နေပြီး ထီလက်မှတ်မထုတ်သူ များမှာ တစ်လလျှင် ၂ ဦးမှ ၃ ဦးခန့်အထိ ရှိကြောင်း SKY LIGHT (MMT) ထီဆိုင်မှ ဒေါ်မိုးမိုးသူက ပြောသည်။

“ထီထိုးချိန်ဆို ဆက်သွယ်လို့ရမယ့် နာမည်နဲ့ ဖုန်းနံပါတ်တစ်ခုနဲ့ သူ့နေရပ် လိပ်စာတစ်ခုခုတော့ ပေးသင့်တယ်။ အဓိက ကတော့ ထီကို ကိုယ်တိုင်တိုက်စေ ချင်တယ်။ ထီဆိုင်က ဖုန်းဆက်ချိန်ဆို ဖုန်းမကိုင်ဘူး။ တချို့ကလည်း နာမည် နဲ့ လိပ်စာ၊ ဖုန်းနံပါတ်တွေကို လိမ်ပြီး ပေးကြတာရှိတယ်”ဟု ဒေါ်မိုးမိုးသူက ဆိုသည်။
တစ်လလျှင် ထီဆု ၂၀၀ မှ ၄၀၀ ခန့်အထိ ပေါက်လေ့ရှိသည်ဆိုသည့် ထားဝယ်မြို့ရှိ ထီဆိုင်တစ်ဆိုင်တွင်မူ ဆုငွေလာမထုတ်သူ တစ်လလျှင် ၃၀ ဦးမှ ၅၀ ဦးခန့်အထိ ရှိကြောင်း ယင်းထီ ဆိုင်ပိုင်ရှင်က ပြောသည်။

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက် နေ့တွင် ဖွင့်လှစ်သော ၉ ကြိမ်မြောက် ၅၀၀ကျပ်တန် အောင်ဘာလေသိန်းဆုဖွင့် ပွဲမှ ရရှိသည့် ဆုလက်မှတ်အပါအဝင် ဆုလက်မှတ်ပေါင်း ၁၁၃၈၇ ဆုကို ယနေ့ တိုင် တောင်းခံခြင်း မရှိသေးကြောင်းကို ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အောင် ဘာလေသိန်းဆု ဌာနခွဲက နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထီဖွင့်သည့်နေ့မှ တစ်နှစ်အတွင်း လာရောက်မထုတ်ယူသည့် ဆုငွေများကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ် ကြောင်း ကြေညာထားသည်။