ပွဲချိုးမှတ်စု

0
1266

“ပွဲ…ကရန် ခုနှစ်သံချီ..ဆွဲ…(ဪ..) သွားလိုက်ကြတာ လူတွေ မနည်း …..(လာလေ…စောစောသွားမှ တို့နေရာရမယ်)… အရပ်ထဲ….ဇာတ်ပွဲ ကနေတယ်ကွယ်”။
စွဲမက်ခဲ့ရတဲ့ “ပွဲကြိုက်ခင်” သီချင်း စာသားထဲကလို အိမ်က လူကြီးတွေကြည့် ဖို့ ဇာတ်ပွဲကမယ့်နေ့မှာ စင်ဆောက်ထား တဲ့ မြေကွက်လပ်ဆီ မနက်စောစောက တည်းကသွားပြီး လုံ့လဥဿဟ ကြီးစွာ နဲ့နေရာ ဦးဖျာခင်းပေးရတယ်။ ကျွန်တော် တို့ကတော့ ဒီလိုနေရာနဲ့ ဘာနဲ့ အကျအန ထိုင်ပြီးလည်း မကြည့်ချင်၊ ကားလိပ်ဆွဲတဲ့ သူ အော်ငေါက် မောင်းထုတ်လည်း၊ အမြင်ကတ်စရာကောင်းလှတဲ့ လူကြမ်း ကြီးကို လစ်ရင်လစ်သလို သားရေပင်နဲ့ ဆော်ဖို့ ဇာတ်စင်ထောင့်ပေါ်ရအောင် ကုတ်ကပ်တက်၊ အနီးကပ် အားပေးချင်ကြ တဲ့ အမာခံပရိသတ်တွေပေါ့။
မိုးတွေ လေတွေကင်းပြီး ပွင့်လင်း ရာသီ စပြီဆိုတာနဲ့၊ ဆိုင်ရာပိုင်ရာ ရွာရှင် နတ်တွေကို ပူဇော်၊ တိုက်ထားတဲ့ ဇာတ် တွေကို လမိုင်းကပ်အောင် ကိုယ့်ရပ်ကိုယ့် ရွာမှာ ပထမဆုံးကပြတဲ့ ဇာတ်ပွဲကို”မြေ ဝိုင်းချတယ်” လို့ ခေါ်ကြတယ်။

“မြစန်းရီပွဲ” လို့ခေါ်ကြတဲ့ “ညီ ညွတ်ရေးဇာတ်သဘင်”က ဆေးရုံလမ်း၊ ပိန္နဲတောဗလီဘေး က မြေကွက်လပ်မှာ၊ “စိန်ကျပွဲ”လို့ ထားဝယ်က လူတွေနှုတ် ကျိုးနေကြတဲ့ “ဆန်းသစ်ဇာတ်ပွဲ”က ဇရစ်ရပ်ကွက်၊ မင်္ဂလာလမ်းမှာ နှစ်တိုင်း အစဉ်အလာမပျက် မြေဝိုင်းချလေ့ ရှိ တယ်။
ငယ်တုန်းက မှတ်မိသမျှ ဇာတ်ပွဲတွေ ကတော့ ဖိုးစိုးပွဲ(ဆန်းညွန့်စိန်)၊ မြစန်းရီပွဲ (ညီညွတ်ရေး)၊ စိန်ကျပွဲ(ဆန်းသစ်)၊ ရွှေသွေးပွဲ၊ တက်သစ်စ၊ ကမ္ဘာကျော်၊ မသဲအူပွဲတွေ။

အခုထိ မှတ်မိနေဆဲ “ကြည်အောင် သေနတ်ပစ် လက်တည့်တယ်နော်” ဆိုတဲ့ ပြဇာတ်မင်းသား သံလွင်ကြည်အောင်၊ ဇာတ်စင်ဟိုဘက်ဒီဘက် တန်းထားတဲ့ ကြိုးတန်းပေါ်အိပ်ပြ၊ ကလေးလူကြီး လက်ခုပ်သံ တဖြောင်းဖြောင်းညံအောင် ဖိုက်တင်ချ ပြတတ်တဲ့ “တေလေညိုမင်း”၊ ပါးစပ်မစေ့ နိုင်အောင် ရီရတဲ့(ဦး)မှင်တံ၊ ဆာမိ၊ ရွှေသွေး၊ အာလူး၊ ပန်းပွင့်၊ အိုကေစတဲ့ လူရွှင်တော်တွေ၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်ပါး သိုင်းမွေးတွေ ထင်းနေ အောင် ဆွဲထားပြီး၊ မင်းသမီးမင်းသား တွေကို အနိုင်ကျင့်၊ မခံချိမခံသာဖြစ်အောင် စကားလုံးတွေနဲ့ ဆွ၊ ခလေးတွေက သရေပင်တရွှပ်ရွှပ်နဲ့ ဆုချကြတဲ့မိုးသီး၊ အောင်သိုက်စတဲ့ လူ ကြမ်းမင်းသားတွေ အပြင် ဇာတ်ပွဲတွေအကြောင်း တွေးမိတိုင်း ဇာတ်ဆရာ၊ အကမင်းသား၊ ပြဇာတ် မင်းသား၊ လူရွှင်တော်၊ လူကြမ်း၊ ဆိုင်း သမား ဘာတစ်ခုမှ မဟုတ်ဘဲ ထူးထူး ခြားခြား သတိရမိတတ် သူတစ်ယောက် ကတော့ စိန်ကျဇာတ်ပွဲမှာ ဆေးပြင်း လိပ်ပါးစပ်က မချတမ်းခဲပြီး၊ ကားလိပ်ဆွဲ၊ ယမ်းဖောက်တာဝန်ကို စွဲစွဲမြဲမြဲ လုပ်သွား ခဲ့သူ “နောန်အ”။

စကားမပြောတတ်ပေမယ့် လက် ဟန်ခြေဟန်ပြ၊ ဝူးဝူးဝါးဝါးနဲ့ တုတ်တစ် ချောင်းကိုင်ပြီး ကျွန်တော်တို့ကို စင်ပေါ် က မောင်းချနေကျ။ သူ့ကိုပြန်သတိရတော့ ဆေးပြင်းလိပ်အနံ့ကြီးပါ နှာခေါင်းထဲ ရောက်လာသလို။
ဇာတ်ပွဲ မကြိုက်ကြသူတွေလည်း ကိုယ့်အရပ်နဲ့နီးတဲ့ နေရာတွေမှာ ဇာတ် လာကရင် ပွဲခင်းတော့ လျှောက်ကြည့်ကြ တာပဲ။ ပွဲဈေးတန်း တစ်လျှောက်ရောင်းကြ တဲ့၊ (က္လယ်မော)ခေါ်ကောက်ညှင်းကျည် တောက်၊ အာပုံမုန့်၊ ဘိန်းမုန့်၊ ခေါပျဉ်၊ မုန့်လေပွေ၊ မုန့်တဲပေါင်း၊ ဆီထမင်း၊ ကောက်ညှင်းပေါင်း၊ မုန့်လက်သုပ်၊ မုန့်ဟင်းခါး၊ ဝက်ခေါင်းသုပ်၊ ပြောင်းဖူး ဖုတ် ကြိုက်ရာစားကြ။

ကလေးတွေ ပူဆာတဲ့ မိုးပျံပူဖောင်း၊ အရုပ်ပူဖောင်း၊ ရွှံ့ဘီးလုံးမှာ သရေပင်ကို တင်းနေအောင်ရစ်ပြီး လွှတ်လိုက်ရင် တွန့်လိမ်တွန့်လိမ်နဲ့ပြေးတဲ့ မြွေရုပ်၊ ငါး ရုပ်၊ လက်လှုပ်ခြေလှုပ်လျှာထုတ် ပြောင်ပြနေအောင် လုပ်ထားတဲ့ ဆပ်ကပ် လူရွှင်တော်လို တုတ်ထိုးအရုပ်တွေ၊ ဂျပ်စက္ကူ အထူတွေနဲ့ပုံသွင်း၊ ဆေးရောင် ခြယ်ထားတဲ့ စစ်သူကြီး ခမောက်၊ စက္ကူအရုပ်မျက်နှာဖုံးတွေ၊ မှုတ်ရှည်၊ ဝါးပုလွေ၊ နှဲနဲ့ ကစားစရာ ဓား၊ လှံ၊ သေနတ်၊ ကား၊ ဆိုင်ကယ်တစ်မျိုးမျိုး တော့ ဝယ်ပေးကြရတော့တယ်။
ဆိုင်းဝိုင်းက ဧည့်ခံပဏာမ တီးလုံး စပြီဆိုကတည်းက ဇာတ်စင်နားက မခွာ၊ ပဉ္စရူပအရုပ်ကြီးနဲ့ ခန့်ညားလှတဲ့ ပတ် ဝိုင်းအလယ်မှာထိုင်ပြီး ချွေးသံရွှဲအောင် လက်စွမ်းပြတဲ့ရွာစား၊ ကြေးနောင်ဝိုင်း၊ ပတ်မတီး၊ နှဲဆရာ၊ ဝါးလက်ခုပ်သမားတစ်ယောက်ချင်းစီကို အံ့ဩတကြီးငေးရ၊ ဂစ်တာတွေ၊ ဒရမ်တွေနဲ့ခေတ်ပေါ်တီးဝိုင်း ကိုလည်း တစ်မျိုးကြိုက်ရပြန်၊ ဘုရားကန်တော့ခန်းနဲ့ကားလိပ်စမဖွင့်ခင်၊ ဇာတ်စင်ပေါ်တက်၊ ကားလိပ်ရှေ့ထွက်ပြီး အာပေါင်အာရင်းသန်သန်နဲ့ကြော်ငြာပြီး ရောင်းတတ်တဲ့ သစ်မြစ်၊ သစ်ဖုသစ်ဥ၊ တိရိစ္ဆာန်ဦးချို၊ စပါးကြီးသည်းခြေ၊ တောင်ဆိတ်ဆီ ဘာတွေညာတွေနဲ့ ဖော် စပ်ထားပါတယ်ဆိုတဲ့ တိုင်းရင်းဆေး၊ လိမ်းဆေးကြော်ငြာတွေ၊ အဝတ်အစား အစွန်းချွတ်၊ ဖားဥချွတ်ဆေးကြော်ငြာတွေ ကိုတော့ ကလေးတွေ သိပ်စိတ်မရှည်ချင် ကြဘူး။ ပွဲကြည့်ချင်လှပြီလေ။
ဇာတ်စင်အနောက်ဘက်က ကျူထရံ၊ တင်းတိမ်စ၊ စောင်တွေနဲ့ ကာထားတဲ့ မင်းသမီး၊ မင်းသားတွေ အလှပြင်၊ အဝတ်အစားလဲတဲ့ နေရာမှာလည်း ကာလသားတွေ ကလေးတွေ ရစ်သီ ရစ်သီ။ ပိုးကြေး ပန်းကြေး လက်ဆောင် လေးတွေ ပေးချင်သူနဲ့၊ ဟိုဟာမြင်ရနိုးနိုး၊ ဒီဟာတွေ့ရနိုးနိုး ချောင်းချင်ကြသူတွေနဲ့ ရုံးစုရုံးစု ဖြစ်နေတတ်သေးတယ်။

“ဗုဒ္ဓံ…မြတ်စွာဘုရားကို..ပူဇေမိ…ပူဇော်ပါ၏ဘုရား…ဓမ္မံ..တရားတော်မြတ် ကို..ပူဇေမိ..ပူဇော်ပါ၏ဘုရား…သံဃံ..သံဃာတော်မြတ်ကို..ပူဇေမိ..ပူဇော်ပါ၏ဘုရား.”အစချီပြီး ကန်တော့ခန်းနဲ့ ကား လိပ်ဖွင့်၊ နတ်ပင့်၊ သူငယ်တော်၊ အဆို အကတွေ အပြီးမှာတော့ “သာယာလှတဲ့ ချစ်စရာညချမ်း အချိန်အခါလေးမှာ၊ မိဘ ပြည်သူများကို ဖျော်ဖြေဖို့ အလှည့်ကျ ရောက်လာတာကတော့ ကျွန်တော်fများ “…..”ကပွဲသဘင်ရဲ့ ဇာတ်မင်းသားချော လေး”……”၊ မင်းသမီးချောလေး”….”နဲ့ အတူ တွဲဖက်သရုပ်ဆောင်ကြမယ့် အလှ ကုမ္မာရီလေးများရဲ့ အကအလှအပြော အဆို စုံစုံလင်လင်နဲ့ ပရိသတ်ရဲ့ဘဝင် ကို လန်းရွှင်စေမယ့် ဇာတ်ညွှန်းဆရာ”….”ရေးသားတင်ဆက်လိုက်တဲ့”……” လို့ အမည်ရတဲ့ အော်ပရာဇာတ်လမ်းကိုဆက် လက်ကြည့်ရှုခံစားကြရအောင်လား..ချစ်စွာသော ရွှေပွဲလာ…”။ ဆိုတဲ့နှုတ်ခွန်း ဆက် စကားတွေနဲ့အတူ၊ အခန်းအကူး အပြောင်း၊ ကားလိပ်အချ၊ ကားလိပ် အတင် ပွဲခင်းထဲက ပရိသတ်ဆီ လှည့် ထွန်းထားတဲ့ မီးလင်းချိန် အပိုင်းအခြား လေးထဲမှာ၊ “ဆီးသီး၊ ဆီးသီး၊ ပဲတော့၊ ပဲတော့၊ ငါးမုလေရမယ်၊ ငါးမု၊ ငါးမု”ဆိုတဲ့အသံတွေနဲ့ အိပ်ချင်ပြေ ဇီးထုပ်၊ အဆာပြေဝါးစရာ ငါးမုန့်ကြော်၊ မြေပဲ တောင့် မြေပဲလှော်၊ ပြောင်းဖူးပြုတ်ရောင်း တဲ့သူတွေဟာ ပရိတ်သတ်ကြားထဲ နင်းမိ ပြုမိမှာစိုးလို့ ကုန်းကုန်းကွကွ၊ တိုးတိုး ဝှေ့ဝှေ့၊ တောင်းတောင်းပန်ပန်နဲ့ ရောင်း ဝယ်ကြရတာလည်း ဇာတ်ပွဲနဲ့အတူတွေ့ ရတတ်တဲ့ မြင်ကွင်းတစ်ခုပါပဲ။
ဇာတ်အသုံးအဆောင် စုံစီနဖာထည့် တဲ့ ကျွန်းသား၊ ထင်းရှူးသား ဇာတ် သေတ္တာကြီးတွေလည်း ဇာတ်ပွဲထဲမှာ ကျရာအခန်းကနေဝင်ပြီး အားဖြည့်ရ တယ်။ ရှင်ဘုရင်၊ ရသေ့၊ ရဟန်းထိုင်တဲ့ အခါ ပလ္လင်ဖြစ်ရ၊ ရေလှိုင်းပုံရေးထားတဲ့ ပိတ်စကြီး အရှေ့ကကာ၊ လှေပုံကားချပ် ထောင်ပြီး လှော်တက်လေးကိုင် ထင်းရှူး သေတ္တာပေါ် တက်ထိုင်လိုက်တဲ့အခါ လှေသမ္ဗာန် ဖြစ်ရပြန်တာမျိုးပေါ့။

ဇာတ်တွေမှာ အော်ပရာ၊ တစ်ခန်း ရပ်ဇာတ်လမ်းတိုနဲ့ ပြဇာတ်အပြီး၊ အငြိမ့် ခန်း၊ နှစ်ပါးခွင်နဲ့ နောက်ပိုင်းဇာတ်တော် ကြီး မကခင် အားလပ်ချိန် နာရီဝက်ပေး လေ့ ရှိတယ်။ ရေထဲရှာဖွေစားသောက်တတ် ကြသူတွေ ပူဇော်ပသလေ့ရှိကြတဲ့ ဦးရှင် ကြီး ဇာတ်ထုပ်၊ မရွှေဥ ကျားကိုက်ခန်း ကတော့ ဆိုင်းကလည်း ဗိန်းမောင်းသံနဲ့ ပံ့ပိုး၊ စင်ပေါ်မှာလည်း ပြေးလိုက်လွှား လိုက် ခုန်အုပ်လိုက်နဲ့၊ ရုန်းရင်းဆန်ခတ် နိုင်လှတာမို့ တချို့ကလေးတွေ မကြည့်ရဲ မျက်လုံးလက်နဲ့ ပိတ်မျက်နှာလွှဲနေကြတာ မျိုးလည်းရှိရဲ့။ အဆိုအငို အပြော ပိုင်ပိုင် နိုင်နိုင်နဲ့ ကပြရတဲ့ မင်းကြီးမင်းလေး တောင်ပြုံးမင်းညီနောင်၊ ပန်းပဲမောင်တင့် တယ်လို နောက်ပိုင်းဇာတ်ထုပ်တွေကျ တော့ လူကြီးတွေအဖို့ နောက်တစ်ရက်နှစ်ရက်စားမြုံ့ပြန်ပြီး ပြောမဆုံးအောင် အကြိုက်တွေ့တတ်ပေမယ့် ကလေးတွေ ကတော့ ငိုက်ကြပြီ။

ဗလာဇာတ်ပွဲတွေနဲ့သာ လက်ပွန်း တတီးရှိခဲ့တဲ့ ကျွန်တော့်တို့အဖို့ အထူး တဆန်း တငေးတမောဖြစ်ခဲ့ရတာက အနောက်ရွှေဘုံသာဘုရား(မောလဲဘုရား) ပွဲမှာ ရုံသွင်းပြီးပြလို့ ကြည့်ခဲ့ရဖူးတဲ့ ရဲ စိန်၊ ညီဝင်းစိန်၊ ပုလင်းစိန်၊ ဖန်ခွက်စိန်၊ အမြည်းစိန်တို့ရဲ့ “စိန်မဟာသဘင်” ဇာတ်ပွဲ၊ ပြီးတော့နိုင်ငံတော်အစီအစဉ်နဲ့ နယ်လှည့်ကပြတဲ့ “ယဉ်ကျေးမှုကပွဲ”တွေ ပဲ။ ဇာတ်ခုံအပြင်အဆင်၊ ပန်းချီလက်ရာ ကောင်းကောင်းနဲ့ တောကား တောင်ကား တွေ၊ ပရိုဂျက်တာသုံးပြီး ပိတ်ကားပေါ်ထိုး ပြလို့ အပြင်ကလို အသက်ဝင်လှတဲ့ နောက်ခံရှုခင်းတွေ၊ နီယွန်မီး၊ အနုမြူမီးဆလိုက်အလင်း အမှောင်၊ အသံပိုင်းဆိုင်ရာ အစစ အရာရာ ကွာဟလွန်းတော့ ကိုယ့်အရပ်နဲ့ ကိုယ့်ဇာတ်မှာ ငြိမ့်နေတဲ့ ကျွန်တော် တို့ကို လန့်ဖျတ်သွားစေတယ်။

ကြည့်ခဲ့ရဖူးတဲ့ယဉ်ကျေးမှုကပွဲရဲ့ “စဥ့်ကူးမင်းခေါင်းလောင်းတော်”ဆယ်တဲ့ အခန်းဆို ခုထိစွဲနေတုန်း ဆိုရမယ်။ နိုင်ငံ ကျော်နာမည်ကြီး ဇာတ်ဆရာ၊ ဇာတ်မင်းသားအကျော် အမော်တွေဖြစ်တဲ့ မြို့တော် သိန်းအောင်၊ မောင်ယဉ်အောင်၊ ဘီအီးဒီ အောင်သိုက်၊ မောင်စိတ္တ၊ ပန်တျာကြည်လင်၊ မိုးဝင်း၊ မိုးမင်း၊ မန္တလေးသိန်းဇော်၊ ချမ်းသာ၊ ပြဇာတ် ဆရာ ငြိမ်းမင်း၊ အနုပညာစလင်း ဌေးကြည်၊ ဒယ်ဒီဂမုန်းစတဲ့ သူတွေကို တော့ မဂ္ဂဇင်း၊ စာစောင်တွေထဲမှာသာ ဖတ်ရမြင်ရပြီး သွားလာရခက်ခဲ၊ နယ် မြေမအေးချမ်းတဲ့ ကျွန်တော်တို့နယ်ဖက် လာကတာ တစ်ခါမှကို မရှိတော့ မကြည့်ခဲ့ရဖူးဘူးပေါ့။
ဝတ္ထုအနေနဲ့ရော၊ စင်တင်ပြဇာတ် တွေအဖြစ်နဲ့အပြင် ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးတွေအနေနဲ့ပါ အောင်မြင်ခဲ့တဲ့ “သဘင်သည်မဝင်ရ”၊ ” ကိုးဆယ်ဆ သာလိမ့်မယ်”၊ “ခုနှစ်အိမ်တန်းက မဂျမ်းဘုံ”၊ “ဓား တောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်”၊”ပန်းလှေ” စတဲ့ အဲဒီခေတ်အခါက ပေါ်ထွက်ခဲ့တဲ့ အနုပညာလက်ရာတွေဟာ လည်း အခုထိစွဲမက်စရာ ကောင်းဆဲပါ။

မိုးကျလို့ ဇာတ်ခေါင်းကွဲချိန် ဇာတ် နားချိန်တွေမှာ ချိတ်၊ အပ်၊ မီးခြစ် ကျောက်၊ အိုးဖာတိပ်၊ အပ်ချည်လုံး စုံစီ နဖာထည့်ထားတဲ့ ဗန်းကလေးလည်မှာ ဆွဲပြီး ဈေးကြီးအနား လူစည်ကားရာမှာ ရွေ့လျားဈေးသည်လုပ်သူ၊ အောင်ဘာ လေသိန်းထီရောင်းသူ၊ ခြ၊ ဂျပိုး၊ ကြွက် သတ်ဆေး၊ အစွန်းချွတ်ဆေးရောင်းတဲ့သူ၊ မိုးပျံပူဖောင်းရောင်းသူ၊ ဆိုက်ကားနင်း၊ ကျပန်းလုပ်၊ မျက်လှည့်ပြဆေးရောင်းသူ တွေ ဖြစ်သွားတတ်တဲ့ ဇာတ်သမားတွေ ဟာလည်း အချိန်တန်ရင် ဇာတ်ထဲပဲ ဝဲလည်ဝဲလည်နဲ့ ဇာတ်သမားလာရင် မှတ်သားစရာ ပါရမယ်၊ ဇာတ်သမားပြန် ရင် မှတ်သားစရာ ကျန်ရမယ်ဆိုတဲ့စကား ကို သက်သေပြဖို့ ပြန်ရောက်လို့လာကြ တာပဲလေ။ ။