ဒေါင်းရုပ်ငွေပဒေသာပင် လူကြိုက်များ

0
980

ထားဝယ်တွင် ဒေါင်းရုပ်ငွေပဒေ သာပင်များ ယခုနှစ် ကထိန်ရာသီတွင် လူကြိုက်လာကြောင်း ထားဝယ်မြို့ရှိ သင်္ကန်းပရိက္ခရာ အရောင်းဆိုင်အချို့ထံမှ သိရသည်။
ဒေါင်းရုပ်ဖြင့်ပြုလုပ်ထားသည့် ငွေပဒေသာပင်မှာ ၂၀၁၇ ခုနှစ်မှစတင် ကာ ဈေးကွက်အတွင်း ဝင်ရောက်လာပြီး ယခုနှစ်မှ ဝယ်ယူသူများလာကြောင်း အထက်ပါဆိုင်အချို့ထံမှ သိရသည်။

“ဒီနှစ်မှ ရေပန်းစားလာတာ။ တစ်နေ့ ကို သုံး၊ လေးခု လောက်ရောင်းရတယ်။ မှာတော့ မှာနေတာပဲ။ လုပ်သမားက လက်မနိုင်တော့ ပုံသေတော့ ပြောမရ ဘူး။ ဆိုင်မှာရှိနေရင်တော့ ကုန်သွား တယ်။ နယ်ကတွေ ဝယ်များတယ်” ဟု ရွှေဟင်္သာ သင်္ကန်းပရိက္ခရာဆိုင်ပိုင် ရှင်က ပြောသည်။
ငွေသားကျပ်တစ်သိန်းကပ်ထား သည့် ဒေါင်းရုပ် ငွေပဒေသာပင်တစ်ခု လျှင် ငွေကျပ် တစ်သိန်းလေးသောင်း ဖြင့် ရောင်းချလျက်ရှိကြောင်း သင်္ကန်း ပရိက္ခရာအရောင်းဆိုင်အချို့ထံမှ သိရ သည်။

ဒေါင်းရုပ်ငွေပဒေသာပင်ကို ထားဝယ် မြို့ ဒေါင်းငူတံငါရပ်ကွက်တွင် ပြုလုပ် ပြီး သီတင်းကျွတ်ကာလတွင် ဒေါင်းရုပ် နှစ်ဆယ်ခန့် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ဒေါင်းရုပ်ပြုလုပ်သည့် ဦးစိုးသိန်း၏ အစ်မဖြစ်သူက ဆိုသည်။
“မနှစ်ကမှ စလုပ်တာ၊ မနှစ်က အစမ်းသဘောနဲ့ပဲ ဒီလောက် နာမည် မကျော်သေးဘူး။ မှာတော့မှာနေကြ တာပဲ။ အလုပ်သမားက မရှိတော့ လုပ် မနိုင်ဖြစ်နေတယ်။ အဓိက လုပ်တဲ့သူက ကျန်းမာရေးမကောင်းတော့ ဈေးကွက်က မှာတိုင်း မပို့နိုင်ဘူး။ အစ်မတို့က မောင်နှမတွေဆိုတော့ ဝိုင်းကူလုပ်ပေးနေ တာ”ဟု ဦးစိုးသိန်း၏ အစ်မဖြစ်သူက ဆိုသည်။

ထားဝယ်တွင် ငွေပဒေသာပင်ကို ကထိန်ခင်း၊ အလှူမင်္ဂလာများ၊ ဘုရား လှည့်ပွဲများ စသဖြင့် ဘာသာရေးဆိုင်ရာ အခမ်းအနားများတွင် အသုံးပြုကြသည်။