စမ်းလှမ်း (CBT) ကြောင့် ငါးဖမ်းလှေများ ကမ်းကပ်ခွင့်မရမည်ကို ဒေသခံ ရေလုပ်သားများ စိုးရိမ်

0
654

လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာ တွင် အကောင်အထည်ဖော်ထားသည့် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း (CBT)ကြောင့် ငါးဖမ်းလှေများ ကမ်း ခြေသို့ကပ်ခွင့်မရမည်ကို ဒေသခံရေလုပ် သားအများစုက စိုးရိမ်နေကြသည်။
လက်ရှိတွင် အဆိုပါ ခရီးသွားလုပ် ငန်းကို အကြောင်းပြုပြီး လူကြီးလာမည် ဟုဆိုကာ ဌာနဆိုင်ရာအချို့က ငါးဖမ်း လှေများ ရပ်နားခွင့်မရှိကြောင်း ပြောဆို လာသည့်အတွက် နီးစပ်ရာ ကမ်းခြေများ တွင် သွားရောက်ရပ်နားထားခဲ့ရကြောင်း စမ်းလှမ်းရွာရှိ ငါးဖမ်းလှေပိုင်ရှင်အချို့က ဆိုသည်။
အောက်တိုဘာလ ၂၅ ရက်က ဖွင့်လှစ်ခဲ့သည့် (CBT) ခရီးသွားလုပ်ငန်း စတင်အကောင်အထည်ဖော်ချိန်မှ လက် ရှိအချိန်ထိ ဆယ်ကြိမ်ထက်မနည်း တား မြစ်ခံရပြီး နောက်ပိုင်းတွင် လှေရပ်နား ခွင့်မပြုတော့မည်ကို စိုးရိမ်နေရကြောင်း အသက် ၄၈ နှစ် အရွယ်ရှိ ဒေသခံငါးဖမ်း လှေပိုင်ရှင်တစ်ဦးက ဆိုသည်။
ငါးဖမ်းလှေများက စမ်းလှမ်းရွာ တောင်ဘက်ရှိ ကမ်းခြေတွင် ရပ်နားကာ ငါးတင်၊ ငါးချ လုပ်ကာ စက်သုံးဆီ၊ ရေခဲ၊ ရိက္ခာစသည့် ပစ္စည်းများဖြည့်တင်း ကြပြီး ပင်လယ်ထဲ ပြန်လည်ထွက်ခွာလေ့ ရှိ သည်။

“သူတို့လုပ်ငန်းလုပ်ရင်လည်း လုပ် ပေါ့၊ ဒါပေမယ့် ငါးဖမ်းလှေတွေလည်း အရင်ကလို လွတ်လပ်စွာ ဝင်ထွက်ခွင့် ရချင်တယ်၊ ကျွန်တော်တို့က ကြောက်နေ ရတယ်၊ ဘယ်သူလာပြီး ဘာလုပ်မယ်မှန်း လည်း မသိတော့”ဟု အထက်ပါ ငါးဖမ်း လှေပိုင်ရှင်က ပြောသည်။
စမ်းလှမ်းကမ်းခြေတွင် ဒေသခံ ငါးဖမ်းလှေ အစီးရေ တစ်ရာခန့်ရှိပြီး မြိတ် နှင့် အခြားဒေသများမှ လှေအစီးရေရာချီ လာရောက် ရပ်နားလေ့ရှိကြောင်း ဒေသခံ ငါးဖမ်းလှေပိုင်ရှင်များထံမှ သိရသည်။
လူကြီးလမ်းကြောင်းရှိသည်ဟုဆို ကာ လှေများဝင်ရောက်ခွင့် တားမြစ် လိုက်သည့်အတွက် ငါးဖမ်းလှေများ သာမက စမ်းလှမ်းရွာရှိ ဈေးဆိုင်များ၊ ငါးတင်ငါးချ အလုပ်သမားများပါ နစ် နာမှုများရှိလာကြောင်း အဆိုပါရွာရှိ အသက် ၄၇ နှစ်အရွယ်အခြား လှေပိုင် ရှင်တစ်ဦးက ဆိုသည်။

“နောက်ပိုင်းဆိုရင် အာဏာသုံးပြီး လှေတွေ လုံးဝမဝင်ရဘဲ ဖြစ်လာမှာကို စိုးရိမ်တယ်”ဟု အဆိုပါ ငါးဖမ်းလှေပိုင် ရှင်က ပြောသည်။
ဃBT ဖွင့်ပွဲရှိသည့်အတွက် စမ်းလှမ်းကမ်းခြေတွင် ရပ်နားထားသည့် မီးထွန်းငါးဖမ်းလှေကြီးများကို ခေတ္တ တားမြစ်ခြင်းသာဖြစ်ပြီး ဒေသခံလှေငယ် များကို တားမြစ်ခြင်းမဟုတ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာန လောင်းလုံးမြို့နယ် ဦးစီးမှူး ဦးအောင်တင်စောက ဆိုသည်။
“လူကြီးလာတိုင်း ဖယ်ခိုင်းတယ်ဆို တာ မဟုတ်ပါဘူး၊ သူတို့(ဒေသခံ) တွေ နားလည်မှုလွဲနေတာပါ”ဟု ဦးအောင် တင်စောက ပြောသည်။
ယခင်က စမ်းလှမ်းကမ်းခြေတွင် ငါးဖမ်းလှေများ အစီးရေ ရာချီရပ်နား ထားသည်ကို တွေ့ရလေ့ရှိပြီး (CBT) ဖွင့် ပွဲကျင်းပသည့် ရက်တွင်မူ ငါးဖမ်းလှေ တစ်စီးမျှ မတွေ့ရပေ။

စမ်းလှမ်းကမ်းခြေတွင် လက်ရှိလုပ် ဆောင်နေသည့် (CBT) ခရီးသွားလုပ်ငန်း က ရေလုပ်သားများကို အခြေပြုလုပ် ဆောင်ထားသည့် အတွက် အထက်ပါ ငါးဖမ်းလှေများအား ကမ်းကပ်ခွင့်ကန့် သတ်၍ မရကြောင်း ၎င်းက ဆိုသည်။
(CBT) ခရီးသွားလုပ်ငန်းလုပ် ဆောင်နေသည့် စမ်းလှမ်းရွာနေ ဒေသခံ များက ငါးဖမ်းလုပ်ငန်းကို အဓိကလုပ် ကိုင်ကြပြီး အဆိုပါရွာတွင် ရေခဲစက်၊ ရေခဲဂိုဒေါင် နှစ်လုံး၊ ငါးအဝယ်ဒိုင် ၁၀ ခုကျော်ရှိကြောင်း ဒေသခံလှေပိုင်ရှင်များ ထံမှ သိရသည်။
တနင်္သာရီတိုင်းအတွင်း မြိတ်ခရိုင် ရှိ ဒုံးညောင်မှိုင်းကျေးရွာနှင့် ကော့သောင်း ခရိုင်ရှိ မကြုံဂလက်ကျေးရွာတို့တွင် လည်း ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း ကို အကောင်အထည်ဖော်လျက် ရှိသည်။

ထို့အပြင် နိုင်ငံတကာ အင်န်ဂျီအို အဖွဲ့နှင့် ပူးပေါင်းကာ ထားဝယ်ခရိုင် အတွင်းရှိ တီဇစ်ရွာနှင့် ကလုံးထာ ရွာတို့တွင်လည်း အကောင်အထည် ဖော်မည်ဖြစ်ကြောင်း သိရသည်။