ဘိလပ်မဟာတန်းကျောင်းသား – ၂

0
729

တက္ကသိုလ် အကြိုရက်များ

တက္ကသိုလ်က စက်တင်ဘာ နောက်ဆုံး အပတ်တွင် စဖွင့်မည်။ မဖွင့်မီ လေးငါးရက် ကြိုရောက်တော့ ပြင်ဆင် စရာရှိသည်များ ပြင်နိုင်သည်။

အရေးကြီးဆုံးမှာ ကျောင်းနှင့် အိမ် လမ်းခရီးသိရန် ဖြစ်သည်။ နောက်တစ်ခု မှာ ချက်ပြုတ်စားသောက်ရန် ဈေးဝယ် မည့်နေရာ ဖြစ်သည်။

တစ်နှစ်ကြာ တည်းခိုနေထိုင်မည့် အိမ်မှာ ကျောင်းနှင့် သိပ်မဝေးလှ။ အိမ် ရှင်ဖြစ်သူက သူ့ခွေးလမ်းလျှောက်ထွက် ရင်း ကျောင်းတစ်ဝိုက် လိုက်ပြသည်။ ကျောင်းဧရိယာမှာ အိမ်မှ လမ်းလျှောက် လျှင် ၁၀ မိနစ်ခန့်မျှဖြင့် ရောက်နိုင်သည်။

ကျောင်းဝင်းထဲ ပတ်ကြည့်တော့ ကျောင်းသား ကျောင်းသူအသစ်ဟု ယူဆနိုင်သူများကို တွေ့ရသည်။ အများ အားဖြင့် တရုတ်တွေ ဖြစ်သည်။

အချို့မှာ တစ်ကိုယ်တည်း တယ်လီ ဖုန်းမှ မြေပုံအားကိုးဖြင့် လမ်းရှာလေ့လာ နေကြသည်။ အချို့မှာ မိဘများပါသည်။ အချို့မှာ ဆဲဖီးလ် ဆွဲနေသည်။ အချို့မှာ ဖုန်း ဗီဒီယို ကင်မရာဖြင့် တိုက်ရိုက်ထုတ် လွှင့် (Live လွှင့်) ကာ တစ်နေရာရာကို သတင်းပို့၊ ရှင်းပြနေသည်။

ကျောင်းသားသစ်တို့အတွက် ကျောင်းဝန်းကျင် အသစ်က ရင်ခုန်စိတ် လှုပ်ရှားဖွယ်ရာပင်။

ဘရစ္စတို တက္ကသိုလ်တွင် မဟာ တန်းတက်ရမည့် လူမှုရေးသိပ္ပံနှင့် ဥပဒေ ဌာနကြီးရှိ အဆောင်အများစုကိုမူ ကျောင်းဧရိယာအစပ်မှ နောက်ထပ် ငါးမိနစ်ခန့် ထပ်လမ်းလျှောက်ရသည်။

ထိုအတိုင်းအတာ အတိုင်းဆိုလျှင် မဆိုးလှ။

ခရီးအကွာအဝေးကို မရောက်မီ မြန်မာပြည်တွင် ကတည်းက Gသသါlန Mစေ တွင်ကြည့်ရှာထားသဖြင့် အချိန် အတိုင်းအတာ သိထားနှင့်ပြီး ဖြစ်သော် လည်း ယခုတော့ လက်တွေ့လေ့လာရ သည်။ ထိုအတိုင်းဆိုလျှင်တော့လည်း ကောင်းပါ့။

နေသည့် ရပ်ကွက်က ဘာမှ သိပ်မ ရှိလှ။ လူနေထိုင်ရာ အိမ်များချည်း ဖြစ် သည်။ အိမ်၏ညာဘက် ခပ်ယွန်းယွန်း တွင်တော့ ပန်းခြံအသေးစားတစ်ခု ရှိ သည်။ နောက်တစ်လမ်းတွင် ဘားသေး သေးလေး နှစ်ခုရှိသည်။ အိမ်က သုံးထပ် ဖြစ်သည်။

သို့သော် တောင်စောင်းပေါ် ဆောက်ထားရာ အိမ်ထဲဝင်လိုက်လျှင် အိမ်အနောက်ဘက် လျှိုတွင် နောက်တစ် ထပ်ရှိသေးသည်။ ထိုကြောင့် လမ်းဘက် မှ ကြည့်လျှင် သုံးထပ် ဖြစ်သော်လည်း အိမ်အနောက်ဘက်မှ ဆိုလျှင် လေးထပ် ဖြစ်သည်။

အိမ်အနောက်ဘက်တွင်တော့ ပန်း ခြံငယ်တစ်ခု ရှိသည်။ အနောက်ဘက်မှ လည်း အခြားလမ်းတစ်ကို ပေါက်သည်။ သို့သော် ထိုတံခါးသော့မှာ ဖွင့်ရခက် သဖြင့် သိပ်မသုံးဖြစ်လှ။

တော်တော်များများ ကျောင်းသား ကျောင်းသူများက ကျောင်းအဆောင်တွင် နေကြသော်လည်း အိမ်ကို ရွေးဖြစ်သည့် အဓိက အကြောင်းမှာ ငွေအကုန်သက် သာ၍ ဖြစ်သည်။ ကျောင်းအဆောင်မှာ အနည်းဆုံး တစ်ပတ်ကို ပေါင် ၁၅၀ ဝန်းကျင် (မြန်မာကျပ်ငွေ သုံးသိန်းဝန်း ကျင်) ခန့်ရှိရာ သိပ်မထောင်းသာလှ။ အပြင်အိမ်မှာ ထိုထက်များစွာ သက်သာ သည်။ သို့သော် စိတ်ချရဖို့၊ ပွဲစားတွေ အဘတ်မခံရဖို့တော့ လိုသည်။ ပညာ သင်ဆု စီစဉ်သူများအပါအဝင် ကျောင်း သားဟောင်း အချို့ကပါ ပွဲစားများအရေး များစွာ သတိပေးသည်။ တက္ကသိုလ်လမ်း ညွှန်တွင်လည်း နေစရာရှာပါက သတိပြု ရမည့် အချက်များတွင် ထိုအချက်ကို ညွှန်းထားသည်။

အဓိကမှာ မရောက်မီ၊ အခန်းကို မျက်မြင်ကိုယ်တွေ့ မရှိသေးမီ ပိုက်ဆံ ကြိုမရှင်းရန် ဖြစ်သည်။ ပြောတိုင်းမယုံ ရန် ဖြစ်သည်။

ယခုနေသော အိမ်မှာ ရင်းနှီးသော မိတ်ဆွေတစ်ဦး မိတ်ဆက်ပေးသော အိမ် ဖြစ်ရာ များစွာအဆင်ပြေသည်။ အိမ်ရှင် မှာ မြန်မာသွေးပါပြီး မြန်မာပြည်ဆိုင်ရာ အလုပ်တချို့လည်း အချိန်ပိုင်းလုပ်ရာ အဆင်ပြေမည်တွေးပြီး နေဖြစ်သွားခြင်း ဖြစ်သည်။

မူလက လျှောက်ထားဖြစ်ခဲ့သော တစ်လ ပေါင် ၆၀၀ ကျော် (မြန်မာကျပ်ငွေ ၁၂ သိန်းကျော်) တန် ကျောင်းအဆောင် ကိုတော့ ငြင်းလိုက်ရသည်။

အိမ်အပေါ်မှ ကြည့်လိုက်လျှင်တော့ မြို့တွင်းကို လှမ်းမြင်ရသည်။ ဟိုးဘက် ခပ်လှမ်းလှမ်းတွင်တော့ တောင်ကြော လေးများရှိသည်။ နောင်တွင် မြို့သမိုင်း နှင့် ပထဝီ အနေအထားကို အသေးစိတ် ညွှန်းပါဦးမည်။

ရောက်ရောက်ခြင်းတော့ ထမင်း ပေါင်းအိုးငယ် တစ်လုံးလက်ဆောင်ရ သည်။ မနှစ်က ကျောင်းတက်ခဲ့သော ကျောင်းသူတစ်ဦးက အိမ်ရှင်ထံတွင် ထားခဲ့သည်။ ထိုကျောင်းသူမှာ အဆောင် တွင် နေခဲ့ခြင်း ဖြစ်သည်။ သို့သော် မြန်မာအဆက် အိမ်ရှင်နှင့် ရင်းနှီးသဖြင့် ထမင်းပေါင်းအိုး သယ်မပြန်လိုသောအခါ ထိုအိမ်တွင် ထားခဲ့ပုံရသည်။

အနည်းဆုံးတော့ ထမင်းပေါင်းအိုး ဝယ်စရာ မလိုတော့။ မဖြစ်မနေ ဝယ်ရ မည့် တစ်ခုတော့ သက်သာသွားပြီ။ အာရှသားတို့အတွက် ထမင်းသည် အသက်မဟုတ်ပါလော။

သို့သော်ဆန်မရှိ၊ ထို့အပြင်အခြား ချက်စရာ မီးဖိုချောင်သုံး ငရုတ်သီးကြက် သွန်တို့လည်း ရှာရဦးမည်။ လူမျိုးပေါင်း စုံသော လန်ဒန်ကဲ့သို့သော မြို့ကြီးများ တွင် ထိုပစ္စည်းများ ပေါပေါလောလော ရနိုင်သော်လည်း ဘရစ္စတိုကဲ့သို့သော နယ်မြို့တွင် သိပ်မသေချာလှ။

နယူးဇီလန်တွင် နေခဲ့သော အတွေ့ အကြုံအရ ထိုသို့သော ပစ္စည်းပစ္စယများ မှာ အာရှဈေး (ဗျငညေ Mမေုနအ) သို့မဟုတ် တရုတ်ဈေးဆိုင်တို့တွင် ရနိုင်သည်။

ထိုသို့ဖြင့် Gသသါlန Mစေ တွင် ခေါက်၍ တရုတ်ဈေးဆိုင် တနည်း တရုတ် စူပါမာ့ကက်ရှာရသည်။ မြေပုံ ပေါ်တွင် တွေ့သည်။ မြို့ထဲအနီးတစ်ဝိုက် တွင်ပင် ဖြစ်သည်။ သို့သော် တကယ်မြို့ ထဲရောက်တော့ အဲသည်နားတွေ မရောက်။ မျက်စိလည်နေသည်။ ပြဿနာက ကပ်စီးနည်းပြီး တယ်လီဖုန်းဆင်းကတ် တွင် အင်တာနက် မဝယ်ထားမိသဖြင့် လမ်းရောက်တော့ ထပ်မရှာရတော့တာ လည်းပါသည်။

နောက်တစ်ခုက စိတ်မရှည်တာ လည်း ပါသည်။

ထိုကြောင့်ပင် မြို့ထဲ ဈေးဝယ်ဧရိ ယာတွင် တွေ့သည် နာမည်ရင်းနှီးသည့် ဈေးဝယ်ကုန်တိုက်တစ်ခုအတွင်း ဝင်သွား လိုက်သည်။ Tနျခသ ကုန်တိုက် ဖြစ်သည်။ ထိုင်းရောက် မြန်မာအလုပ်သမားတို့ အကြား လိုတပ်(Tနျခသ Lသအကျ) အဖြစ် အသိများသော ကုန်တိုက် ဖြစ်သည်။

ဆန်များရှိလို ရှိငြားဖြစ်သည်။

ဆန်တွေ့သည်။ ရိုးရိုးတောင် မဟုတ် အမှတ်မမှားလျှင် နယ်သာလန် နိုင်ငံထုတ် ဆန်ဖြစ်သည်။ မြန်မာပြည် အတိုင်းအတာဖြင့် ဆိုပါက တစ်ဘူးခန့် သာ ရှိသော ဆန်ခပ်သေးသေး တစ်ထုပ် လျှင် ပေါင်ဝက် (ကျပ် တစ်ထောင်ဝန်း ကျင်) ခန့်ကျနေသည်။ အားပါးပါး တစ်ပြည်ဆို ခုနှစ်ထောင်ရှစ်ထောင်ကျပ် လောက်ကျနေပါလား။ မလွယ်လှ။ (ထိုသို့မြန်မာပြည်ဈေးဖြင့်သာ အချိန် တိုင်းလိုက်တွက်နေပါက အလုပ်မဖြစ်လှ ကြောင်း နောက်မှ သဘောပေါက်သွား သည်။)

သို့သော် အခြားရွေးစရာလည်း မရှိသဖြင့် ထိုဆန်ကိုပင် ဝယ်လိုက်ရ သည်။ နှစ်ထုပ်ဝယ်လိုက်သည်။ ထိုင်းရှိ Tနျခသ နှင့် လုံးဝမတူသည်မှာ အာရှ အစားအစာများ ရှားပါးခြင်း ဖြစ်သည်။

ထိုကြောင့် နွားနို့၊ ပေါင်မုန့်၊ ကော်ဖီ၊ ကြက်ဥ စသည့် ခံတွင်းတွေ့နိုင် ဖွယ် အရာများသာ ဝယ်လိုက်ရသည်။ လက်ရှိတော့ အိမ်က သယ်လာသည့် ငါးခြောက်ငါးခြမ်း၊ ယခုဝယ်ထားသည့် ကြက်ဥလေးနှင့် လွေးရမည်ပေါ့လေ။

မယုံမရှိပါနှင့်။ ပထမရက် နှစ်ရက် သုံးရက်တွင်တော့ ထိုအတိုင်းပင် စခန်း သွားခဲ့ရသည်။ ထမင်းနှင့် ကြက်ဥကြော် စားလိုက စား၊ ဒါမှ မဟုတ် ပါလာသည့် ငါးခြောက်ကျော်ကို နွှေးစား၊ ဒါမှမဟုတ် ပေါင်မုန့်ယိုသုတ်ဖြင့် တင်းတိမ်။ ဥရော ပ ထမင်းမို့လို့လားတော့မသိ စားမ ကောင်းလှ။ အတော့်ကို မာသည်။ ရေ များများဖြင့် ခပ်ပျော့ပျော့ ချက်လည်း မာလှသည်။

နောက်ရက်တွေကျတော့ မကျေနပ် သဖြင့် မြို့ထဲ ထပ်သွားရှာသည်။

မြေပုံအားကိုးဖြင့် မှန်းခြေရမ်းခြေ ရှာရင်း တရုတ်ဈေးဆိုင် ခပ်သေးသေး တစ်ဆိုင် တွေ့သွားသည်။ဘယ်ရမလဲ၊ တန်းနေအောင် ပြေး ဝင်သွားလိုက်သည်။

ဈေးဝယ်သူက သိပ်မရှိသေး။ ဝင် သွားသည်နှင့် အသေးဆုံး ပြည်ဝက် လောက်ရှိသည့် ဆန်အိတ် အသေးမှ သည် ၁၂ ပြည်လောက်ရှိသည့် ဆန်အိတ် အလတ်များအထိ တွေ့လိုက်ရာ တော် တော်ပျော်သွားသည်။

မြန်မာပြည်ရှိ ဈေးဆိုင်တစ်ဆိုင် ပြန်ရောက်သွားသလို ခံစားမှုပင်ရလိုက် သည်။ သုံးလေးရက်မျှသော အချိန်လေး တွင် မမြင်လိုက်ရသော အစားအစာများ မြင်လိုက်ရသည်။

ဥပမာဆိုပါက မျှစ်များ၊ ငံပြာရည် ဘူးများ၊ ငရုတ်သီးထောင်းရည်၊ ဟင်း ခတ်အမွှေးအကြိုင်များ၊ အစေ့လွတ် မန်း ကျည်းသီး အဲသည်မျိုးတွေဖြစ်သည်။ စပါးလင်၊ သံပရာသီး၊ ငရုတ်သီးစိမ်း တို့ကိုလည်း မြန်မာပြည်တွင်တွေ့နိုင် သော အမျိုးအစား ပုံစံများနှင့်အညီ တွေ့နိုင်သည်။

အများစုမှာ တရုတ်က လာသည်။ သို့သော် ထိုင်းနှင့် ဗီယက်နမ်ကလာသော အာရှ အစာများကိုလည်း အများအပြား တွေ့ရသည်။ မြန်မာပြည်ဈေးဖြင့်ဆိုပါ က လေးဆမျှရှိသည်ဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။

မယုံမရှိပါနှင့်။ ဆန်ကိုတော့ရ အောင်ဝယ်လိုက်သည်။ ထိုင်းမှ နာမည် ကျော် စပယ်ဆန်မွှေးကို ဝယ်လိုက်သည်။ နောက်တော့မှ စံပယ်ဆန် ဝယ်မိမှားလေ ခြင်း ဖြစ်မိသည်။ ကောက်ညှင်းတမျှ ပျော့အိလွန်း၍ ဖြစ်သည်။ ထိုင်းတွေ ပြောသည့် အင်္ဂလိပ်စာစကား လေယူလေ သိမ်းအတိုင်းပင် ပျော့အိ နွဲ့ဖတ်လွန်းလှ သည်။

အော် . . . စကားပင် မက ထိုင်း နာမည်ကြီးဆန်သည်ပင်လျှင် ပျော့အိနွဲ့ လွန်းလှ ပါတကား ဟု ကောက်ချက်ဆွဲမိ သည်။
နောက်ထပ် ဝယ်လိုက်သည့် အရာ မှာ ထိုင်းမှလာသော ကင်းမွန်တံဆိပ် ငံပြာရည်ဘူး ဖြစ်သည်။ ဟင်းချက်ရန် မရှိ မဖြစ်လိုသည် မဟုတ်ပါလော။ မက ပါ။ အစေ့လွတ်မန်းကျည်းသီးလည်း ဝယ်သည်။ ထပ်ဝယ်ဖြစ်သည်မှာ ဓား ထက်ထက် တစ်ချောင်းဖြစ်သည်။ အိမ် ရှင်က ထားပေးထားသည့် ဓားတို့မှာ ပေါင်မုန့်လှီး၊ ဥရောပစာစား၊ ယိုသုတ်ဖို့ ရန်သာ အသုံးတည့်သည်။ အသားငါး၊ ဟင်းသီးဟင်းရွက်လှီးရန် ဓားတွေက လွတ်မကောင်း။

ငွေရှင်းတော့ အသက် လေးဆယ် စွန်းစွန်း ဝန်းကျင်ခန့်ပင်ရှိဦးမည်ထင် သော တရုတ်အမျိုးသမီးက စကားစ သည်။ ရောက်တာနှင့် ဈေးဝယ်တော့၊ ဟင်းချက်တော့မှာလား၊ အိမ်ထမင်းဟင်း လွမ်းနေပြီလားဟု မေးရှာသည်။ ရောက် စကျောင်းသားမှန်းလည်း သိနေပုံရ သည်။ ကျောင်းတွေက နောက်တစ်ပတ် ဖွင့်တော့မည်ကိုလည်း သူသိနေပုံရသည်။

အထုပ်ဆွဲပြီး ဆိုင်ထဲကတော့ ထွက်လာတော့ တစ်ခုခုကို ပြီးမြောက် အောင်မြင်လိုက်သလို ပျော်နေသည်။ လမ်းလျှောက်ရင်းခဏ သတိဝင်သွား သည်။

ဘာလို့ အဲလောက် ပျော်နေရပါ လိမ့်။ သေချာသည်မှာ လိုချင်သော ချက် ပြုတ်စားသောက်စရာ အခြေခံများ ရ သွား၍ ဖြစ်သည်။

အိုး . . . ။

နေပြည်တော်က အစိုးရမင်းတွေက တရုတ် အရေးကြီးသည်၊ တရုတ်ကြောက် ရသည် ပြောတုန်းက ခပ်မဲ့မဲ့ပြုံးဖြစ်လိုက် သေးသည်။

အခုတော့ ကိုယ်တိုင်လည်း ဒီကိန်း ဆိုက်သွားပါရောလား။ ရောက်စ လေးငါးရက်ပဲ ရှိသေး သည်။ တရုတ်ဆိုင်က မရှိမဖြစ် ဖြစ်သွား ပါလား။ တရုတ်ဆိုင်မှာ လိုတာဝယ်လိုက် ရသည်နှင့် ပျော်နေပါလား။

စာရေးသူမှာ အင်္ဂလန်နိုင်ငံ ဘရစ္စ တိုမြို့ရှိ ဘရစ္စတိုတက္ကသိုလ်တွင် ပြည် သူ့ရေးရာ မူဝါဒမဟာဘွဲ့ (MSc Public Policy) အတန်း တက်ရောက် သင်ယူနေသော ထားဝယ်ဒေသခံ တစ်ဦး ဖြစ်သည်။ နိုင်ငံတကာတွင် ကျင့်သုံး နေသော တက္ကသိုလ်ပညာရေးပုံစံကို တို့ထိ မြည်းစမ်းနိုင်ရန်လည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံ၏နိုင်ငံရေး၊ ယဉ်ကျေး မှုထုံးထမ်းဓလေ့များကို တစ်စိတ်တစ် ပိုင်းနားလည် သင်ခန်းစာယူနိုင်ရန် ယခု အခန်းဆက် ဒိုင်ယာရီကို (တစ်လ နှစ် ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ်ကဲ့ သို့) အလျင်းသင့်သလို ဖော်ပြသွားမည် ဖြစ်ပါသည်။

အယ်ဒီတာ