ဝတ်ဖို့အတွက်ရယ် မျက်နှာငယ်

0
850

“စားဝတ်နေရေး” ဟူသော ဝေါဟာရ ရှိပါသည်။ စားသောက်ရေး၊ ဝတ်ဆင်ရေး၊ နေထိုင်ရေးဟု အကျယ် ချဲ့နိုင်ပါသည်။
တစ်ခေတ်တစ်ခါက စားရေး၊ ဝတ်ရေး၊ နေရေးတို့ကို အစဉ်လိုက်ဟု မှတ်ယူနိုင်သည်။
ယခု မျက်မှောက်ခေတ်တွင်ကား ထိုသို့ အစဉ်လိုက်အရေးပါသည်ဟု ကောက်ချက် မချနိုင်တော့ပါ။ အထူး သဖြင့် မြန်မာ့အမျိုးသမီးထုအတွက် အစဉ်လိုက် မဖြစ်တော့ပါ။

အဘယ်ကြောင့်ဆိုသော် ယနေ့ ခေတ်တွင် စားရေးထက် ဝတ်ရေးခက် လာသော အမျိုးသမီး ကြီးငယ်တို့ကို တွေ့လာရသည်။ မိန်းကလေး အများစုက အစားအတွက် အဆင်သင့်သလို စားနိုင် သော်လည်း အဝတ်အတွက်က ကြိုတင် စီမံကိန်းများ ရေးဆွဲနေကြရသည်။
“မိန်းကလေးတွေဆိုတာက ဒီအလှူကို ဘယ်လိုဝတ်စုံနဲ့သွားမယ်။ မင်္ဂလာဆောင်ဆို ဘယ်လိုသွားမယ်ဆိုပြီး ကြိုစိတ်ကူးထားတာလေ”ဟု ထားဝယ် မြို့ အိမ်ရှေ့ပြင်ရပ်ကွက် အသက် ၂၀ အရွယ် မမာမာထွေးက ပြောသည်။
သို့သော် အမျိုးသမီးအများစု စိတ်ကူး မပြည့်တတ်ကြပါ။

မိမိတို့ဝတ်ဆင်လိုသည့် အဝတ် အတွက် ပိတ်စကို ငွေတတ်နိုင်လျှင် ဝယ်၍ရသည်။ သို့သော်လည်း အပ်ချုပ် ဆိုင်များက လိုသည့်နေ့၊ လိုသလို ချုပ်ရရန် မလွယ်ပေ။
နယ်များ၊ ရွာများတွင် ပိုဆိုးသည်။ စက်ချုပ်သူ မည်မျှပင် ပေါလာစေကာမူ အမျိုးသမီး ကြီးငယ် အင်္ကျီချုပ်သူတို့ တိုးဝှေ့နေကြမြဲ။
ထိုအခါ စားရေးအတွက် သွေးကြီး လှ၊ မာနကြီးလှသူတို့ ဝတ်ရေးအတွက် သွေးမကြီးနိုင်၊ မာန မထားနိုင်ဘဲ “ဝတ်ဖို့အတွက်ရယ် မျက်နှာငယ်” နေ ရသူများ နေရာအနှံအပြား ရှိနေသော ကြောင့် ဖြစ်သည်။

မငြင်းကြပါ။ ဝတ်ဖို့အရေး မျက်နှာ ငယ်ရပါကြောင်း အမျိုးသမီးအများစု မငြင်းကြနိုင်ပါ။
အထူးသဖြင့် အလှူ၊ မင်္ဂလာ အခမ်းအနား ပေါများသည့် ယခုကဲ့သို့ သော ပွင့်လင်းစရာသီတွင် ခေတ်နှင့်အညီ ခေတ်ပေါ် အဆင်များဖြင့် ဒီဇိုင်းလှလှ ဝတ်ချင်လှသော ပျိုမေတို့က သာ၍ မျက် နှာငယ်ကြရသည်။
မျက်နှာ မည်မျှငယ်ငယ်၊ မည်မျှပင် မျက်နှာချိုသွေးသွေး အများစုကား မိမိ ဝတ်ချင်သည့်နေ့ ရရန်မလွယ်။
“ရင်းနှီးတဲ့မင်္ဂလာပွဲတွေမှာ ဝတ်ချင် တာ ရက်ချိန်းအတိုင်းမရတော့ တော် တော် စိတ်ပျက်မိတယ်”ဟု မြိတ်မြို့၊ ဇေယျာသီရိရပ်နေ အသက် ၂၈ နှစ်အရွယ် မသီတာက ပြောသည်။

ထိုသို့ ကိုယ်လိုချင်သည့်နေ့၊ ကိုယ် လိုချင်သည့် ဒီဇိုင်း မရလျှင်လည်း အပ် ချုပ်သူ ဒီဇိုင်နာမမများကို စိတ်မဆိုးရဲ။ ရေရှည် ကြည့်ကာ အောက်အီး သည်းခံ ရသည်။
အထည်ချုပ်သူများသည် ယခုကဲ့သို့ သော ကာလတွင် ကိုယ်လိုသည့် ဒီဇိုင်း ရမှ ဝတ်မည်ဟုလည်း အကဲမကြီးနိုင်ကြ တော့ပါ။
“ဒီလိုအချိန်ဆို ကိုယ်ကအမြန်လိုနေ တဲ့ အခါကျတော့ ဒီဇိုင်းဆန်းဆန်း လေးတွေ ချုပ်နေလို့မရတော့ဘူး။ ဆိုင်က ပြောတဲ့ မြန်မြန်ပြီးနိုင်တဲ့ ဒီဇိုင်းတွေပဲ ချုပ်ရတော့တယ်။ စိတ်ထဲမှာတော့ ကိုယ် ဝတ်ချင်တဲ့နေ့ ရချင်တာပေါ့။ မရတော့လဲ ဘယ်တတ်နိုင်မလဲ ပြဿနာ သွားရှာ နေလို့မှမရတာ”ဟု မမာမာထွေးက ဖွင့်ဟသည်။

မြို့ပြ၊ ကျေးလက်အသီးသီးမှ ဒီဇိုင် နာမမများတွင်လည်း သူ့အခက်အခဲ နှင့်သူ။
အထည်အပ်သူကလည်း များသည်။
တစ်ချို့က အဝတ်အပ်ပြီး ပေါ်မလာ တော့။ ချုပ်ပြီးသော်လည်း လာမရွေးကြ။
တစ်ချို့အဝတ်များကို ဆိုလျှင် ပိတ်စကိုပင် အကြွေးဝယ်ကာ ချုပ်ပေး ထားရသည်။
အချို့က မိမိဝတ်မည့် အဝတ်၊ မိမိ မိသားစုဝင်တို့၏ အဝတ်ကိုပင် မချုပ် အားဘဲ၊ နေ့ရော ညရော အပ်ထည်များကို ဦးစားပေး ချုပ်ပေးထားသော်လည်း မျက်နှာကောင်း မရ။

အပြစ်မျိုးစုံတင်ခံရလျှင် စိတ်ထား ကောင်းသည့် ဒီဇိုင်နာမမများက စိတ် ပျက်ကြရသည်။
“တစ်ခါတလေဆို ပစ်ချလိုက်ပြီး နေချင်တယ်” လောင်းလုံးမြို့နယ် ကဒက်ငယ်ထိန်ကျေးရွာမှ စက်ချုပ်သူ မနီနီလွင်က ဖွင့်ဟသည်။
သို့သော် မိမိချုပ်ပေးလိုက်သည့် အဝတ်ဖြင့် ဆန်းသစ် လှပ ပေါ်လွင် နေသည်မြင်တွေ့ရလျှင် ဒီဇိုင်နာမမများ က ကြည်နူးကျေနပ်ကြရ၊ ပီတိဝေကြ ရသည်။
“တစ်ခါလေ ကိုယ်ချုပ်ပေးလိုက်တဲ့ အဝတ်တွေနဲ့Facebook မှာပုံတွေတင်ပြီး ဘယ်သူချုပ်ပေးထားတာပါ။ ကျေးဇူးတင် ပါတယ်လို့ ရေးထားတာလေးတွေ့ရင် အမောပြေတယ်”ဟု မနီနီလွင်က ပြော သည်။

သို့သော် “မျက်နှာကြီးရာ ဟင်းဖတ်ပါ” ဆိုသည့် စကားပုံအတိုင်း ဒီဇိုင်နာမမတို့က မိမိနှင့် အလျင်းသင့်သူ၊ မျက်နှာကြီးသူများကိုသာ ဦးစားပေး တတ်ကြသည်ဟု ဝတ်ရေးအတွက် မျက်နှာငယ်ရသူ အမျိုးသမီးကြီးငယ် တို့က စကားနာ ထိုးတတ်ကြပြန်သည်။
ထို အမျိုးသမီးကြီးငယ်တို့သည် မိမိရည်ရွယ်ထားသည့်နေ့၊ ရည်ရွယ်ထား သည့် အလှူမင်္ဂလာ၊ ပွဲလမ်းသဘင်များ တွင် မိမိရည်ရွယ်ထားသော အဝတ် အထည်များ ဝတ်ဆင်ခွင့် မရလျှင် စား ရေးထက် ဝတ်ရေးအတွက် သောက ရောက်နေကြရပါလိမ့်မည်။
မည်သည့်ခေတ်အထိ မျက်နှာ ငယ်နေရဦးမည်ကို ခန့်မှန်းနိုင်ဦးမည် မဟုတ်ပါ။

ခေတ်နှင့်တပြေးတည်းညီ အထည် ချုပ်ဝတ်ဖို့အရေး လက်မနှေးလိုသူများ ဖြစ်နေသ၍ မျက်နှာငယ်နေကြရဦးမည် ထင်ပါသည်။
“အမြန်လိုတာတော့ ပြောမနေနဲ့၊ လာချုပ်တဲ့သူတိုင်း အမြန်လိုတာချည်း ပါပဲ” ဟု ကော့သောင်းမြို့၊ မေဇင် အပ်ချုပ်ဆိုင်ရှင်က ပြောပါသည်။