မသေခင် ရိုက်လိုက်ချင်သေးတယ်

0
3094

ည….၊ မိုက်မှောင်နေတဲ့ နွေည။
လူတစ်ယောက်နောက်ကို လူအုပ် ကြီးက လိုက်တယ်။ ဒေါကြီးမောကြီးနဲ့ လိုက်နေကြတယ်။ နေရာက ရန်ကုန်မြို့ ရဲ့ သန်လျင်ဘက်ကမ်းက သဲဖြူချောင်း ရွာပြင် သစ်ပင်သစ်တောတွေကြား…..။ “တွေ့ရင် အသေပဲ” ဆိုတဲ့ ကြိမ်းဝါးမှုတွေ လူအုပ်ကြီးရဲ့ မျက်နှာတွေမှာပေါ်နေ တယ်။
အဲဒီ လူအုပ်ထဲမှာ အသက် ၂၀ ကျော်အရွယ် ထားဝယ်သားကတုံး(ခေါင်း တုံး)တစ်ယောက် ပါတယ်။ အဆီပြန်နေ တဲ့ သူ့မျက်နှာကိုလည်း ဒေါသတွေနဲ့ လိမ်းကျံထားတယ်။

တစ်နေရာမှာ လူအုပ်ကြီးက အလိုက်ခံရသူကို မျက်ခြည်ပြတ်သွား တယ်။ လူအုပ်ကြီးက ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေတယ်။ ကြောင်အမ်းအမ်း ရပ်နေကြတယ်….။
တစ်စက္ကန့်….၊ နှစ်စက္ကန့်….၊ သုံးစက္ကန့်….။
အားလုံး အသံတွေငြိမ်ပြီး ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေချိန်….၊ တစ်ခုခု ဆုံးဖြတ်ရတော့မယ့် အချိန်။
“ရှာကြလေကွာ….၊ ဘာလုပ်နေ ကြတာလဲ….၊ ဝိုင်းရှာကြလေ….”
လူအုပ်ထဲပါလာတဲ့ ထားဝယ်သား ကတုံးရဲ့အသံ။ ဆိတ်ငြိမ်မှုကြားမှာ “ဟိန်း” ထွက်လာတဲ့ အသံ။
အဲဒီအသံကြားမှ လူအုပ်ကြီးက လှုပ်လှုပ်ရွရွ ဖြစ်လာပြီး ဝိုင်းရှာကြချိန် မှာ….၊

“ကဒ်….”
လက်ခုပ်တစ်ချက် အားရပါးရတီး ရင်း အော်လိုက်တဲ့ ကျော်ဟိန်းရဲ့ အသံ။
အခုရိုက်နေတဲ့ “အကြွေး ပြန်ဆပ် မယ်” ဇာတ်ကားမှာ မင်းသားတစ်ဦးအဖြစ်သရုပ်ဆောင်ရင်း ဇာတ်ကားကို ဦးစီး ရိုက်ကူးနေတဲ့ ရုပ်ရှင်မင်းသားကြီး ကျော်ဟိန်းရဲ့ အသံ။

“အကြွေးပြန်ဆပ်မယ်” ဇာတ်ကား က အင်မတန် အောင်မြင်ခဲ့တဲ့ “အကြွေး”ဇာတ်ကားရဲ့ အဆက်ပါ။
“ဟောဒီလို လက်ညှိုးလေး ကွေး တတ်ဖို့ ဆယ်နှစ်….၊ ဆယ်နှစ်…. သွား သင်”ဆိုပြီး ကျော်ဟိန်းရဲ့ သရုပ်ဆောင် ချက် လူတွေကြားတဲ့ ရေပန်းစားခဲ့တဲ့ အကြွေးဇာတ်ကား။ အကြွေးဇာတ်ကား ထွက်ပေါ်အောင်မြင်ပြီးတဲ့နောက် ဆယ် နှစ်တိတိကြာမှ “အကြွေး ပြန်ဆပ်မယ်” ဆိုပြီး ပြန်ရိုက်တာပါ။
အကြွေးမှာ ပါခဲ့တဲ့ မင်းသားကြီး နှစ်ယောက်ဖြစ်တဲ့ ကျော်ဟိန်းနဲ့ ကျော်သူ တို့လည်း အကြွေးဇာတ်ကားပြီးကတည်း က တွဲမရိုက်ဖြစ်တော့ဘဲ အခုကားမှာမှ ပြန်တွဲရိုက်ဖြစ်တာတဲ့။ ဆိုတော့ ရိုက် ကွင်းက ဝိုင်းတော်သားအားလုံး အတော် စိတ်ဝင်စားကြတယ်ပေါ့။

ကျော်ဟိန်းဆိုရင် ဒီကားကို တာဝန် ယူရိုက်ဖို့ ထုတ်ဝေသူက ငှားထားတဲ့ တက်သစ်စ ဒါရိုက်တာကို ဘေးဖယ်ထား ပြီး သူကိုတိုင် စိတ်ပါလက်ပါ ဦးစီးရိုက် နေတော့တာကြည့်ရင် ဒီဇာတ်ကားအပေါ် ဘယ်လောက် အလေးထားတယ်ဆိုတာ ပေါ်လွင်နေလေရဲ့။
ဒီညရိုက်နေတဲ့ ညဘက်ရိုက်ကွင်းက တော့ သူကြီးကျော်ဟိန်းတို့ရွာကို ညဘက်မှာ ချစ်သူနဲ့လာချိန်းတွေ့တဲ့ ရန် ဘက်ရွာက (ကျော်သူရဲ့သား) မင်းသား ကျော်ဇင်ထွဋ်ကို ရွာသားတွေက ဝိုင်း လိုက်သတ်တဲ့အခန်း။

တကယ်က ထားဝယ်သားကတုံးကို အဲဒီအချိန် အဲဒီနေရာမှာ အဲလို အော်ရ မယ်လို့ ဒါရိုက်တာကရော ကျော်ဟိန်းက ပါတာဝန် ပေးမထားဘူး။ ဒီကားမှာ စကားပြောစရာမလိုတဲ့ သာမန်ရွာသား လူအုပ်စုထဲကတစ်ဦးအဖြစ် ပါဝင်သရုပ် ဆောင်ရမှာပါ။
နောက်ပြီး ရွာသားသရုပ်ဆောင်အုပ် စုထဲမှာ ထားဝယ်သားက ဗွီဒီယိုသရုပ် ဆောင်သက်တမ်း အနုဆုံးပါ။ တိတိကျ ကျပြောရင် ဒီဇာတ်ကားက ထားဝယ်သား ကတုံးဘ၀မှာ အဦးဆုံး သရုပ်ဆောင်ခွင့်ရ ဇာတ်ကား။

ဒီလိုလူငယ်တစ်ယောက်ကို ဒီလို ဇာတ်ရှိန်မြင့် ဇာတ်ဝင်ခန်းတွေမှာ စကား ပြောတဲ့ ဇာတ်ပို့အဖြစ် သုံးလေ့ ခိုင်းလေ့ တာဝန်ပေးလေ့ မရှိပါဘူး။ သရုပ်ဆောင် တဲ့ ရွာသားလူအုပ်ထဲမှာ လူကြမ်းမင်းသား နိုင်လူလိုမျိုး အတွေ့အကြုံရင့်ပြီးသားတွေ ပါနေပါတော့ ခိုင်းချင်းခိုင်းရင် သူတို့ကို သာ ခိုင်းမှာပါ။
ဒါပေမယ့် အဲဒီနေရာမှာ အဲလို အော်ဖို့ ဇာတ်ညွှန်းမှာ ပါဟန် မတူပါဘူး။ မင်းသားကို ဝိုင်းလိုက်မယ်၊ အဲဒီလို မျက်ခြည်ပြတ်သွားရင် ]]ကဒ်}} ဆိုပြီးရပ် လိုက်မယ့် သဘောပါ။
ဒါပေမယ့် စကားပြောစရာ မရှိ တော့ချိန်မှာ “ကဒ်” အသံက ထွက်မ လာသေးတော့ ကင်မရာ ရိုက်ရင်းတန်း လမ်းမှာပဲ အားလုံး ကြောင်ပြီး ရပ်နေကုန် ကြတာပါ။ ရုပ်ရှင်လောကစကားနဲ့ပြော ရင် အားလုံးငံ့ သွားကြတာပါ။

ဒီအချိန်မှာ ဒါမျိုး ထအော်မှ တော် ကာကျမယ်လို့ ထားဝယ်သားက သူ့ဘာသာဆုံးဖြတ် ထအော်လိုက်တာပါ။
“ရှာကြလေကွာ….၊ ဘာလုပ်နေကြ တာလဲ….၊ ဝိုင်းရှာကြလေ….”
ဒါဇာတ်ညွှန်းကို ဖောက်ထွက်တယ် လည်း ပြောလို့ရပါတယ်။ သရုပ်ဆောင်စ လူသစ်တစ်ယောက်အတွက် အင်မတန် ကြီးမားတဲ့ စွန့်စားမှုပါ။ ကိုယ်လုပ်ရပ် မှားယွင်းသွားလို့ ကိုယ့်ကြောင့်သာ တစ်ကဒ်လုံး အစအဆုံး ပြန်ရိုက်လိုက်ရ ရင် သေပြီဆရာပဲ။ လူအုပ်ကြားထဲ ရော ရောင် သရုပ်ဆောင်ရတဲ့ “ဖြတ်လျှောက်၊ ရွာသားဆိုဒ်” လို့ ခေါ်ကြတဲ့ သရုပ်ဆောင် တစ်ဦးကြောင့် အချိန်တွေ၊ ငွေတွေ ပိုကုန် ရရင် အဲဒီသရုပ်ဆောင်ကို နောက်ဘယ် ခေါ်တော့မလဲ။
သူလိုကိုယ်လို ဖြတ်လျှောက်တွေ၊ လူသစ်တွေက ပေါမှပေါလေ။ နောက်ပြီး ကိုယ့်ကြောင့် လူတွေပိုပင်ပန်းရင် ကိုယ်ကလည်း စိတ်ကောင်းနိုင်မှာမဟုတ်။ လူသစ်ဆိုတာ တာဝန်ပေးတာပဲ လုပ်တာ အကောင်းဆုံးပါ။

ဒါပေမယ့် ထားဝယ်သားကတုံးက ဒီအချိန်မှာ ဒီလို သရုပ်ဆောင်ဖို့ လိုအပ် နေပြီလို့ ဆုံးဖြတ်ပြီး ဖြစ်ချင်ရာဖြစ်ဆိုပြီး ထအော်တာပါ။
“ကဒ်”လို့ ကျော်ဟိန်းရဲ့ အော်သံ ကြားပြီး ခဏနားနေချိန် ဒါရိုက်တာက လာခေါ်ပါတယ်။ ဒီကားရိုက်ရာမှာ အဲဒီ ဒါရိုက်တာက ဟန်ပြဆိုပေမဲ့ ရိုက်ကွင်း တစ်ခုမှာတော့ ဒါရိုက်တာဆိုတာ ဆရာ ကြီးလေ။
“သွားပြီ….၊ ငါ့ကြောင့် ကွိုင်အကြီး ကြီး တက်ပြီ” ဆိုပြီး ရင်တဖိုဖိုနဲ့ ကုပ် ကုပ်လေး လိုက်သွားတော့ ရိုက်ကွင်း တည်ထားတဲ့နေရာ ရောက်လာပြီး အဲဒီ မှာ ကျော်ဟိန်းက ထိုင်နေတယ်။

တုတ်(သစ်ခက်ပိုင်းပုံ ဆေးချယ်ပုံ သွင်းထားတဲ့ စက္ကူတုတ်) နှစ်ချောင်း ကိုင်ထားတဲ့ကျော်ဟိန်းက ထားဝယ်သား ကတုံးကို မျက်လုံးချင်းဆုံအောင်ကြည့်တယ်..။ ပြီးတော့ တုတ်နှစ်ချောင်းကို တစ်ချောင်း တစ်နေရာခွဲပြီး သစ်ပင်တွေ ကြား ပစ်လိုက်တယ်။
“သွားရှာပြီး ကင်မရာတွေ ဘက်ကို ပြန်ပစ်လိုက်”လို့ ကျော်ဟိန်းကပြော ရင်း မျက်မှန်ကို ကျော်ပြီး အဓိပ္ပာယ်ပါပါ ကြည့်တယ်။ သဘောပေါက်တယ်နော်ဆို တဲ့အကြည့်၊ ကျော်ဟိန်းရဲ့ လူကြိုက်များ တဲ့ အကြည့်။
ထားဝယ်သားကတုံး သိလိုက်တယ်။ တုတ်တွေ ကောက်ပြီး အခြားရွာသားတွေ ကို ပစ်ပေးရမယ့်အခန်း၊ ကိုယ်တစ် ယောက်တည်း သရုပ်ဆောင်ရမယ့် တစ် ကိုယ်တော်အခန်းကို ရိုက်ခွင့်ရတော့မယ် ဆိုတာ သိလိုက်ပြီ..။
ရဲရဲ ခေါင်းငြိမ့်လိုက်တယ်။

“မု” သွင်းပြီးချိန်မှာ မှတ်တမ်းသမား ရဲ့ အော်သံ ထွက်လာတယ်။
“ရယ်ဒီ….၊ ဝမ်း တူး သရီး ဖိုး၊ အက်ရှင်..”
အသင့်ရိုက်ထားတဲ့ ကင်မရာနှစ်လုံး ကြားက ပြေးထွက်လာတဲ့ သူ့ပုံရိပ်ကို မော်နီတာ(ကင်မရာနဲ့ ဂျွိုင်းထားတဲ့ တီဗွီ)ကနေ ကျော်ဟိန်းက စောင့်ကြည့်နေမယ် ဆိုတာ ထားဝယ်သားကတုံး သိတယ်။
လရောင်ပုံစံမျိုး ဆလိုက်တွေထိုး ထားတဲ့ နေရာမှာ တုတ်ကို မျက်စောင်းနဲ့ ကြည့်တယ်။ ချက်ချင်း သွားမကောက်ဘဲ ဟိုရှာ ဒီကြည့် လုပ်တယ်(အိုက်တင်လည်း ဖြစ်၊ ဗီဒီယိုထဲလည်း အချိန်ပိုပို ပါချင်လို့ ပါ)။ နောက်မှ တုတ်ကို တွေ့သွားဟန်နဲ့ ပြေးကောက်။ ကောက်ပြီး အရေးတကြီး မျက်နှာချိုးနဲ့ ကင်မရာဘက် ခြင်္သေ့လည် ပြန်လှည့်၊ “ရော့” လို့ မာန်ပါပါအော်ပြီး ပစ်လိုက်တယ်။

“ကဒ်”
လက်ခုပ်သံ တစ်ချက်နဲ့အတူ ထွက် လာတဲ့ ကျော်ဟိန်းရဲ့ အသံ။ နောက်တစ် ကဒ် ထပ်ရိုက်အပြီးမှာ ထွက်လာတာတဲ့ ကျော်ဟိန်းရဲ့အသံကတော့ ထားဝယ်သား ကတုံးလေးရဲ့ ဘ၀မှာ အမှတ်ရဆုံးစကား ဖြစ်ပါတယ်။
“ဟေ့ ဒါရိုက်တာ၊ အဲဒီ ဂတုံးရဲ့ လိပ်စာကို မှတ်ထားဟေ့….”
ဒါဟာ သရုပ်ဆောင်သစ်တစ် အတွက် ကျော်ဟိန်းပေးတဲ့ အကယ်ဒမီ ပါ။ အနုပညာရပ်ဝန်းမှာ ရှင်သန်ခွင့် ထမင်းစားလက်မှတ်ပါ။
ကျော်ဟိန်းလို လူရိုသေရှင်ရိုသေ လျှမ်းလျှမ်းတောက် မင်းသားကြီးတစ် လက်ရဲ့ အဲဒီမှတ်ချက်စကားဟာ အနု ပညာပိုး တစ်ခုတည်းကို အရင်းပြု၊ အိပ် မက်တွေ အပြည့်အမောက်ပွေ့ဖက်ပြီး ထားဝယ်ကနေ ရန်ကုန် အရဲစွန့်တက်လာ တဲ့ လူငယ်တစ်ယောက်ကို ကြက်သီး တဖျင်းဖျင်းထစေပါတယ်။
ရင်ခုန်လိုက်ရတာဗျာ….။

လူကြမ်းမင်းသားလေး နိုင်လူက လည်း ထားဝယ်သားကတုံးရဲ့ အင်္ကျီကော် လံစလေးကို ပြင်ပေးရင်း “ချီးကျူးပါ တယ်ဗျာ”ဆိုပြီး အသိအမှတ်ပြုလာတယ် လေ….။ အားလုံးငံ့ နေချိန်မှာ ထအော် အသက်သွင်းလို့ ဝိုင်တော်သားတွေအား လုံးက အသိအမှတ်ပြုတာပါ။ နို့မဟုတ် ရင် အဲဒီအခန်း ပြန်ရိုက်ရမလားပဲ။ ဒါကြောင့်ပါ။
အဲ….၊ နောက်ထပ် ရိုးရွရင်ခုန်စရာ ကတော့ အဲဒီညရိုက်ကွင်းကို လာရောက် အားပေးကြည့်ရှုနေတဲ့ ထားဝယ်သူ ညိုချောလေးရဲ့ သန်လျင်(တညင်ရွာ)အိမ်မှာ ထမင်းလာစားလှည့်ပါဆိုပြီး ဖိတ်ခေါ်မှုပါပဲ။ ထားဝယ်က ဆိုတာသိ သွားလို့ ထားဝယ်လိုပြောပြီး ဖိတ်တာပါ။
သူမရဲ့ ဂုဏ်ယူအားပေးနေတဲ့အပြုံး က ရင်ကို (ပြန်တွေးတိုင်း ခုထိ)နွေးထွေး လှုပ်ခတ် နေစေတုန်းလေ။

ညိုချောလေးက ထားဝယ်သား လူကြမ်းသရုပ်ဆောင်လေးကို အဲလို ဖိတ်ခေါ်တော့ ဝိုင်းတော်သားတွေကတော့ ထားဝယ်အချင်းချင်း မျက်နှာလိုက်တယ် ဆိုပြီး စလို့ မဆုံးဘူးရယ်လေ….။ သန်လျင်လို ရန်ကုန်မြစ်တစ်ဘက်ကမ်း မြို့မှာ နာမည်မရသေးတဲ့ လူကြမ်းလေး တစ်ယောက်ကို တကူးတက ထမင်းစား ဖိတ်တယ်ဆိုတာ ရှားလှသကိုး။
ဖြတ်လျှောက်၊ ရွာသားဆိုဒ်သရုပ် ဆောင်တွေက နေ့တွက် တစ်ထောင်(နေ့ ရော ညဘက် အနည်းပါမှ တစ်ထောင်ပါ၊ နေ့ဘက်ပဲဆို ငါးရာပဲ ရပါတယ်) ရပေ မယ့် အဲဒီညမှာ တန်းဝင်လူကြမ်းသရုပ် ဆောင်တွေနဲ့ တစ်တန်းတည်း သုံးထောင် ရခဲ့တာကလည်း အမှတ်ရစရာပေါ့လေ။
ထားဝယ်သားကတုံးရဲ့ဆရာ လူကြမ်း မင်းသား ဗညားဆိုရင် အဲဒီညမှာ သူ့ တပည့်အတွက် ပျော်မဆုံး တစ်ပြုံးပြုံး။
အဲဒီည ရိုက်ကွင်းသိမ်းတော့ ဒါရိုက်တာက ထားဝယ်သားကတုံးဆီ ရောက်လာတယ်။

“နာမည် ဘယ်လိုခေါ်လဲ”
“လုလင်”
“ဘယ်မှာနေလဲ”
“စန်းချောင်း၊ မိုးမခလမ်းထဲက ဇေယျသုခဘုန်းတော်ကြီးကျောင်း’
အဲဒီညက ဘုန်းကြီးကျောင်း ပြန် ရောက်တော့ ည အတော်နက်နေပါပြီ..။ ဒိုင်ယာရီ(ကဗျာစာအုပ်)ကို ဖွင့်ပြီး ကဗျာ တစ်ပုဒ် ရေးဖြစ်တယ်။
“ရှိတယ်၊ ရှိတယ်..
အဲဒီ ကောင်းကင်မှာ
ငါ့အတွက် နေရာတစ်ခု
မမှုန်မလင်း ခန့်ထင်းထင်းကို
ရှိနေတယ်..”

အကြွေး ပြန်ဆပ်မယ်ကားရိုက်ခဲ့တဲ့ ၂၀၀၁ ခုနှစ်အတွင်းမှာ ရွာကသူငယ်ချင်း တွေကို လူကြုံနဲ့ လှမ်းအကြောင်းကြား ရတယ်။ “အဲဒီကားမှာ လုလင်ပါတယ်၊ စောင့်ကြည့်”ပေါ့လေ။ ကျော်ဟိန်းက လည်း ဒါရိုက်တာကို မှာနေတာ ကြား တာကိုး။ “ငါရိုက်ထားတဲ့အရုပ်တွေ အကုန်ထည့်နော်၊ မဖြတ်နဲ့”ဆိုပြီးလေ..။
အဲ..၊ ဇာတ်ကားထွက်လာတော့ ရွာက သတင်းပြန်လာတယ်။ နင့်ကို ဖြတ်ခနဲပဲ တွေ့လိုက်ရတယ်တဲ့။
ကိုယ်တိုင် အခွေရှာငှားကြည့် တော့..၊ ဟုတ်ပ။ ကိုယ့်အခန်းက မပါ သလောက်။ တစ်ကိုယ်တော်အစွမ်းပြထား တဲ့အခန်းတွေ မပါတော့။ ကားရိုက် တုန်းက ရွာသားတွေ တုတ်နဲ့ရိုက်လို့ သေသွားတဲ့ မင်းသားကျော်ဇင်ထွဋ် ကလည်း တစ်ကယ်ဇာတ်ကားထွက် လာတော့ မြွေကြီးလိမ်လို့ သေသွားတယ် ဆိုပြီး ဖြစ်နေလေရဲ့။

စုံစမ်းကြည့်တော့ ရွာသားတွေ ဝိုင်းရိုက်လို့သေတဲ့အခန်းက ဆင်ဆာ မိသွားသတဲ့။ ဒါကြောင့် မြွေလိမ်လို့ သေတယ်ဆိုပြီး ပြန်ပြင်ရိုက်လိုက်ရ သတဲ့လေ..။
ထားဝယ်သားကတုံး အားကြိုး မာန်တက် အစွမ်းပြထားတဲ့အခန်းတွေ ဆင်ဆာကပ်ကြေးအောက်မှာ အဟော သိကံ ဖြစ်သွားပေါ့ဗျာ..။
ဘာဖြစ်ဖြစ် ထားဝယ်သားကတုံးရဲ့ ရွာပြန်ခရီးမှာ ကျော်ဟိန်းပေးတဲ့ ပါး စပ်အကယ်ဒမီကို ပွေ့ပိုက်လာနိုင်ခဲ့ ပါတယ်။
မိဘအသက်အရွယ်အခြေအနေနဲ့ အခြားအကြောင်းအမျိုးမျိုးကြောင့် ရန်ကုန်ရုပ်ရှင်လောကဘက် ပြန်ဦးလှည့် မဖြစ်တော့တဲ့ လုလင်ဟာ တနင်္သာရီတိုင်း မှာ ရုပ်ရှင်^ဗွီဒီယိုရပ်ဝန်းတစ်ခု အခိုင် အမာပေါ်ထွန်းမယ့်အချိန်ကို မျှော်နေ ပါတယ်။

ထားဝယ်မှာ ရုပ်ရှင်^ဗွီဒီယို ရိုက် မယ်ကြားတိုင်း “ကျော်ဟိန်းရဲ့ ပါးစပ် အကယ်ဒမီရှင်- လုလင်”က ဖင်ကြွကြွ လာတယ်။
ဒါပေမယ့် တနင်္သာရီတိုင်းမှာ ရုပ်ရှင်^ဗွီဒီယို အနုပညာရပ်ဝန်းက မထွန်းကားလေတော့ လုလင်မျှော်လင့် ချက်မဲ့နေဆဲပါ။
ကိုယ့်လို ထားဝယ်သားအနုပညာ ဝါသနာအိုးကြီး၊ အိုးလေးတွေအတွက် လည်း ရုပ်ရှင်သရုပ်ဆောင်ဖြစ်ချင်ရင် ရန်ကုန်တက်မှရတဲ့ ခေတ်ကာလ အမြန် ကုန်ဆုံးစေချင်နေပါပြီ။

သရုပ်ဆောင်ဝါသနာအိုးတွေ ကိုယ့် ဝါသနာကို အလွယ်တကူ မြေစမ်းခရမ်း ပျိုးခွင့် ရကြစေချင်လို့ပါ။ လုလင်လို အဆက်အသွယ်မရှိ တစ်ကိုယ်ရည် တကာရ စွန့်စားရခြင်းမျိုး မဖြစ်စေချင် လို့ပါ။
တနင်္သာရီတိုင်းမှာလည်း ရုပ်ရှင်။ဗွီဒီယို ပလက်ဖောင်းများ ထွန်းကားလာ ပါစေဗျာ။
လုလင်မသေခင် ဗွီဒီယိုရိုက်ချင် သေးလို့ပါ။