ဓနိရည်ချိုယဉ်ကျေးမှုနှင့် တောင်ပြိုသားတစ်ယောက်ရဲ့ အိပ်မက်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

“ကျွန်တော်သေပြီး သားစဉ်မြေး ဆက်အထိ ဒီလုပ်ငန်းကို ဆက်ပြီးလုပ် ခိုင်းသွားမယ်”ဟု ပြောဆိုလိုက်သူက အသက် ၅၉ နှစ်ရှိ ဦးလန်းအေး။
၂ စက္ကန့်လောက်ကြာမှ တစ်စက် သာကျသည့် ဓနိရည်ချိုကို ရောင်းချပြီး သားသမီးများကို လူလားမြောက်အောင် ပြုစုပျိုးထောင်ခဲ့သူ။
မြိတ်မြို့၊ ကလွင်ကျေးရွာ၊ တောင် ပြိုရပ် ဇာတိချက်မြုပ်ဖြစ်ပြီး မိဘဘိုးဘွား ပိုင် သည်အလုပ်ကို လုပ်လာခဲ့သည်မှာ နှစ်ပေါင်း ၄၀ ရှိခဲ့ပြီ။ သည်အရပ်မှာ အိမ်ခြေ ၂၀၀ ခန့်ရှိပြီး ယခင်လူအများစုက ဓနိလုပ်ငန်းလုပ်ကြသူတွေ။ ခုတော့ ဆယ်စုနှစ်တစ်ခုအတွင်း အများစုက ယင်းလုပ်ငန်းကို အနည်းအကျဉ်းသာ လုပ်ကိုင်ကြတော့သည်။ ယခင်က သူတို့ ပိုင်ဆိုင်သည့် ဓနိတောမြေများ နေရာ၌ လက်ရှိအချိန်အတွင်း အိမ်ရာဖော်ထုတ် ရေး စီမံကိန်းများက နေရာယူလျက်။
“အသက်ကြီးလာပြီး မလုပ်ကိုင်နိုင် ကြတဲ့သူတွေ။ သားသမီးထဲက အမွေ ဆက်ခံသူမရှိတဲ့သူတွေ။ တချို့ကလည်း စီးပွားရေး အခက်အခဲကြောင့် ရောင်းချ လိုက်ကြတာမျိုး ရှိတယ်”ဟု ဦးလန်းအေး က ပြောသည်။

သူကိုယ်တိုင်ပင် မိဘလက်ငုတ် ဓနိတော ၇ ဧကရှိသည့်အနက် ယင်း မြေကွက်ဖော်သည့် ကုမ္ပဏီသို့ ၄ ဧက ကျော် ရောင်းချခဲ့ရပြီး ဖြစ်ကြောင်း ပြော ပြသည်။
မွေးလာတာက သမီးတွေချည်းဆို တော့ ကိုယ့်အလုပ်ကို ဝင်လုပ်ကြမယ့် သူက မရှိဘူး၊ ဒါကြောင့် ရောင်းပစ်လိုက် ရတယ်”
ခုတော့ သည်အရပ်၌ရှိသည့် ဓနိ တောထက်ဝက်ကျော်က အိမ်ရာမြေကွက် တွေဖြစ်ကုန်ပြီ။ ဓနိလုပ်ကိုင်ကြသူများ ကလည်း မွေးမြူရေးနှင့် တခြားသော လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြလေပြီ။ ကျန်နေသေးသည့် ဓနိတောများကိုလည်း ဦးလန်းအေးလို ဓနိရည်ချို လုပ်ရောင်းသူကမရှိ။ တစ်နိုင် တစ်ပိုင် ပအုန်းရည်လုပ်မည်။ ပျားကျို ချင်ကျိုမည်။ အိမ်မိုးရန် ဖက်ခုတ်ရောင်း မည်။ မလုပ်နိုင်လျှင်လည်း လုပ်နိုင်မည့် သူကို ငှားစားချင်လည်း ငှားစားမည်။
ဦးလန်းအေးက လက်ရှိသူပိုင်သည့် ဓနိတော ၃ ဧကကို အများသူငှာလို မလုပ်။ ယင်းဓနိတောဖြင့် မြိတ်သူ^မြိတ် သားများ ရာသီစာဖြစ်သည့် ဓနိရည်ချို တစ်မျိုးတည်း လုပ်ရောင်းခြင်းဖြင့်သာ အသက်မွေးဝမ်းကျောင်း ပြုခဲ့သည်။ သူအိမ်၌ ရောင်းချသည့် ဓနိရည်ချိုက နာမည်ကြီးပြီး အထူးသဖြင့် လူကုံထံ အသိုင်းအဝိုင်းများမှ ကားကြီးကားငယ် အသွယ်သွယ်ဖြင့် လာရောက် သုံးဆောင် ကြသည်က များသည်ဟု တောင်ပြိုရပ် ကွက်နှင့်ကပ်လျက်ရှိသည့် ချောင်းကူး ငယ်ရပ်ကွက်သားများက ပြောဆိုကြ သည်။

သူအိမ်နှင့်သူ့လုပ်ငန်းခွင် ဓနိတော ကလည်း သိပ်မဝေး။ ၅ မိနစ်လမ်းလျှောက် လျှင် ရောက်ရှိနိုင်သဖြင့် အပင်ရင်းမှ ထွက်သည့် ဓနိရည်ချိုကိုမှ ချဉ်ခြင်းတတ် ကြသူများအတွက်ကား အဆင်ပြေလှ သည်။ အိမ်၌ရောင်းချသည့် ဓနိရည်ချိုက တစ်လီတာလျှင် တစ်ထောင်ကျပ်နှုန်း ကျသင့်ပြီး ကောက်ညှင်းပေါင်းကတော့ ကြိုက်သလောက်ဝယ်စား၍ ရသည်။
“တစ်ခါတစ်လေ နိုင်ငံခြားသားတွေ ပါလာလို့ ဓနိပင်ကို လိုက်ပြတယ်။ ဓာတ်ပုံရိုက်တယ်။ ပြီးတော့ ဓနိရည်ချိုကို ရေခဲစိမ်ပြီး သူတို့နိုင်ငံအထိ ယူသွားကြ သူတွေရှိတယ်”
နိုင်ငံတကာရောက် မြိတ်သားများ ခေတ္တခဏအိမ်ပြန်လာချိန် သူ့ဓနိရည်ချို နဲ့ လာရောက်အလွမ်းဖြေကြလေ့ရှိ ကြောင်းလည်း ကွမ်းသွေးတစ်ငုံ ပျစ်ကနဲ ထွေးထုတ်ရင်း ဂုဏ်ယူဝင့်ကြွားစွာ ပြော ပြသည်။

ဓနိရည်ချိုဆိုသည့် အရည်က သီတင်းကျွတ်ပြီးသည့်အချိန်မှစ၍ ပြာသို လအထိထွက်ရှိပြီး ကျန်လများတွင်တော့ ထွက်ရှိခြင်း မရှိတော့။ ဓနိရည်ချိုလုပ်ရာ၌ သူက ရိုးသားသည်။ စည်းစနစ်ကျသည်။ သန့်ရှင်းသည်။ အဓိက သူအောင်မြင်ရ သည့် အကြောင်းက စားသုံးသူကို ရင် တွင်းမှလာသည့် စေတနာဖြင့် ဂရုတစိုက် ရှိခြင်းပင်။
“ကိုယ်က သန့်သန့်ရှင်းရှင်း ကောင်းကောင်းမွန်မွန် စားချင်သလို သူများတွေလည်း ကိုယ့်လိုစားချင်ကြတာ ဓမ္မတာပဲ”ဟု သူက ဆိုသည်။
ညနေ ၃ နာရီဒေါင်ဆိုလျှင် အလုပ် သမားဆယ်ကျော်သက်ကလေး ၂ ယောက်နှင့်အတူ ဓနိတောထဲရောက်ပြီး ဓနိလှီးခြင်း လုပ်ငန်းကို စတင်သည်။ သူနှင့်အတူပါသူ ကလေး ၂ ယောက်က တော့ နံနက်ပိုင်းအချိန်က ဆေးကြော မီးမြိုက်ထားသည့် ဇနုပ်ခေါ် ဓနိရည်ခံ ဝါးဆစ် ပြောင်းကလေးတွေကို ဓနိပင် ရင်း၌ လိုက်ချသည်။ တစ်ယောက်က ရေပုံးတစ်လုံးဖြင့် ဓနိရိုးကို ပိုက်စုတ်ဖြင့် ပိုးနှင့်ဓနိချေးများ မကျန်အောင် တိုက် ချွတ်ဆေးကြောသည်။ သူက ထက်ရှနေ သည့် ဓနိလှီးဓား တစ်ချောင်းဖြင့် ဓနိရိုး တွေကို လှီးပြီး ဝါးဆစ် ပြောင်းလေးတွေကို ကိုယ်တိုင်စွပ်သည်။ သို့ဖြင့် ညနေ ၅ နာရီကျော်လျှင် ဓနိရိုး နှစ်ရာကျော်ရှိသည့် သူ့တို့ဓနိလှီးလုပ်ငန်းကား ပြီးဆုံးပြီ။

ယင်းနောက် ည ၇ နာရီအချိန်တွင် ကြယ်စစ်ရည်ဟုခေါ်သည့် ဦးဦးဖျားဖျား လတ်ဆတ် ချိုမြနေသည့် ဓနိရည်များကို လိုက်လံစုဆောင်းကာ အိမ်သို့ပြန်သယ် ကာ ရောင်းချရသည်။ ညနေ ၃ နာရီ အချိန်က လှီးခဲ့သည့် စနိရိုးများက ည ၇ နာရီဆိုလျှင် ဓနိရိုးတစ်ရိုးရှိ ဝါးဆစ် ပြောင်းအတွင်း အနည်းဆုံး လက်ငါးသစ် ခန့် ရရှိနေပြီဖြစ်ကာ ဓနိရိုး ပေါင်းများစွာ ကို လိုက်လံစုဆောင်း ရကြောင်းသူက ပြောပြသည်။
“ကြားမှာ နားချိန်က တစ်နာရီ လောက်ပဲ ရှိတယ်။ လာသောက်သူတွေများ ရင် ည ၁၁ နာရီအထိ ဓနိရည်တွေလိုက် ဖျစ်(လိုက်စု) နေရတုန်းပဲ”ဟု ၎င်းက ဆိုသည်။

ဓနိရည်ချိုကို ယခင် ၁၅ နှစ်လောက် က သည်လောက်မရောင်းရ။ ခုကတော့ ဓနိတောတွေ ပြုန်းတီးပြီး ရှိသည့်ဓနိတော လက်ကျန်လေးကိုလည်း အပင်ပန်းခံ အိပ်ပျက်ခံပြီး လုပ်ကြမည့်သူတွေက ရှားပါးလာသည်နှင့်အမျှ သည်အလုပ် တစ်ခုထဲ စွဲစွဲမြဲမြဲ လုပ်လာသည့် သူ့ဆီ၌ သာ ဖောက်သည်တွေက စုပြုံနေကြခြင်း ဖြစ်ပေလိမ့်မည်။

“ခုခေတ်လူငယ်တွေက ဒီအလုပ်ကို စိတ်ဝင်စားသူ မရှိသလောက်နည်းသွား ပြီ”ဟု သက်ပြင်းတစ်ချက်ရှိုက်ရင်း ဦးလန်းအေးက ညည်းသည်။
တစ်ကယ်တမ်းလုပ်တတ်လျှင် ဓနိပင်က ရွှေထွက်သည်။ ဓနိပင်မှထွက် သည့် အကိုင်း၊ အခက်၊ အသီး၊ အရွက်၊ အရည် စသည့် ပဉ္စငါးပါးစလုံးက အသုံး ဝင်သည်။ ပြောရလျှင် သည်ဓနိတစ်ပင် လုံးက ဘုရားသခင်ပေးသည့် လက် ဆောင်လို ပစ်ချစရာက ဘာတစ်ခုမှမရှိ။
ဓနိရည်အချိုကို ကောက်ညှင်းပေါင်း ပူပူနွေးနွေးဖြင့် သောက်သုံး၍ရသလို အချဉ်ကို ပအုန်းရည်(အချဉ်ရည်) လုပ် လို့ရသည်။ အခါးကတော့ နေညိုလေပြို တတ်သည့် ရွာကာလသားတွေရဲ့ သည်း ခြေကြိုက်။ ယင်းအပြင် ဓနိရည်ချေး ဆိုတာကလည်း ရှိသေးသည်။ ဟင်းချက် ရာ၌ ယင်းကိုထည့်သုံးလျှင် စားရသည့် အရသာက တစ်မူထူးကဲလှသည်။

ဒါတင်မကသေး။ အရွက်ကို အိမ်မိုး ဖက်အဖြစ် ရှေးပဝေသဏီမှစကာ ယနေ့ အထိ သုံးနေကြဆဲ။ ၎င်းအပြင် ဓနိသီးက လည်း စားလိုက်လျှင် အေးပြီးချိုမြမြဖြင့် ကလေးများ ကြိုက်နှစ်သက်ကြသည်။ နောက်အရွက်မဖြစ်ခင်အဖူးကတော့ ထိုင်းကို ဘယ်အချိန်ပို့ပို့ လိုက်လံဝယ်ယူ နေကြသည့် ပွဲစားများက ဟင့်အင်း မရှိ။ ဆေးလိပ်ခုံပိုင်ရှင် ထိုင်းသူဌေးတွေ ကလည်း သူတို့နိုင်ငံ တွင်မရှိသည့် မြန်မာပြည်က ယင်းဓနိ အဖူးများကို မျှော်နေကြသည်။ ဒါတင်ပဲ လားဆိုတော့ မဟုတ်သေး။ ဓနိပွင့်ကို သူ့ဆီကရသည့် ပျားဖြင့် ပြန်ကျိုပြီး ထန်းလျက်ခဲလို ရေနွေးကြမ်းဖြင့် တစ်မြုံမြုံဝါး၍ နေ့လယ်နေ့ခင်း အိမ်ဦးခန်း၌ ဇိမ်ကျနိုင် သည်။ (တချို့က ဓနိပွင့်ကို ရေနွေးကြမ်း လုပ်သောက်လျှင် ရောဂါအမျိုးမျိုး ပျောက်ကင်းသည်ဟု ယုံကြည်ကြ သည်။) အပွင့်မဖြစ်ခင် အဖူးသေးသေး လေးတွေကလည်း ရေပူဖြင့်ပြုတ်ပစ်ပြီး (သို့မဟုတ်) မီးဖြင့်ဖုတ်ပြီး ထမင်းဝိုင်း၌ တို့စရာအဖြင့် အသုံးပြုလျှင် ထူးကဲသည့် အရသာက မည်သည့်တို့စရာနှင့်မှ မတူ။ နောက်ဆုံးကျန်သည့် ဓနိဘောင်များက လည်း ပစ်ချစရာအကြောင်းမရှိ။ နေလှန်းပြီး ထင်းအဖြစ် အသုံးပြုလို့ရ သလို မီးရှို့ပြာချပြီး အိမ်သုံး ဆားအဖြစ် ချက်၍ရသည်။

ယင်းသို့ပစ်ချစရာ တစ်ခုမျှမရှိသော သဘာဝကပေးသည့် လက်ဆောင် ဓနိ တောများကို လူအများက အဘယ်ကြောင့် လွယ်လွယ်ကူကူ ဈေးပေါပေါဖြင့် ရောင်းချနေရသနည်းဆိုသည်ကို စဉ်းစား၍ မရကြောင်း ဦးလန်းအေးက ဆိုသည်။ မိမိအနေဖြင့် တားလို့လည်းမရ ဝယ်ထားရန်လည်း အဆင်မပြေသည့် ဘ၀ဖြစ်နေသည့်အတွက် ထိုင်ကြည့်နေရုံ ပဲ တတ်နိုင်သည်ဟု သူက ဆိုသည်။ အရင်က ရောင်းလိုက်သည့် သူ့ဓနိတော ကိုလည်း သူနှမြောနေသည်။
“သူများတွေ ဘာပဲလုပ်လုပ်ကိုယ့် မိဘလက်ရင်းအလုပ်ကိုပဲ ကျွန်တော်က ဝါသနာပါပြီး ဒီထက်မက ကောင်းအောင် လည်း ဆက်လုပ်သွားမယ်”ဟု ၎င်းက ဖွင့်ဟသည်။

လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ ကျော်က ဓနိရည်ကို ဆိုင်းထမ်းလေးဖြင့် ထမ်းပြီး မိုင်ဝက်ခန့်ရှိသည့် ရှမ်းချောင်း လမ်းမ ကြီးပေါ်၌ အဖေဖြစ်သူမှ သွားရောင်းပြီး မိသားစုကို ရှာဖွေကျွေးမွေးရသည့်အတိတ် ကို အခါအခွင့်သင့်တုန်း သူကပြန်ပြောင်း ပြောဆိုသည်။
သူပြောသည့်နေရာ၌ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော် သုံးဆယ်ခန့်က ညဘက်ရော မနက်ဘက်ပါ ဓနိရည်ချိုနှင့် အငွေ့ တထောင်းထောင်းထနေသည့် ကောက်ညှင်းပေါင်းကို ရောင်းချသူတွေက လမ်းဘေးတစ်ဖက်တစ်ချက်၌ အစီအရီ။ အေးခဲ ချမ်းစိမ့်နေသည့် ဒီဇင်ဘာလများ၌ လူတွေကသည် နေရာ၌ တရုန်းရုန်း။ မြို့တွင်းမှ လမ်းလျှောက်၍ ဖြစ်စေ၊ စက်ဘီး ဆိုင်ကယ် သုံးဘီးလေးဘီးကား လေးနဲ့ပဲဖြစ်စေ မိသားစုအလိုက် အပျို အအို ကြီးငယ်ဆင်းရဲ ချမ်းသာမရွေးဘဲ သည်နေရာက လူတန်းစား ပေါင်းစုံဆုံ စည်းကြသည့် ပလက်ဖောင်းတစ်ခုဟု ပြောလျှင်ရသလို အမောဖြေရန် အတွက် ဂိတ်ဆုံးမှတ်တိုင် အိုအေစစ် လေးတစ်ခု ဟု ဆိုပြန်လျှင်လည်း မှားမည် မဟုတ်ပေ။
သို့သော် ယခုအချိန်၌ ယင်းလမ်း ပေါ် အိုအေစစ်လေး မရှိတော့တာ ဆယ်စုနှစ်နှစ်ခုနီးပါး ရှိခဲ့ပြီ။ ယင်း လမ်းမပေါ်မှ တစ်ဆင့် လမ်းကြားလေး ထဲသို့ ဝင်ရသည့် ချောင်းကူးငယ်ရပ် ကွက်လေးသို့ ပြောင်းရွှေ့သွားခဲ့ရသည်။

ဓနိရည်ချိုဆိုင်တန်းလေးများအ နေဖြင့် ယင်းနေရာအသစ်တွင် ဆယ်နှစ် ခန့် လွတ်လပ်စွာရောင်းချခဲ့ရသော် လည်း ပြီးခဲ့သည့် ၅ နှစ်လောက်မှစ၍ ယင်းနေရာမြေကွက်လပ်တွင် လူနေ အိမ်များဆောက်လုပ်လာခြင်းကြောင့် လည်းကောင်း၊ ရှိရင်းစွဲဓနိတောများ တစ်နှစ်ထက်တစ်နှစ် ပြုန်းတီးလာမှု ကြောင့်လည်းကောင်း ဓနိရည်ချို ရောင်း ချသည့် ဆိုင် ၃၀ ကျော်အနက် ပြီးခဲ့နှစ် က ဆိုင် ၁၀ ကျော်သာ ကျန်တော့ကြောင်း ချောင်းကူးငယ်ရပ် ဓနိရည်ချို ဆိုင်တန်း ရှေ့နေထိုင်သူ အသက် ၆၀ အရွယ် အဒေါ်ကြီးက ပြောပြသည်။
“အိမ်တွေလာဆောက် လိုက်ကြသ လို တဖြည်းဖြည်းနဲ့ဓနိရည်တွေ အရ နည်းလာတာလည်း ပါတယ်”ဟု ၎င်းက ပြောသည်။
လွန်ခဲ့သည့် ၅ နှစ်လောက်ကအထိ ယင်းဈေးတန်းလေး၌ မိုးလင်းသည့် အချိန်တိုင်အောင်အထိ ဆောင်းဘောက် မှ သီချင်းဖွင့်သံ၊ ဆိုင်ကယ်ဆူညံသံ၊ လူအော်ဟစ်သံများနှင့် တစ်ခါတစ်ရံ လူငယ်အချင်းချင်း အုပ်စုလိုက်ရန်ဖြစ် ထုရိုက် နေကြခြင်းကြောင့် ညဘက်အိပ် မရကြောင်း ယခုအခါတွင်ယင်းဆူညံသံ များ နည်းပါးသွားသလို ည ၁၂ နာရီ အထိသာ ရောင်းချနေသည့် အတွက် စိတ်ချမ်းသူမှုရလာကြောင်း ယင်း အဒေါ်ကြီးက ဆက်လက်ပြောဆိုသည်။
“သီတင်းကျွတ်လပြည့်ကျော် ရင်တော့ လာကြတော့မယ်။ ဒါပေမယ့် ဟိုးတုန်းကလို ဆူလည်းမဆူညံသလို စည်လည်း မစည်ကားတော့ဘူး”ဟု ၎င်းက ပြောသည်။

ယခင်ကဓနိရည်ချို ရာသီရောက် လျှင် မြို့တွင်းရှိ လူအများက ရှမ်းချောင်း ဓနိရည်ချို ဆိုင်တန်းလေးသို့သွား၍ တကူးတက ဝယ်ယူသောက်သုံးကြသော် လည်း ယခု၌မူ ယင်းသို့သွားစရာမလို တော့ ယင်းဓနိရည်ချိုများ မိမိတို့ရပ် ကွက် လမ်းများအတွင်း ရောက်ရှိနေပြီ ဖြစ်ကြောင်း မြိတ်မြို့၊ မြို့သစ် လမ်းဆုံ၌ ဓနိရည်ချိုနှင့် ကောက်ညှင်းပေါင်း ရောင်းချသူ ဒေါ်တင်မူက ဆိုသည်။
ရှမ်းချောင်းဘက်မှ ဆိုင်ကယ်ဖြင့် ဖောက်သည် လာပို့သည့် ဓနိရည်ချိုအား ဝယ်ယူရောင်းချခြင်းဖြစ်ပြီး ရာသီပေါ်စ ၌ တစ်ညလျှင် တစ်လီတာရေသန့်ဗူး ၃၀ အထိနှင့် ကောက်ညှင်းပေါင်း ၄ ပြည်လောက်အထိ ကုန်တတ်သော်လည်း နောက်ပိုင်းတဖြည်းဖြည်း ရောင်းအား လျော့ကျလာကြောင်း ၎င်းက ပြောပြ သည်။
သို့သော် ဓနိရည်ချိုကို လူတကာ ထက် ပိုမိုကြိုက်နှစ်သက်ကြသည့် လူတချို့ကမူ မြို့တွင်းလမ်းဘေး၌ ရောင်းချသည့် ဆိုင်များတွင် သောက်ရ သည်မှာ အရသာမတွေ့ကြ။ ကိုယ်တိုင် လုပ်ရောင်းသည့် ပင်ရင်းတွင်သာ တကူး တကသွားရောက် သုံးဆောင်ကြလေ့ရှိ ကြောင်း ဓနိရည်ချိုအား ဆိုင်ကောင်း ကောင်း၌ ရှာဖွေသောက်တတ်သူ ဒေါ်ချို က ပြောသည်။
“တောင်ပြိုတို့ ရှမ်းချောင်းတို့ဆို တာ နဲနဲဝေးပေမယ့် ဓနိရည်ချိုလေးတစ် ခွက်ကို အရသာရှိရှိ သောက်ရဖို့က အဓိကပဲလေ”ဟု ၎င်းက သူ့အယူအဆ ကို ထုတ်ဖော်သည်။

မည်သို့ပင်ဆိုစေကာမူ မြိတ်မြို့ နယ်အတွင်းရှိ ဒေသခံဘိုးဘွားဘီဘင်များလက်ထက်မှစ၍ အစဉ်တစိုက် နှစ်ခြိုက်စွာ သောက်သုံး လာခဲ့ကြသည့် ဓနိရည်ချိုများနှင့် ယင်းကို ထုတ်လုပ်ပေး သည့် ဓနိပင်များကား မြေယာဖော်ထုတ် သည့် လုပ်ငန်းများနှင့် တစ်ခြားသော စီမံကိန်းများကြောင့် တဖြည်းဖြည်း နှင့်ပျောက်ကွယ် ရှားပါးလာနေပြီဖြစ်ပြီး နောင်ကာလတစ်ခု၌ လုံးဝပျောက်ကွယ် သွာနိုင်သည့် အခြေအနေသို့ ဆိုက် ရောက်လာနိုင်ကြောင်း ဓနိလုပ်ကိုင်ကြ သည့် အသိုင်းအဝိုင်းက လတ်တလော ဝေဖန်မှတ်ချက်ပေးမှုများ ရှိနေကြသည်။
ဦးလန်းအေးကမူ ကိုယ့်မြို့၏ ရိုးရာတစ်ခုဖြစ်သည့် ဓနိရည်ချိုယဉ် ကျေးမှုကို သားစဉ်မြေးအဆက်ဆက်ထိ လုံးဝမပျောက်အောင် ထိန်းသိမ်းရောင်းချ သွားမည်ဟု ဆိုလိုက်သည်။

“နောက်ဆုံး ဘယ်သူမှ မရောင်းကြ တော့ဘူး။ ကျွန်တော်လည်း မရှိတော့ဘူး ဆိုရင်တောင်မှ ဓနိရည်ချိုကို နှစ်သက် တဲ့ ဘိတ်သူ/ဘိတ်သားတွေအတွက် ကျွန်တော်ရဲ့မျိုးဆက်က လုံးဝမပျောက် ပျက်အောင် ဖန်တီးထုတ်လုပ်ပေးနေ ဦးမယ်။ ဒါက ကျွန်တော့်ရဲ့စေတနာ အိပ်မက်ပဲ”