ထားဝယ်-ထီးခီး လိုင်စင်မဲ့ကားများ နိုဝင်ဘာ ဒုတိယအပတ် စဖမ်းမည်

0
535

ထားဝယ်မြို့မှ ထိုင်းနိုင်ငံနယ်စပ် ထီးခီးသို့ ပြေးဆွဲနေသည့် တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ်များကို လာ မည့် နိုဝင်ဘာလ ၁၁ ရက်မှ စတင် ဖမ်းဆီးတော့မည်ဖြစ်ကြောင်း ထားဝယ် -ထီးခီးမော်တော်ယာဉ် ကြီးကြပ်ရေး အသင်းထံမှ သိရသည်။
ယင်းလမ်းကြောင်းတွင် လိုင်စင်မဲ့ မော်တော်ယာဉ်များ ပြေးဆွဲနေခြင်းကိုထိန်းချုပ်နိုင်ရန်အတွက် အောက်တိုဘာ လ ပထမအပတ်မှ စတင်ပြီး လိုင်စင်ရှိ သည့်ယာဉ်များကို ထားဝယ်-ထီးခီး ယာ ယီပြေးဆွဲခွင့်လက်မှတ်များ ထုတ်ပေးပြီး နောက် ယင်းကဲ့သို့ ဖမ်းဆီးမှုများ စတင် ရန် စီစဉ်လာခြင်း ဖြစ်သည်။
မေတ္တာမြို့ရှိ စစ်ဆေးရေးဂိတ်တွင် သက်ဆိုင်ရာဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် မော်တော်ယာဉ်များ တွင် ယာယီပြေးဆွဲခွင့် လက်မှတ် ရှိ၊မရှိ နေ့စဉ် စစ်ဆေးမည်ဖြစ်ကြောင်း အထက်ပါအသင်း ဥက္ကဋ္ဌ ဦးသန်းဇော်မိုး ကပြောသည်။

“အောက်တိုဘာလ ၁၀ ရက်ကနေ ပြီး နိုဝင်ဘာ ၁၀ ရက်အထိကို ပညာပေး ကာလအနေနဲ့ သတ်မှတ်ထားတယ်။ သတ်မှတ်ရက်ကျော်ရင်တော့ စဖမ်းတော့ မယ်”ဟု ဦးသန်းဇော်မိုးက ဆိုသည်။
ဖမ်းမိသည့်ယာဉ်များကို တိုင်းအစိုး ရအဖွဲ့ထံသို့ လွှဲပြောင်းပေးမည်ဖြစ်ပြီး တိုင်းအစိုးရအဖွဲ့က အရေးယူမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။
တရားမဝင် လိုင်စင်မဲ့ကားများကို ဖမ်းဆီးအရေးယူမည်ဟု ယခင်ကလည်း မကြာခဏ ပြောဆိုခဲ့ဖူးပြီး ရေရှည်မဖမ်း ကြဟု ထားဝယ်-ထီးခီးပြေးဆွဲနေသည့် ယာဉ်ပိုင်ရှင်အချို့က ပြောသည်။

“ရေရှည်မှာတော့ ဒီတရားမဝင်ကား တွေကို ထိန်းချုပ်နိုင်မယ် မထင်ဘူး။ အရင်ကလည်း ဖမ်းမယ်လို့ပြောပြီး နောက်ဆို လိုင်စင်မဲ့ကားတွေ ဟိုကတစ် စီး၊ ဒီကတစ်စီး ထွက်ထွက်လာတာပဲ” ဟု ထားဝယ်-ထီးခီးကို ပြေးဆွဲခဲ့ဖူးသည့် ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ယာယီပြေးဆွဲခွင့်လက်မှတ်များကို ယာဉ်လိုင်စင်ရှိပြီး လုပ်ငန်းလိုင်စင်မရှိ သည့် ယာဉ်များကိုလည်း ပြုလုပ်ပေး လျက်ရှိပြီး အောက်တိုဘာလ ၁၆ ရက် အထိ စာရင်းအရ ယာဉ် ၇၀ ခန့်ကို ထုတ်ပေးပြီးဖြစ်ကြောင်း ထားဝယ်-ထီးခီးမော်တော်ယာဉ် ကြီးကြပ်ရေး အသင်းထံမှ သိရသည်။