မွန်တွင် ယာဉ်ထိန်းရဲအား ကားဖြင့် တိုက်၊ သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်

0
515

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်တွင် ယာဉ်ထိန်းရဲ ကို မော်တော်ယာဉ်ဖြင့်တိုက်ပြီး သေနတ် ဖြင့် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။
အောက်တိုဘာ ၁၄ ရက် နံနက် ၈ နာရီခန့်တွင် အမှတ် (၇၇) ယာဉ်ထိန်း ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ် မျိုးဇော်ဦးနှင့် ဒုတပ်ကြပ် သက်ကိုဦးတို့သည် မော်လ မြိုင်မြို့၊ ဒေါင်းဇရပ်ရပ်ကွက်ရှိ မီးပွိုင့် လမ်းဆုံတွင် တာဝန်ဆောင်ရွက်နေစဉ် မုဒုံဘက်မှ ဈေးကြိုဘက်သို့ မောင်းနှင် လာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရန် တားဆီးရာ ယင်းယာဉ်မှာ မောင်းပြေးခဲ့သည်။

ယင်းကြောင့် ၎င်းတို့သည် ဆိုင် ကယ်ဖြင့် အဆိုပါယာဉ်နောက်လိုက်ခဲ့ရာ မော်လမြိုင်မြို့ မြိုင်သာယာ ရပ်ကွက် ဦးစစ်မောင်လမ်းနှင့် သမိန်ဗရမ်းလမ်းဆုံ အရောက်တွင် ယင်းယာဉ်ရှေ့မှ ပိတ်၍ ရပ်တန့်စဉ် ယင်းယာဉ်မှ ဆိုင်ကယ်အား တိုက်ပြီးနောက် ယာဉ်မောင်းသည့် နိုင်ပိုက်ထွေးက အသင့်ပါလာသော အမျိုးအစားမသိ သေနတ်ဖြင့် ၄ /၅ ချက်ခန့် ပစ်ခတ်ခဲ့သည်ဟု ရဲမှတ်တမ်း အရ သိရသည်။
ပစ်ခတ်မှုကြောင့် ရဲတပ်ကြပ်မျိုး ဇော်ဦးနှင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိ ခဲ့သည်။

အဆိုပါ နိုင်ပိုက်ထွေးဆိုသူကို အခင်းဖြစ်ပွားခဲ့သည့် မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်အတွင်း၌ အောက် တိုဘာ ၁၇ ရက် နံနက်က ဖမ်းမိခဲ့ပြီး ၎င်းမောင်းနှင်လာသည့်ကားတွင် WY နှင့် R စာတမ်းပါ မူးယစ်ဆေးဝါး အပြား ၂၀၀၀ ကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရ သည်။
“ကျန်တဲ့ ကွင်းဆက်တွေကိုလည်း ကျွန်တော်တို့ရရင် ဆက်ဖမ်းဖို့အတွက် ဆောင်ရွက်နေတယ်”ဟု မြိုင်သာယာ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် တင်ထွန်းဦးက ပြောသည်။

နိုင်ပိုက်ထွေးသည် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်မှ ဒုဗိုလ်အဆင့်ရှိသူ ဖြစ်ကြောင်း မော်လမြိုင်ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး သိန်းထွန်းဦးက ပြော ဆိုထားပြီး မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကမူ နိုင်ပိုက်ထွေးသည် ၎င်းတို့ တပ်ဖွဲ့ဝင် မဟုတ်ကြောင်း ငြင်းဆိုထား သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ပိုက်ထွေးဆိုသူအား မြိုင်သာယာနယ် မြေရဲစခန်းတွင် မယ(ပ)၁၇ /၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၃ (ဝတ္တရားနှောင့် ယှက်မှု)၊ ၃၀၇ (လူ့အသက် သေစေရန် အားထုတ်မှု)၊ ၁၁၄ (အားပေးကူညီမှု) နှင့် မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၉ (က)/၂၁တို့ဖြင့် အမှုဖွင့်အရေးယူထား သည်။