ရာစုနှစ်တစ်ခုနီးပါး ပျောက်ကွယ်နေသည့် ထားဝယ်ရိုးရာ အမျိုးသားယန်းအက သပိတ်မျှောပွဲတွင် ကမည်

0
409

ထားဝယ်ကမ်းနားဈေးအနီးတွင် ကျင်းပပြုလုပ်မည့် သပိတ်မျှောပွဲတော် တွင် ရာစုနှစ် တစ်ခုနီးပါး ပျောက်ကွယ် နေသော ထားဝယ်ရိုးရာ အမျိုးသား ယန်းအကကို ပြန်လည်ထုတ်ဖော် ကပြ သွားမည်ဖြစ်ကြောင်း ထားဝယ်စာပေ နှင့်ယဉ်ကျေးမှုကော်မတီ နာယက အကနည်းပြဆရာ ဦးမောင်စိုးက ပြော သည်။
ယန်းအကမှာ လွန်ခဲ့သောနှစ်ပေါင်း ၃၀၀ ကျော်ကတည်းကရှိခဲ့ပြီး မကပြဖြစ် သည်မှာ နှစ်ပေါင်း ၈၀ နီးပါးခန့်ရှိပြီ ဖြစ်ကြောင်း ဦးမောင်စိုးက ဆိုသည်။
ထားဝယ် သုတေသန ပညာရှင်များ နှင့် ရန်ကုန်ယဉ်ကျေးမှု အနုပညာ တက္ကသိုလ်မှ သုတေသီများ၏ ခန့်မှန်း ချက်ကို ကိုးကား၍ ဦးမောင်စိုးက ယင်း သို့ပြောဆိုခြင်း ဖြစ်သည်။

“သီတင်းကျွတ်သပိတ်မျှောပွဲကို ဂုဏ်ပြုသောအားဖြင့် သရုပ်ပြဖျော်ဖြေ ကပြမှာပေါ့၊ ထားဝယ်အမျိုးသား ယန်း အကဆိုတာက ရှေးဟောင်းမြေဝိုင်းခေတ် အက၊ စည်တော်ကြီးအကနဲ့ ဆင်တူ တယ်”ဟု ၎င်းက ပြောသည်။
ယန်းအကကို ပြည်ထောင်စု အတွက် သမိုင်းပေးသစ္စာ သီချင်းဖြင့် အမျိုးသား ၁၄ ဦးက ကပြမည်ဖြစ်ကြောင်း ဦးမောင်စိုးက ပြောသည်။
ရှေးယခင်က ထားဝယ်တိုင်းရင်း သားများ ကျန်းမာရေးညံ့ဖျင်းလျှင် (သို့) စီးပွားရေးကျဆင်းလျှင် ယန်းအကဖြင့် မိမိအိမ်၌ ကခုန်သည့်ဓလေ့ရှိသည်ဟု ဦးမောင်စိုးက ပြောသည်။

၂၀၁၇ ခုနှစ်က ထားဝယ်ရိုးရာ အမျိုးသမီးယန်းအကကို ရှင်တောင့်ပုံ (ရှင်တောန်းပုံ) သီချင်းနှင့် လူဦးရေ ၁၆ ဦး ဖြင့် တင်ဆက်ကပြခဲ့ပြီး အမျိုးသမီး၊ အမျိုးသားတွဲလျက် ယန်းအကကိုလည်း ထုတ်ဖော်ကပြရန် အစီအစဉ်ရှိကြောင်း ထားဝယ်စာပေနှင့်ယဉ်ကျေးမှုကော်မ တီထံမှ သိရသည်။
သပိတ်မျှောပွဲတော်တွင် ထားဝယ် အမျိုးသား ယန်းအကအပြင် ထားဝယ် အမျိုးသမီး ယန်းအက၊ ယိမ်းအကအပါ အဝင် ရိုးရာအကများဖြင့် တင်ဆက်ကပြ မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ယခုနှစ် သပိတ်မျှောပွဲတော်ကို ထားဝယ်မြို့ကမ်းနားလမ်း၊ ကမ်းနား ဈေးအနီးတွင် ကျင်းပမည်ဖြစ်သည်။