ဖိုးဖိုးကျောက်ကမ်းခြေနှင့် ပဲ့စင် ကျွန်းအပါအဝင် ကမ်းခြေအချို့တွင် ကမ္ဘာ့အဆင့်မီ အပန်းဖြေစခန်းဆောက်ရန် အဆိုပြု

0
398

လောင်းလုံးမြို့နယ်အတွင်းရှိ ဖိုးဖိုးကျောက်ကမ်းခြေနှင့် ပဲ့စင်ကျွန်း အပါအဝင် ပင်လယ်ကမ်းခြေအချို့တွင် ကမ္ဘာ့အဆင့်မီ အပန်းဖြေစခန်းဆောက် ရန် ကုမ္ပဏီတစ်ခုက အောက်တိုဘာလ ၉ ရက်နေ့တွင် အဆိုပြုခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဇော်လတ်က ပြောသည်။
လောင်းလုံးမြို့နယ်အတွင်းရှိ ကမ်းခြေအချို့တွင် နိုင်ငံတကာအဆင့် မီ ခရီးသွားလုပ်ငန်းနှင့် ကမ္ဘာ့အဆင့်မီ အပန်းဖြေစခန်း ဆောက်ရန် နထခနူနညအ Excellent Fortune Development Group က လာရောက်အဆိုပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကုမ္ပဏီက လောင်းလုံး မြို့နယ်အတွင်း ကမ်းခြေမြေနေရာအချို့ ကို ဝယ်ယူထားပြီး အဆိုပြုလုပ်ငန်း အရေအတွက် များနေသည့်အတွက် လုပ်ငန်းတစ်ခု၊ နှစ်ခုကိုသာ ကနဦး တင်ပြရန် ပြောခဲ့ကြောင်း ဦးမိုးဇော်လတ် က ဆိုသည်။
“သူကတော့ (ကုမ္ပဏီ) လာတွေ့တဲ့ သဘောလောက် ထိတွေ့မှုလာယူတဲ့သ ဘောလောက်ပဲ ရှိသေးတယ်၊ ကနဦးပဲ”ဟု ၎င်းက ပြောသည်။
လောင်းလုံးမြို့နယ် အတွင်းရှိ ဖိုးဖိုးကျောက်ကမ်းခြေ၊ ပဲ့စင်ကျွန်း အပါအဝင် အခြားကမ်းခြေများလည်း ပါဝင်ကြောင်း ဦးမိုးဇော်လတ်က ဆိုသည်။
ကုမ္ပဏီက လုပ်ငန်းလုပ်ရန် လာ ရောက် အဆိုပြုချိန်တွင် တိုင်းဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် ဟုဆိုကာ တိုင်းအစိုးရကို ငွေကျပ်သိန်း ၅၀၀ လှူခဲ့သည်။

စီးပွားရေးလုပ်ငန်း လုပ်ရန်လာ ရောက်အဆိုပြုချိန်တွင် ငွေကြေးလှူ ဒါန်းမှုကို လက်မခံသင့်ကြောင်း ဒေသခံ များအကြား ပြောဆိုဝေဖန်မှုများ ရှိသည်။
လုပ်ငန်းများလုပ်ရန် ကုမ္ပဏီက နေရာ ၅ ခုခန့်ကို ပါဝါပွိုင့်ဖြင့် လာရှင်း ပြရာ ဦးစားပေးလုပ်မည့် နေရာကို ပြန် တင်ပြရန်ပြောလိုက်ကြောင်း တိုင်းဒေသ ကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ကျော်က ဆိုသည်။
“သူဝယ်ထားတယ်လို့ပြောတာပဲ၊ ဒီမြေရဲ့အကြောင်းတွေ ဘာမှမစိစစ်ရ သေးဘူး၊ ဘယ်နေရာလဲဆိုတာ သူ့ကို အသေးစိတ်တင်ပြခိုင်းထားတယ်၊ သူ တင်ပြမှ စစ်လို့ရတယ်ပေါ့နော်၊ လူတွေ ပိုင်တဲ့ဟာလား၊ ဝယ်ထားတာလား ဘယ်လိုရထားတာလဲ ဘာလဲညာလဲဆို တာစစ်လို့ရတာပေါ့”ဟု ဦးခင်မောင် ကျော်က ပြောသည်။

လုပ်ငန်းလုပ်ရန် အဆိုပြုခဲ့သည့် မြေနေရာကို မြေယာအခြားနည်းအသုံး ပြုခွင့် တင်ရမည်ဖြစ်ပြီး လက်ရှိအခြေ အနေက အဆိုပြုသည့်အဆင့်သာရှိ ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ထံမှ သိရသည်။
ဖိုးဖိုးကျောက်ကမ်းခြေတွင် ဒေသ ခံလုပ်ငန်းရှင်များ ဘန်ဂလိုဆောက်ခွင့် လျှောက်ထားချိန်က တိုင်းအစိုးရက ခွင့်မပြုကြောင်း အကြောင်းပြန်ကြားခဲ့ပြီး လုပ်ငန်းရှင်ကြီးများ ဝင်ရောက်ရင်းနှီး မြှုပ်နှံမည့် အရိပ်အယောင်ရှိလာချိန် ရောက်မှ လျှောက်ထားနိုင်ကြောင်း ပြောဆိုခြင်းမှာ ဘဝင်ကျစရာမရှိကြောင်း ထားဝယ်မြို့အခြေစိုက် TITAN ခရီး သွားကုမ္ပဏီပိုင်ရှင် ဦးတင်နိုင်က ဆိုသည်။

“အရင်က ဒီကမ်းခြေမှာပဲ လျှောက် ထားတာ၊ နှစ်နှစ်လောက်ကြာမှ ခွင့်မပြု ပါလို့ အကြောင်းပြန်ခဲ့တယ်”ဟု ဦးတင်နိုင်က ပြောသည်။
ပင်လယ်ကမ်းခြေတွင် ဒေသနှင့် ကိုက်ညီသည့် သဘာဝခရီးသွားလုပ်ငန်း မျိုးသာဖြစ်သင့်ပြီး သဘာဝအလှကို ထိခိုက်စေနိုင်သည့် အထပ်မြင့် အဆောက်အအုံမျိုးမဖြစ်ရန် လိုအပ် ကြောင်း ၎င်းက ဆိုသည်။

လုပ်ငန်းလုပ်ရန်အဆိုပြုခဲ့သည့် Excellent Fortune Development Group သည် ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်းက လေလံတင်ရောင်းချသည့် ဒေါ်အောင်ဆန်းစုကြည်ရုပ်ထုကို ကျပ် သိန်းတစ်ထောင်ကျော်ဖြင့် ဝယ်ယူခဲ့ သည့်ကုမ္ပဏီ ဖြစ်သည်။
ယင်းကုမ္ပဏီသည် ကရင်ပြည်နယ် တွင် ဒေါ်လာသန်း ၇၀၀ကျော်တန် ဘိလပ်မြေစက်ရုံစီမံကိန်း အကောင် အထည်ဖော်ရန် အဆိုပြုထားသည့် ကုမ္ပဏီဖြစ်ကြောင်း အောက်တိုဘာလ ၈ ရက်နေ့ထုတ် Eleven နေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြထားသည်။