သီတင်းကျွတ် ဒိုင်ယာရီ

0
2670

ကျင်တွယ်ချိုးကွေးထားတဲ့ စက်ဘီး စပုတ်တိုင်ခေါင်းထဲ စောင်းကောက် တံဆိပ် သစ်သားမီးခြစ်ဆံက ယမ်းတွေ ခြစ်ထည့်၊ လွင့်ထွက်မသွားရအောင် သား ရေပင်နဲ့တွဲချည်ထားတဲ့ အိမ်ရိုက်သံနဲ့ ပိတ်ပြီး အုတ်ခုံလို၊ ကျောက်တုံးလို မာတဲ့ နေရာတစ်ခုရှာ၊ ဒိုင်းခနဲ မြည်အောင် ထုလိုက်ဖောက်လိုက်ပြီးရင်တော့ တိုက်ပွဲ အောင်တဲ့ စစ်သူကြီးတစ်ယောက်လို ရင်ကော့ခေါင်းမော့ ပျော်ရပြီပေါ့။
မုတ်သုန်မိုးလည်း ဆုတ်ခွာပြီ။ မနက်ခင်းမှာ နှင်းတွေလည်း ဝေစပြုပြီ။ ဆိတ်ဖလူးပန်းနံ့လေးတွေက သင်းလို့။ သီတင်းကျွတ်ရောက်တော့မယ်လေ။
သေနတ်နဲ့ တွဲဖောက်ရတဲ့ စက္ကူ ယမ်းခွေကို မောင်းခလုတ်ရိုက်ချက်လွဲပြီး အသံမထွက်လို့ ကစားဖော်သူငယ်ချင်း တွေက၊ ဆွဲဖြတ်လွှင့်ပစ်တာတွေပြန် လိုက်ကောက်၊ ကျောက်ခဲနဲ့ ထုလိုက်တဲ့ အခါထွက်လာတဲ့ တဖတ်ဖတ်မြည်သံ၊ စက္ကူမီးကျွမ်းနံ့၊ ယမ်းညှော်နံ့တွေက လည်း မိုးပါးသွားချိန်မှာ နှာခေါင်းထဲ ကျပ်ခိုးစွဲနေသလို အနံ့ရလာ။ သီတင်းကျွတ်တော့မှာပဲ။

လမ်းဆုံကြီးက ကစားစရာအစုံ ရောင်းတဲ့ ဆိုင်တန်းမှာ ဗျောက်အိုးတွေ၊ ယမ်းဖောက်သေနတ်တွေ၊ အုတ်နံရံတို့ လမ်းမတို့ကို အားနဲ့ပစ်ပေါက်ပြီး ဆော့ရ တဲ့ပေသီးခေါ် ယမ်းထုပ်အလုံးလေးတွေ၊ ငွေမင်ရောင်ယမ်းချောင်းလေးကို လက်နဲ့ ကိုင်မီးရှို့ပြီး ဝှေ့ယမ်းဆော့ရတဲ့ ကြယ် တာရာမီး၊ စတဲ့မီးရှူးမီးပန်းတွေ၊ အလှ ဆင်ရောင်စုံစက္ကူ မီးပုံးတွေ၊ မှန်ကြည် ပလတ်စတစ်မီးပုံးတွေ ရောင်းပြီပေါ့။ အိမ်ရှေ့ဝရံတာမှာ သွပ်နန်းကြိုးတန်းပြီး ပုံစံမျိုးစုံရောင်စုံစက္ကူ မီးပုံးလေးတွေချိတ်၊ လျှပ်စစ်မီးသီးရောင်စုံ စီးရီးတွဲလေးတွေနဲ့ အလှဆင်ကြပြီပေါ့။

တရုတ်မီးပန်းလို့သိကြတဲ့ တရုတ် လုပ် ဗျောက်အိုးထက် ရှမ်းမီးပန်းခေါ်တဲ့ ယိုးဒယားဗျောက်အိုးက လူကြိုက်လည်း များ၊ ဈေးလည်းကောင်းတော့ ကလေး တွေ ဝယ်မဆော့နိုင်ဘူး။ ယမ်းအား၊ ပေါက်ကွဲအားပြင်းတော့ ယမ်းကြိုးကို မီးရှို့ပြီး အဝေးမပစ်ခင်လက်ထဲမှာ ပေါက်ရင် လက်ပြတ်မှာ ဘာညာခြောက် လှန့်ပြီး လူကြီးတွေကလည်း ပေးမဆော့ ချင်ကြဘူး။ အခုခေတ်မှာတော့ တစ်လုံး တည်းမှာ ၂ ချက် ၃ ချက်ဆင့်ကွဲတဲ့ အရိုး ခေါင်းပုံ ဗျောက်အိုးတွေ၊ ကျွီတဲ့၊ ဒုံးပျံတဲ့။ အမျိုးစုံလှတဲ့ ဗျောက်အိုးတွေ၊ မီးရှူး၊ မီးပန်း၊ရှူးဒိုင်းတွေရဲ့တဒိန်းဒိန်း တဒိုင်း ဒိုင်းပေါက်ကွဲသံက ကြောက်တတ်သူတွေ နှလုံးရပ်လောက်အောင်ကို ပြင်းထန်တာ တွေ့ရတယ်။
ဖယောင်းတိုင်တွေကို အပူခံတဲ့ခွက် တစ်ခုထဲထည့်၊ အပူပေးပြီး ပျော်ကျနေတဲ့ ဖယောင်းရည်မီးထဲ ရေစက်ရေမွှားတွေ လက်နဲ့တောက်ထည့်တော့ တဝုန်းဝုန်း တဖျစ်ဖျစ် မြည်ပြီး ထတောက်လာအောင် ဆော့တာကို ကလေးတွေအခေါ်က ငရဲမီး တဲ့။ နာမည်ကိုက ကြောက်စရာပေမယ့် ခလေးတွေအဖို့မှာတော့ ပျော်စရာပဲ။

လျှပ်စစ်ပစ္စည်း အရောင်းဆိုင်၊ စတိုးဆိုင်တွေမှာ ရောင်စုံစီးရီးမီးတွဲ မျိုးစုံကို ချိတ်ပြထွန်းပြပြီး ဝယ်လက်ခေါ် ပြီဆိုတာနဲ့ ကလေးတွေရဲ့ သီတင်းကျွတ် ရောဂါလည်းဆေးမတိုးအောင် သည်းလာ တော့တာ။
အဖိုးရဲ့လေးတောင့်ထိုး ဓာတ်မီးထဲ က မီးလုံးကို ခိုးဖြုတ်၊ ရောင်စုံပလတ်စတစ်မှန်ကြည်စ(မရရင်)၊ ယိုးဒယား သကြားလုံးပလတ်စတစ်အခွံနဲ့အုပ်၊ အနီးအနားက အီလက်ထရောနစ်ပစ္စည်း၊ ပန်ကာ၊ ကက်ဆက်ပြင်ဆိုင်၊ စက်ပြင်ဝပ် ရှော့၊ တစ်ခုခုမှာ သွားရှာ ကောက်ထားတဲ့ ဝါယာကြိုး အတိုအစကို စက်ဘီးက ဒိုင်နမိုနဲ့ချိတ်ပြီး မီးပွင့်လေးရအောင်ဖန် တီး၊ အိမ်ဘုရားစင်ပေါ်က အမွှေးတိုင်ထုပ် ကို လူကြီးတွေ မသိအောင်မ၊ စက်ဘီး စပုတ်တိုင်ကြားမှာ နံ့သာတိုင်ညှပ်နင်းပြီး မီးစကြာဘီးပိုင်ရှင်လို ဟန်လုပ်မော်ကြွား ခဲ့ဖူးရဲ့။

သီတင်းကျွတ်ညတွေမှာ ထွန်းကြ တဲ့မီးရောင်စုံအလှတွေကို မြို့လုံးပတ် လည် စက်ဘီးလေးတွေ တစ်လှည့်စီနင်း ပြီး၊ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ဟေးလားဝါးလား အော်ဟစ်စနောက်ပြီး လျှောက်သွား၊ လျှောက်ကြည့်ခဲ့ဖူးတဲ့ အရသာကို မမေ့သလို၊ သက်တူရွယ်တူ ကောင်မလေးတွေ လမ်းလျှောက်နေတဲ့ အနား ဗျောက်အိုးတွေ ပစ်ဖောက်၊ လန့် ဖြန့်စိတ်ဆိုး အော်ဟစ်ဆဲဆိုကြိမ်းမောင်း ရေရွတ်သွားတာတွေကိုတောင် သဘော တွေ့ မနောခွေ့ အပျော်လွန်တတ်ခဲ့ကြဖူး တာကိုလည်း ပြန်တွေးပြီး နောင်တရချင် သလိုလိုနဲ့ ပြုံးမိနေဆဲပဲ။
အခု ဒီဇယ်ပေါက်ဈေးနဲ့ မီတာခရှင်း ရတဲ့ ထားဝယ်မှာတာဝတိသာက ပြန်ကြွ လာတဲ့ ဗုဒ္ဓကို ရည်မှန်းပြီး မီးတထိန်ထိန် နဲ့ ပူဇော်ဖို့အရေး၊ အိမ်အလှဆင်မီးတွေ၊ ရောင်စုံဝေနေအောင် ထွန်းဖို့အရေးက လည်း ကက်ကုလသင်္ချာနဲ့ တွက်တဲ့အခါ ရင်မအေးစရာမို့၊ နောက်နောင်အခါ မဟာဓာတ်အားလိုင်းရောက်မှသာ၊ ဆထက်ထမ်းပိုးတိုးတိုးပြီး ပူဇော်ပါရစေ ဘုရားလို့များ တောင်းပန်နေကြမှာလား မသိ။ အရင်ကဆို အလှဆင်မီးလုံးမီးတွဲ တွေကို သီတင်းကျွတ်ကနေ တန်ဆောင် တိုင်ဘုရားပွဲပီးတဲ့အထိ မဖြုတ်မသိမ်းဘဲ ထွန်းကြတာများတာကိုး။

အလယ်မှာ အဆစ်ပိတ်နဲ့ ထိပ်နှစ် ဖက်ပွင့်အောင်ဖြတ်ထားတဲ့ ဝါးလုံးတောင့် ကို ကျင်းတူးပြီး ထိုးစိုက်ထားတဲ့ ဝါးခြမ်း တိုင်မှာစွပ်၊ နို့ဆီဘူးခွံသံပြားနဲ့ လုပ်ထား တဲ့ မီးစာတိုင်နဲ့ဖုံး၊ အပေါ်ပိုင်းက ဝါးဆစ် ထဲရေနံဆီဖြည့်ပြီး ရပ်ထဲရွာထဲလမ်းတွေ မှာ တန်းစီထွန်းကြတဲ့ ဆီမီးတိုင်တွေ၊ ဆီမစုပ်အောင် တစ်နေကုန် ရေစိမ်ထားတဲ့ မြေမီးဖုတ်ခွက်ကလေးတွေမှာ ချည်ကြိုး ကျစ်မီးစာတပ်၊ စားဆီထည့်ပြီး အရုပ်ပုံ၊ စာသားဖော်ပြီး ထွန်းကြပူဇော်ကြတဲ့ ဆီမီးခွက်တွေ။
အဝိုင်း၊ လေးထောင့်၊ ကြယ်ပုံ၊ တချို့စိတ်ကူးကွန့်မြူးပြီး သင်္ဘောပုံ၊ လေယာဉ်ပုံစသဖြင့် နှီးတွေဝါးတွေနဲ့ ပုံစံချိုး၊ မှန်ကြည်စနဲ့ ကော်ကပ်ပြီးလုပ် ကြတဲ့မီးပုံးတွေ။
ဖယောင်းတိုင်ထည့်ထွန်းလို့ရတဲ့ ဒီဇိုင်းစုံ၊ ရောင်စုံစက္ကူ မီးပုံးလေးတွေကို ပုံစံတုပြီး ကျောင်းသုံးဗလာစာအုပ်ခလယ် စာရွက်ကိုဖြုတ်၊ ဘာဂျာတွန့်ဖြစ်အောင် ခေါက်၊ မဲနယ်တွေ ဆနွင်းတွေဖျော် အရောင်ခြယ်၊ လက်ဖြစ်မီးပုံးလေးတွေ လုပ်ပြီး ပျော်ခဲ့ရဖူးတဲ့ သီတင်းကျွတ်နေ့ ရက်တွေကို ပြန်တမ်းတမိသလို၊ မိတ်အင် အိုးလုပ်ပြင်သပိတ်တွေ၊ ဆီမီးခွက်တွေကို လည်း၊ ဟိုးအရင်တုန်းကလို ရိုးရာမပျက်၊ တွင်တွင်ကျယ်ကျယ်၊ နေရာယူအောင်လံ ထူနေစေချင်လှတယ်။
သင်္ဘောဆိပ်ချောင်း တောင်ဘက် လမ်းမှာ ကာတွန်းမီးပုံးတွေလုပ်မတဲ့။ သတင်းရတာနဲ့ အပြေးအလွှားသွား၊ မီးပုံးထောင်ဖို့ ဝါးခွဲသူခွဲ၊ ဖြတ်တောက် အချောသပ်၊ မီးပုံးကပ်သူကပ်၊ လမ်း တလျှောက်ကျင်းတူး၊ တိုင်စိုက်အလုပ်ရှုပ် နေကြတဲ့ ကာလသားအုပ်စုတွေကြားရော ပြီးစပ်စုရတာ အမော။

ကာတွန်းရုပ်တွေနဲ့ ကလိထား၊ သရော်ထားထေ့ထားတဲ့ မီးပုံးတွေကြည့် ချင်လှပြီလေ။ ဦးကြာဒုသား၊ ကိုကျော်တို့ ဦးစီးပြီး ရန်ကုန်၁၃လမ်း(အောက်)လမ်းမှာလုပ်တဲ့ ဦးဘဂျမ်းကာတွန်းမီးထွန်းပွဲလိုမျိုး တတ်သလောက် မှတ် သလောက် ဝါသနာနဲ့အစွမ်း ပြခဲ့ကြတဲ့ နှစ်တွေတုန်းကပေါ့။ “ဇရစ်ထဲမှာ နိဗ္ဗာန် ဈေးရှိသတဲ့”ကြားရင်လည်း လှစ်ခနဲ ရောက်သွားပြန်၊ နောက်ကျမကျန် သစ္စာမဖောက်လမ်း ကြိုက်လွန်းတဲ့ ခြေထောက်တွေ။
ပြည်တွင်းကုန်တင်ကုန်ချ ဆိပ်ခံ ဘောတံတား အဆင်း ကမ်းနားမြေကွက် လပ်ကြီးမှာ ဝါးလုံးတွေနဲ့တိုင်ထူ၊ ရာဇမတ်ကာပြီး ဝင်္ကပါစဆောက်ပြီဆို ကတည်းက၊ ကွင်းထဲမှာ ညနေတိုင်းဆော့ နေကျ ဘောလုံးကို အခါတိုင်းလို ဖြောင့် ဖြောင့်မဆော့နိုင်။ ဝင်္ကပါလမ်းတွေပြီးတာ နဲ့ ဈေးဦးဖောက်၊ ဝင်ပြေးဝင်ဆော့ဖို့ ကျီးချောင်းချောင်းခဲ့ရတာအမော။ မြေသပိတ်အိုးထဲဆွမ်း၊ ပေါက်ပေါက်ဆုပ်၊ မုန့်ဆီ၊ ကတိုးခွာ၊ ဘီစကစ်၊ ကိတ်နဲ့ သစ်သီးတွေ၊ လက်တစ်ဆစ်စာလောက် ကွမ်းညှပ်နဲ့ဖြတ်၊ အဆစ်ဖယ်ထားတဲ့ ကြံတစ်လေးတွေ၊ အခွံနွှာထားတဲ့ငှက် ပျောသီးပေါ် ဖယောင်းတိုင်၊ အမွှေးတိုင်၊ တံခွန်ကုက္ကားတွေထိုးစိုက်လို့။ သီတင်း ကျွတ်လပြည့်နေ့ အရုဏ်တက်ရောင်နီ မလင်းခင် ကလေးလူကြီးရွှင်ရွှင်ပျပျ ဆင်နွှဲကြတဲ့ ထားဝယ်ရိုးရာသပိတ်မျှော ပွဲတော်။
ခွေးရှောင်မော်ဘက် ကမ်းနားဆီက နေ ကလေးတွေရေကူးထွက်လာပြီး မျှောချ လိုက်တဲ့ သပိတ်တွေထဲက ပိုက်ဆံနဲ့စား ချင်တာတွေ နှိုက်ယူကြတာကိုလည်း တွေ့ရ။

ရေဘောင်ဘင်အနိမ့်အမြင့်ခိုစီးပြီး လှုပ်တုတ်လှုပ်တုတ်၊ မီးရောင်တလက် လက်နဲ့ ကျရေအတိုင်းစုန်လို့ မြစ်ဝဖက်ဆီ မျောပါ သွားကြတဲ့ သပိတ်တွေနဲ့ကြည်နူး ဖွယ်ရှုမျှော်ခင်း။ ကိုယ့်အရပ်နဲ့ နီးစပ်ရာ ဆင်ဆိပ်ချောင်းဖျား၊ ကမျောကင်း၊ မင်းရပ်ကူးတို့၊ ရွှေဂူချောင်းတို့ဆီကနေ လည်း သပိတ်မျှောပွဲဆင်နွှဲကြတယ်။ ဝါတွင်းထဲပူဇော်ခံ၊ အလှူခံခဲ့ကြတဲ့ ရှင်ဥပဂုတ်ပူဇော်တဲ့အဖွဲ့တွေ လည်း သီတင်းကျွတ်မှာ ဖောင်တော်ကိုမြစ် အလယ်ရောက်အောင် စက်လှေနဲ့ဆွဲပြီး မျှောသူမျှော၊ မောင်းမကန်ဆင်းမျှောသူ မျှောကြတယ်။
လူပျိုကာလသားဘ၀ သီတင်းကျွတ် ရက်တွေမှာ အရောက်အပေါက်များတာက သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှာ လုပ်တဲ့ညောင်ဇင်ရွာက ဆွမ်းဆန်စိမ်း လောင်းလှူပွဲပဲ။

လဆန်း ၁၄ ရက်မှာ သစ်သီး ဆွမ်းတော်ကြီးတင်တဲ့ ဝေသန္တရာပွဲဆို တာလည်းရှိသေး။ ဆွမ်းဆန်စိမ်းလောင်း လှူပြီးရင် အောင်ပွဲအနေနဲ့ မီးပုံးပျံလွှတ် တာကို တကူးတက သွားကြည့်ကြရတယ်။ အရင်ကတော့ ချောတိုင်တက်တာ၊ ခေါင်း အုံးရိုက်တာတို့ပါ ပျော်ပွဲရွှင်ပွဲအနေနဲ့ ထည့်ခဲ့သေးတယ်။ ညောင်ဇင်မီးပုံးပျံ ကတော့ ထားဝယ်နယ်တစ်ဝိုက် ပြောစ မှတ်တွင်အောင်၊ အရွယ်အစားကလည်း ကြီး၊ အထာတွေ ဘာတွေနဲ့ ကျော်အောင် လည်း ညာတတ်၊ ဆွမ်းခြောက်တောင်း တွေ၊ လူရုပ်တွေ၊ ပံ့သကူအလှူ ပိုက်ဆံ တွေနဲ့မို့ လူကြည့်လူကြိုက်များခဲ့တာ ပေါ့။ အခုနောက်ပိုင်းမှာတော့ ညောင်ဇင် လို ကမျောရွာနဲ့ တခြားရွာတွေကလည်း မီးပုံးပျံလွှတ်ပွဲတွေ လုပ်လာကြတာ ကြားရတယ်။

ကိုယ့်ဖာသာ အပူမရှာချင်လို့ တစ်ကိုယ်တည်းနေသူတွေနဲ့ အကြောင်း ကံမပေးလို့ ပေါင်းရန်ဝေးသူတွေကတော့ မစားရသေး ဘူးလား၊ ဘယ်တော့စားရ မှာလဲလို လှောင်သံထေ့သံတွေနဲ့ ခလုတ် အတိုက်ခံရတဲ့ ခုလိုနေ့တွေကို စိတ်နာ ရတဲ့အထဲ၊ တူနှစ်ဖြာဂဟေဆက်မယ့် မင်္ဂလာဆောင်ဖိတ်စာတွေကလည်း ပလူပျံအောင်ရောက်လာနှိပ်စက်တာခံ ကြရရှာပေဦးတော့မှာ။

နဖူးစာမင်ရည်ကျဲလို့ဂေါ်မစွံ၊ လူပျိုကြီးအပျိုကြီးဖြစ်နေရဆဲ FA တွေ လည်း ဘယ်ဆီဘယ်ဝယ် မျက်စိလည် နေဆဲမသိရတဲ့”နတ်ရေးငယ်ရွှေစာ” ကိုရှာ၊ ဘ၀ဝင်္ကပါလမ်းထဲ တိုးရင်းဝှေ့ ရင်း၊ ထွက်လမ်းမရောက်မချင်း သီတင်းကျွတ်နေ့တွေ တွေ့နေရဦးမှာ လေ။ ။