လယ်သမားများကို ငွေချေးမည်ဟုဆိုကာ လိမ်လည်ခဲ့သည့် ကုမ္ပဏီကို အရေးယူမည်ဟု ထုတ်ပြန်

0
429

ထားဝယ်ခရိုင်ရှိ လယ်ယာလုပ်ပိုင် ခွင့်ပြုလက်မှတ် ပုံစံ (၇) ရှိသည့် လယ်သမားများကို ငွေချေးမည်ဟုဆိုကာ စာရွက်စာတမ်းကြေး လိမ်လည်ငွေ တောင်းယူခဲ့သည့် ဓနတိုးဝင်းအောင် ကုမ္ပဏီကို ထိရောက်စွာ အရေးယူရန် စီစဉ်နေကြောင်း အောက်တိုဘာလ ဒုတိယအပတ်တွင် စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
ဓနတိုးဝင်းအောင် ကုမ္ပဏီသည် ယခုနှစ် ဇွန်လ က ထားဝယ်ခရိုင်အတွင်းရှိ လယ်သမားများထံတွင်လည်း ငွေကြေး လိမ်လည်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ရှိ လယ်သမားအချို့က ပြောသည်။

လယ်တစ်ဧကကို ငွေကျပ်ငါးသိန်း နှုန်းဖြင့် ထုတ်ချေးပေးမည်ဖြစ်ပြီး ကနဦး အနေဖြင့် လျှောက်လွှာဖြည့်သွင်းကြေး ဟုဆိုကာ လယ်သမားတစ်ဦးကို ကျပ် နှစ်ထောင်မှ သုံးထောင်အကြား တောင်း ခံခဲ့ကြောင်း လောင်းလုံးမြို့နယ် ရေဖြူ ကျေးရွာရှိ လယ်သမားတစ်ဦးဖြစ်သူ ဦးမောင်ဝင်းကပြောသည်။
“သူတို့က ထားဝယ်(ခရိုင်)မှာ လူတစ်ရာပြည့်ရင် ချေးမယ်လို့ ပြော တယ်။ အရှေ့ဘက် (သရက်ချောင်းမြို့ နယ်) က လူတွေနဲ့ပေါင်းပြီး လူတစ်ရာ ပြည့်ရင် ချေးမယ်လို့ ပြောတယ်”ဟု ဦးမောင်ဝင်းက ဆိုသည်။

ရေဖြူကျေးရွာနှင့် အနီးတစ်ဝိုက် တွင် တစ်ရွာလျှင် ပျမ်းမျှ နှစ်ဆယ်ဦးခန့် ငွေအလိမ်ခံခဲ့ရကြောင်း ၎င်းက ပြော သည်။
ယင်းသို့ ငွေလိမ်တောင်းခဲ့သည့် ကုမ္ပဏီမှာ ဓနတိုးဝင်းအောင်ကုမ္ပဏီ ဖြစ်ကြောင်း ပြောဆိုနိုင်ခြင်းမှာ ချေးငွေ လျှောက်လွှာတွင် ယင်းကုမ္ပဏီ နာမည် ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားကြောင်း ဦးမောင်ဝင်းက ပြောသည်။
ပြည်ထောင်စုအစိုးရ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ထုတ်ပြန်ချက် တွင်မှု ဓနတိုးဝင်အောင်ကုမ္ပဏီက မက်လုံးပေး လိမ်လည်ခဲ့သည့် မြို့များ တွင် မိုးကောင်း၊ မိုးညှင်း၊ ပုလဲ၊ ရေနံ ချောင်း၊ ကျောက်ဆည် စသည့် ၇ မြို့ သာပါဝင်ပြီး ထားဝယ်မြို့ မပါဝင်ခဲ့ပေ။
အစိုးရမှ ထိရောက်စွာအရေးယူမည် ဟု ကြေညာထားသည့် ကုမ္ပဏီများတွင် ဓနတိုးဝင်းအောင် ကုမ္ပဏီနှင့်အတူ ရွှေသစ္စာမြေ ကုမ္ပဏီ၊ General Star ကုမ္ပဏီ၊Phyo Thet Aung ကုမ္ပဏီတို့ လည်း ပါဝင်သည်။

ယင်းကဲ့သို့ မက်လုံးပေးကာ တောင်သူများထံတွင် ငွေကြေးလိမ်လည် ခဲ့သည့် ကုမ္ပဏီများကို ထိရောက်စွာ အရေးယူရန် ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန စသည်တို့နှင့် သက်ဆိုင်ရာ တိုင်းအစိုးရ အဖွဲ့တို့ ညှိနှိုင်းဆောင်ရွက် နေကြောင်း အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။