ရွှေပြည်စိုး ဟိုတယ်စီမံကိန်း မြေနေရာကိစ္စ တိုင်ကြားစာ စိစစ်ရေးကော်မတီ လာစစ်

0
448

ကော့သောင်းမြို့နယ် ရွှေပြည်စိုး ကျေးရွာအုပ်စု မြို့အဝင် ‘ကြိုဆိုပါ၏’ ဆိုင်းဘုတ်အနီး အများပြည်သူနှင့် သက်ဆိုင်သော ကမ်းခြေမြေနေရာကို ဟိုတယ်ဇုန်စီမံကိန်းအတွက် ရယူထား ခြင်းအပေါ် ဥပဒေနှင့် ညီ မညီ ပြန်လည် စိစစ်ပေးရန် တိုင်းဒေသကြီး လွှတ်တော် လွှတ်တော်ဥက္ကဋ္ဌထံ တိုင်ကြားထားသည့် အတွက် အစိုးရ၏ အာမခံချက်များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် ပြည်သူ များ၏ တိုင်ကြားစာ၊ အသနားခံစာ ဆိုင်ရာ စိစစ်ရေးကော်မတီက အောက်တိုဘာ ၁၂ ရက်တွင် ကော့သောင်းမြို့သို့ ကွင်းဆင်းလာရောက် စစ်ဆေးခဲ့သည်။ ကောင်းမြန်မာအောင် ကုမ္ပဏီက အကောင်အထည်ဖော်မည့် ရွှေပြည်စိုး ဟိုတယ် စီမံကိန်းအတွက် မြေနေရာ ရယူထားခြင်းမှာ မြေယာဥပဒေလုပ်ထုံး လုပ်နည်းအတိုင်း ပိုင်ဆိုင်မှုမျိုး ဟုတ်မဟုတ်၊ အဂတိ လိုက်စားမူများ ရှိ မရှိ တာဝန်ရှိဌာနများကို စိစစ်ပေးရန် ပူးတွဲပါ လက်မှတ်များဖြင့် စက်တင်ဘာ လက တိုင်ကြားခဲ့သည့်အတွက် လာရောက် စိစစ်ရခြင်းဖြစ်ကြောင်း အထက်ပါကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထူးနေအောင်က ဆိုသည်။

တိုင်ကြားမှုအပေါ် သက်ဆိုင်ရာ တိုင်းကြားသူ၊ ကုမ္ပဏီနှင့် ဆက်စပ် ဌာနဆိုင်ရာများကို ခေါ်ယူ စစ်ဆေးခဲ့ပြီး တိုင်းလွှတ်တော် ဥက္ကဋ္ဌထံ အစီရင်ခံစာ ရေးပြီး တင်ပြသွားမည်ဖြစ်ကြောင်း ဒေါက်တာ ထူးနေအောင်က ဆိုသည်။ အဆိုပါမြေနေရာကိစ္စနှင့် ပတ်သက်၍ အောက်တိုဘာ ၁၃ရက်က ပြည်သူ့ဆန္ဒခံယူရာတွင် လက်ရှိ ကောင်းမြန်မာအောင်ကုမ္ပဏီမှ အများ ပြည်သူပိုင်မြေနေရာအား ရယူပိုင်ဆိုင် ထားခြင်းကို ကော့သောင်းမြို့ ဒေသခံ များအနေဖြင့် လုံးဝလက်မခံကြောင်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် ထားခြင်းမရှိသည့် မြေယာပိုင်ဆိုင် ထားခြင်းကို ပြန်လည်ဖျက်သိမ်းပေးရန်၊ ယင်းနေရာအား ကော့သောင်းမြို့၏ အများပြည်သူပိုင်နေရာ၊ အထင်ကရ ဗျူးပွိုင့်နေရာအဖြစ်သာ ထားရှိပေးရန် ကော့သောင်းမြို့နယ် နိုင်ငံပိုင်မြေယာ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီက ပြည်သူ့တွေ့ဆုံပွဲအပြီးတွင် သဘော ထား ထုတ်ပြန်ခဲ့သည်။ ဟိုတယ်ဆောက်လုပ်သည်ကို ကန့်ကွက်ခြင်းမဟုတ်ဘဲ မြေယာ လုပ်ကိုင်ခွင့် ရယူထားသည့်ကိစ္စတွင် ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ထားခြင်း မရှိသည့်အတွက် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံ ပိုင်မြေယာ ထိန်းသိမ်း စောင့်ရှောက်ရေး ကော်မတီမှ ဦးဟန်ဝင်းက ဆိုသည်။

“တိုင်ကြားသူရှိလို့ ကော်မတီက လာစစ်တဲ့အပေါ်မှာတော့ ဘာမှပြောစရာ မရှိပါဘူး၊ ကျွန်တော်တို့ ကုမ္ပဏီကလည်း ဒေသခံတစ်ယောက်ဆီက ပုံစံ ၇ ထွက်ပြီး သားမြေကို ဝယ်ယူထားတာပါ”ဟု စီမံကိန်း အကောင်အထည်ဖော်မည့် ကောင်း မြန်မာအောင်ကုမ္ပဏီ အထွေအထွေ မန်နေဂျာ ဦးအောင်မင်းကျော်က ဆိုသည်။ ဟိုတယ်ဆောက်ရန် ရရှိထားသည့် မြေဧရိယာ ၄.၃၉ ဧက အနက် ၁.၇၅ ဧက တွင်သာ ဟိုတယ်ဆောက် လုပ်မည်ဖြစ်ပြီး ကျန်ရှိသော မြေ ၂.၆ ဧက ကို အများပြည်သူ အပန်းဖြေနေရာ အဖြစ် တည်ဆောက်သွားမည်ဟု ဦးအောင်မင်းကျော် က ပြောကြားသည်။ အဆိုပါ မြေနေရာကိစ္စနှင့် ပတ်သက်၍ ကန့်ကွက်သူများရှိသလို ဟိုတယ်ဆောက်လုပ်မည့်အပေါ် ထောက်ခံသူများလည်း ရှိသည်။