ထီလက်မှတ်ဈေးပိုရောင်းသည့် ထီဆိုင်နှစ်ဆိုင်ကို ထီလက်မှတ်ဝယ်ယူခွင့်ပိတ်

0
368

အောင်ဘာလေထီလက်မှတ်ကို အစိုးရက သတ်မှတ်ထားသည့် ဈေးနှုန်း ထက် ဈေးတင်ရောင်းသည့် ထားဝယ်မြို့ ရှိ ထီဆိုင် နှစ်ဆိုင်ကို ထီလက်မှတ် ဝယ်ယူခွင့်ပိတ်လိုက်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။ အဆိုပါ ထီဆိုင်နှစ်ဆိုင်က ထီ လက်မှတ်တစ်စောင်လျှင် သတ်မှတ်ဈေး နှုန်း ငါးရာကျပ်ထက် ဈေးပိုရောင်း နေသည်ဟု ပြည်ထောင်စုဝန်ကြီးဌာနထံ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တိုင်ကြားသူရှိခဲ့ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန ဒုတိယ တိုင်းဒေသ ကြီးဦးစီးမှူး ဦးလေးမောင်က ဆိုသည်။

တိုင်ကြားချက်အပေါ် ခေါ်ယူစစ် ဆေးရာ ဈေးပိုရောင်းကြောင်းပေါ်ပေါက် သည့်အတွက် ထီလက်မှတ်ဝယ်ယူခွင့်ကို ရပ်ဆိုင်းလိုက်ကြောင်း ၄င်းက ပြောသည်။ ထီလက်မှတ်ဝယ်ယူခွင့် ပတ်ခံရ သည့် ပထမလုပ်ငန်းရှင်က တစ်လလျှင် ထီအုပ်ရေ ၂၅၀ဝ နှင့် ဒုတိယလုပ်ငန်းရှင် က အုပ်ရေ ၂၀ဝ၀ ဝယ်ယူခွင့်ရထား ကြောင်း အထက်ပါဌာနထံမှ သိရသည်။ “ရုံးမှာ ဝယ်ခွင့်မရှိတော့ဘူး၊ ပြင် ပမှာ ဝယ်ပြီးရောင်းချတာက တစ်မျိုး ပေါ့” ဟု ဦးလေးမောင်က ပြောသည်။ အဆိုပါ လုပ်ငန်းရှင်နှစ်ဦးကို ၂၁ ကြိမ်မြောက် အောင်ဘာလေထီ ရောင်း ချချိန်(နိုဝင်ဘာလ ၁ ရက်) မှစကာ ဝယ်ယူခွင့်ပိတ်လိုက်ခြင်းဖြစ်ကြောင်း အထက်ပါရုံးထံမှ သိရသည်။ ယင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက် တိုင်းအတွင်း မြို့နယ်များရှိ ထီဆိုင်များ ကို အပတ်စဉ်စစ်ဆေးပြီး တွေ့ရှိချက်ကို ပြန်လည်တင်ပြရန် သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးမှူးများကို ညွှန်ကြားထား ကြောင်း ၄င်းက ဆိုသည်။

ဌာနတွင် ဝယ်ယူသည့် ထီလက် မှတ် တစ်စောင်လျှင် ကျပ်ငါးရာဖြင့် လက်ရှိအချိန်ထိ ရောင်းချနေဆဲဖြစ်ပြီး ရန်ကုန်အခြေစိုက် ထီဆိုင်ကြီးမှ ဝယ် ယူရောင်းချသည့် ထီလက်မှတ်များကို သာ တစ်စောင်လျှင် ကျပ် ၆၅၀ ဖြင့် ရောင်းချနေခြင်းဖြစ်ကြောင်း ထီဝယ် ယူခွင့်ရပ်နားခံရသည့် တလိုင်းထိန် ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ ထီဆိုင် ပိုင်ရှင် ဦးစိုးဝင်းလှိုင်က ဆိုသည်။ ဌာနတွင် ဝယ်ယူခွင့်ရသည့် ထီ လက်မှတ်များမှာ အက္ခရာနှင့် ဂဏန်း စုံလင်စွာမရရှိခြင်းကြောင့် ဈေးကွက် တွင် လူကြိုက်နည်းသည့်အတွက် ပြင်ပ ထီဆိုင်ကြီးများတွင် ထီလက်မှတ်တစ် စောင်လျှင် ကျပ် ၅၈၀ နှုန်းဖြင့်ဝယ်ယူ ကာ ပြန်ရောင်းနေရခြင်းဖြစ် ကြောင်း ၄င်းက ပြောသည်။

ယင်းအပြင် ထီလက်မှတ်ဝယ်ယူ သူများက မိုးယံနှင့် ရွှေမြန်မာကဲ့သို့ တံဆိပ်၊ အပြင်အဆင်လှပြီး အက္ခရာနှင့် ဂဏန်းစုံလင်သည့် ထီလက်မှတ်ကိုသာ ပိုမိုဝယ်ယူကြောင်း ဦးစိုးဝင်းလှိုင်က ဆိုသည်။ “ထီဈေးကို အစိုးရပေါက်ဈေးထက် ပိုရောင်းနေတာကို ပပျောက်ချင်ရင် ဒီလို လုပ်နေလို့ မပြီးဘူး၊ ဝယ်ဈေးက ငါးရာ ရှစ်ဆယ်လောက်ဖြစ်နေတော့ ဘယ်နည်း နဲ့မှငါးရာနဲ့ မရောင်းနိုင်ဘူး”ဟု ၄င်းက ပြောသည်။ ယမန်နှစ်က ဌာနတွင် ဝယ်သည့် ထီတစ်စောင်လျှင် ကျပ် ၄၈၀ ဖြင့် သုံးလခန့် ရောင်းချခဲ့ဖူးကြောင်း ဦးစိုးဝင်းလှိုင်က ဆိုသည်။ ထားဝယ်မြို့အပါအဝင် ထီဆိုင် အားလုံးနီးပါးမှာ အစိုးရသတ်မှတ်ဈေး ထက် ပိုရောင်းနေပြီး ဈေးပိုရောင်း သည့်အတွက် အရေးယူမည်ဆိုပါက ဆိုင်အားလုံးကို ကြပ်ကြပ်မတ်မတ် လုပ်စေချင်ကြောင်း ထီဝယ်ယူခွင့် ရပ် နားခံရသည့် ထားဝယ်မြို့၊ တလိုင်းထိန် ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ အခြား ထီဆိုင်ပိုင်ရှင် ဦးဝင်းရွှေက ပြောသည်။ “ဈေးပိုရောင်းနေကြတာက တစ် ပြည်လုံး ရောင်းနေကြတာ၊ လုပ်မယ်ဆို ကြပ်ကြပ်မတ်မတ် အားလုံးလုပ်ပေါ့” ဟု ဦးဝင်းရွှေက ဆိုသည်။ အစိုးရက ထီလက်မှတ်တစ်စောင် လျှင် ငွေကျပ် ၅၀ဝ နှုန်းဖြင့် တရား ဝင်သတ်မှတ်ထားသော်လည်း ထားဝယ် မြို့နယ်အပါအဝင် တိုင်းတွင်းရှိ ထီဆိုင် အားလုံးနီးပါးတွင် ထီလက်မှတ် တစ် စောင်လျှင် ကျပ် ၆၀ဝ မှ ကျပ် ၇၀ဝ အထိ ရောင်းချနေကြသည်။