ဩဘာသံနည်းလာသော မီးပုံပျံများ

0
1555

ဗုဒ္ဓဘုရားရှင် ဝါတွင်းကာလ ကာလအတွင်း မယ်တော်နတ်သားအား အဘိဓမ္မာတရားတော် ဟောကြားပြီး ဝါကျွတ်၍ လူ့ပြည်ပြန်ကြွစဉ် နတ် သိကြားများက၊ အတီးအမှုတ်များ၊ ပန်း၊ ဆီမီးများ ရတနာ တန်ဆောင်းတန်းများ ဖြင့် ပူဇော်ကြသည်။ လူများကလည်း မိမိတို့ တတ်နိုင်ရာ ဆီမီးတို့ဖြင့် ပူဇော် ကြပြီး သီတင်းကျွတ် မီးထွန်းပွဲတော်များ ပေါ်ပေါက်လာသည်။
ဘုရားအား သူတကာထက် ဦးစွာ ဆီမီးဖြင့် ပူဇော်လိုသူများက မီးပုံးပျံများ လွှတ်တင်ကြကာ ပူဇော်ကြသည်ဟု လောင်းလုံးမြို့နယ်မှ ကျောင်းထိုင် ဆရာတော်တစ်ပါးက မိန့်ဆိုပါသည်။ ယခုအချိန်တွင် သီတင်းကျွတ်နှင့် မီးပုံးပျံ လွှတ်ခြင်းက ဒွန်တွဲနေလေပြီ။

ယခင်က မီးပုံးပျံများကို ပိတ်စဖြင့် သာ ချုပ်လုပ်ကြသည်ကို ယခုအချိန်တွင် သိမီသူ အတော်ပင် နည်းလာပြီဖြစ်သည်။ ပိတ်စမီးပုံးပျံ ကြီးအား ရွာသားများ ဝိုင်း ဝန်းချုပ်လုပ်ကြရာတွင် စက်ချုပ်ဆရာ များအပြင် လူအင်အား များစွာသုံးကာ ချုပ်လုပ်ကြရပြီး လွှတ်တင်ကြရာတွင် လည်း လူများစွာ ဝိုင်းဝန်းကြရကြောင်း ကော့သောင်း မြို့နယ်၊ ဘန်းကချွန်ရွာ သား ကိုမင်းမင်းဦးက ပြောသည်။
“သီတင်းမကျွတ်ခင်ကြိုပြင်ထား ရတာ၊ ပိတ်စက ပိုပင်ပန်းတယ်၊ လူအား လည်းလိုတယ်၊ တစ်လုံးတက်ဖို့က တော်တော် လုပ်ရတယ်၊ လွှတ်တဲ့နေ့ဆို ရွာက လူတွေ ဝိုင်းအုံပြီး စုလွှတ်ကြတော့ ပျော်စရာပေါ့”ဟု ကိုမင်းမင်းဦးက ပြောသည်။
နောက်ပိုင်းတွင် ဆီစိမ်စက္ကူဖြင့် ရောင်စုံမီးပုံးများ ဝိုင်းစုပြီး စပ်ကြသည်။

ဆီစိမ်စက္ကူ မတတ်နိုင်သူတို့က ထိုင်းသတင်းစာစက္ကူဖြင့် စပ်ကြသည်။ မြန်မာသတင်းစာများက ပါး၊ ပျော့သဖြင့် မီးပုံးစပ်ရာ တွင်အဆင်မပြေသောကြောင့် ထိုင်းသတင်းစာဟောင်းများကို ပိဿာ ချိန်ဖြင့် ဝယ်စပ်ကြသည်။ သီတင်းကျွတ် ရန် တစ်လခန့်လို ကတည်းက စုလုပ် ကြပြီး အဓိက ဝိုင်းစုစပ်သည့်နေရာက နေရာ ကျယ်ပြောသည့် ရွာဘုန်းကြီး ကျောင်း ဇရပ်များပေါ်တွင် ဖြစ်သည်။
စက္ကူမီးပုံးပျံကို ပုံစံအမျိုးမျိုး ဖော် ကြသည်။ ဒွန်၊ ပန်းကန်ပြားပျံ၊ လူ၊ ငှက်၊ ဆင်စသဖြင့်။ ထိုအရုပ်များ လုပ်ရာတွင် အချိုးအစား ချတတ်သူကို ဆရာတင်ကာ ကျန်သူများက ထိုသူ ခိုင်းသမျှ ဝိုင်းလုပ်ကြသည်။ အဓိက လုပ်ကြသည်က လုပ်ရလွယ်သည့် သင်္ဘောသီးမီးပုံးပျံ လုပ်ကြသည်။
မီးပုံးပျံကြီးလျှင် ကြီးသလို ဆီးစာ မီးကွင်းများ ဖောက်ကြရသည်။ အနည်း ဆုံး တစ်ကွင်းမှ ၃ ကွင်း၊ ၅ ကွင်းအထိ ဖောက်ကြသည်။
မီးပုံးပျံကို အဓိက စုလုပ်ကြသူများ က လူ ကြီးအချို့နှင့် ကာလသားများဖြစ် ပြီး ကျောင်းသားလေးများက ကျောင်း ပိတ်ရက်တွင် ဘုန်းကြီးကျောင်းဝင်း အတွင်းစု လုပ်ကိုင်ကြသည်။

“(တစ်ချိန်က)ဒီအချိန်ဆို ကာလ သားတချို့နဲ့ လူကြီးတွေက ဘုန်းကြီး ကျောင်းတွေမှာ မီးပုံး(ပုံစံ)ချိုးတာတို့ ဆီစိမ်စက္ကူ ကော်ကပ်တာတို့ တရုန်း ရုန်းနဲ့ လုပ်နေကြပြီပေါ့”ဟု မြိတ်မြို့ နယ်၊ ပ၀ရွာသား အသက် ၅၅ နှစ်ရှိ ဦးလှိုင်တင်က ပြောသည်။
ဆရာတော်ကလည်း မီးပုံးပျံ စပ်သူ များကို ထမင်း(ဆွမ်းကျန်)၊ မုန့်များ ကျွေးတတ်ရာ ပျော်ပျော်စုစား စုလုပ် ကြခြင်း ဖြစ်သည်။
မီးပုံးဆီစာကိုလည်း ကြိုလုပ်ကြရ သည်။ ဝါးစိမ်းတောက်ကို ကျည် တောက်သဖွယ် အနေတော်ဖြတ်ကာ စိပ် ရသည်။ သင်္ကန်းစုတ်ကို ကြိုးကျစ်ကာ စိပ်ထား သော ဝါးတောက်တွင် လျှိုလျှို ပြီး ပတ်ရသည်။
ပြီးမှ အထဲသို့ ဖယောင်းများ ထောင်းသိပ်ကြရသည်။ ထိုဆီစာတိုင် များကို ရေနံချေးနှင့် ရေနံရောဖျော်ထား သည့် စည်ပိုင်းကြီးထဲ ထည့် စိမ်ထားရ သည်။ မီးထိုးရန် ဆီစာမီးတုတ်များ လည်း ကြိုလုပ်ထားရပါသည်။ လွှတ် သည့်နေရာမှာလည်း အဓိကအားဖြင့် ဘုန်းတော်ကြီး ကျောင်းဝင်းတွင် ဖြစ်ပြီး သီတင်းကျွတ်လဆန်း ၁၄ ရက်ည၊ လပြည့်ည၊ လပြည့်ကျော် ၁ ရက် ညတို့တွင် အဓိကလွှတ်ကြသည်။
လွှတ်ရာတွင်လည်း သူတစ်စ ငါ တစ်အား ဝိုင်းစုလွှတ်ကြသည်။ မှိုင်းထိုး နေစဉ် ရွာသားများက လက်ခုပ်စည်းချက် တီးကာ လွှတ်နေသည့် မီးပုံး တက်ပါစေ ကြောင်း ဝိုင်းအော် ဆုတောင်း ကြသည်။ ဝိုင်းအော်ရာတွင် မီးပုံးပျံ ပုံသဏ္ဍာန် ကိုလိုက်၍ ဂုဏ်ယူဖော်ကြူး ပျော်မြူးစွာ အော်ဟစ်ကြခြင်း ဖြစ်သည်။

“ဆင်မီးပုံးကြီး တက်ပါစေ
ဝေဟေးဟေး ဝေဟေဟေ..”
“ငါးကွင်းမီးပုံးကြီး တက်ပါစေ
ဝေဟေးဟေး ဝေဟေဟေ..”စသ ဖြင့် လက်ခုပ်တီးကာ အားပေးကြသည်။
တစ်ချို့ရွာမှ ကာလသားများက သံ ချပ်ထိုးကာ ကကြ ခုန်ကြသည်။

မီးပုံးကြီး တက်သွားလျှင် ဝမ်းသာ အားရ လက်ခုတ်လက်ဝါး တီးကြပြီး မီးပုံးကြီးအား မမြင်ရတော့လျှင် မီးပုံး လုပ်သူများက လွမ်းတသသ ဖြစ်ကြရ သော်လည်း ကြည်နူးမှုက ပိုကဲ လေ သည်။ နံနက်တွင် နီးစပ်ရာရွာများအား ညက မိမိတို့ရွာက မီးပုံးကြီး မည်မျှကြီး၊ မည်မျှလှကာ တိမ်ဖုံးသွားသည်အထိ တက်သွားကြောင်း အချင်းချင်း အပြန် အလှန် ဂုဏ်ယူကြွားဝါ တတ်ကြသည်။
ထိုစဉ်က ကောင်းကင်ပေါ် မီးပုံး တက်လာလျှင် မည်သည့်ရွာက တက်လာ သည်၊ မည်မျှထိ တက်သည်ကို အတတ် နီးပါး ပြောနိုင်ကြသည်။ မည်သည့်ရွာ တွင် မည်သည့်မီးပုံးကို မည်သည့်နေ့တွင် လွှတ်မည်ကိုလည်း သိနေကြသည်။ သီတင်းကျွတ်ကာလတွင် နေ့ဘက်တွင် လည်း မီးပုံးပျံ လွှတ်တတ်ရာ ကျလုပြီ ထင်ရသော မီးပုံးပျံများအား မော့မော့ ကြည့်ကာ ဝိုင်းပြေးလိုက်ကြ ရသည်က လည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ် ဖြစ် သည်။
တစ်ချို့မီးပုံးပျံများတွင် ငွေနှင့် မုန့်၊ အဝတ်အထည်အချို့ကို ချိတ်တွဲလွှတ်တင် တတ်ကြရာ ယင်းသို့ အတွဲပါသည့် မီးပုံး ပျံမျိုး ကျလာသည်ကို မြင်ရပါက ကလေးများသာမက လူကြီးများပါ အူယားဖားယား ပြေးလိုက်တတ်ကြသည်။

မီးပုံးရလျှင် ဝိုင်းစု ပြန်လွှတ်မည်ဖြစ် သော်လည်း သူ့တွင်ရသည်၊ ငါတွင်ရ သည်ဟု နာမည် အတွင်ခံချင်သောကြောင့် သူဦးငါအရင် ဝိုင်းလိုက်ကြခြင်းဖြစ်ပြီး မီးပုံးရသူသည် ထိုနေ့အတွက် ရွာ၏ သူရဲကောင်းသဖွယ် နာမည်ကျော်သွား ပါသည်။
“မှတ်မှတ်ရရ လူငယ်အချင်းချင်း ရန်တောင်ဖြစ်ဖူးတယ် မီးပုံးလုရင်း၊ ပြီး တော့လည်း ပြန်ခေါ်ပြောကြနဲ့၊ လုကြ ရန်ဖြစ်ကြ ဝေစုခွဲကြနဲ့ တကယ်ပျော်စရာ ကောင်းပြီး အမှတ်တရဖြစ်စေတယ်” ဟု ဘန်းကချွန်ရွာသား ကိုမင်းမင်းဦးက ပြောသည်။
တချို့ မီးပုံးပျံများက ကျတော့မ လိုလိုဖြစ်နေသော်လည်း လေသင့်ကာ မိမိတို့ မလိုက်နိုင်တော့သော နေရာသို့ လွင့်မျောသွားပါက မီးပုံးလိုက်သူတို့ တက်တခေါက်ခေါက်ဖြင့် တပ်ဆုတ် ပြန် ခဲ့ကြရသည်သာ။

ကျွတ်ကျွတ်အိပ်ဖြင့် မီးပုံးပျံချုပ် သည့် အလေ့အထများ စပေါ်လာစဉ်တွင် လည်း ဝိုင်းစု ချုပ်လုပ်ကြဆဲ၊ ဝိုင်းစု လွှတ်ကြဆဲ ဖြစ်သည်။
“ကျောင်းသားတစ်ယောက်ကို တစ် ယောက် ငါးမူး တစ်မတ်ထည့်ပြီး ပိုက် ဆံဝိုင်းစုပြီး မီးပုံလုပ်ကြတာပေါ့။ ဝိုင်းစု ပြီး မီးပုံးပျံစပ်ပြီး လွှတ်တာကတော့ စုစုစည်းစည်းလည်း ရှိတယ်။ ကျောင်းက ပြန်လာရင် (မီးပုံးစပ်ပစ္စည်းတွေ)တစ် ယောက်တစ်မျိုးစီ ယူပြီးလာတဲ့ သူက လာပေါ့” ဟု လောင်းလုံးမြို့နယ် ကမြော ကျေးရွာသား ဦးကျော်ဝင်းက ပြောသည်။

နောက်ပိုင်းတွင် ဆိုင်တွင် ဝယ်ကာ အဆင်သင့် လွှတ်နိုင်သည့် ပလပ်စတစ်။ကျွတ်ကျွတ်အိပ်ချုပ်မီးပုံးပျံများ ပေါ်လာ သောအခါ ဝိုင်းစုလုပ်သည့်အလေ့အထ နည်းပါးလာတော့သည်။ မီးပုံးပျံလွှတ်ရာ တွင်လည်း လူများစွာမလိုတော့သဖြင့် သူငယ်ချင်းတစ်စု၊ အိမ်နီးချင်းတစ်စု၊ မိသားစုတစ်စု စုလွှတ်သည့် အလေ့အထ များ တစ်နှစ်ထက်တစ်နှစ် တွင်ကျယ် လာပါတော့သည်။
မီးပုံးများက သေးငယ်လာကာ တီ ထွင်ဆန်းသင့်သော မီးပုံးပျံများ ရွာများ တွင် စုလုပ်ကြသည့် အလေ့အထ မရှိသ လောက် ဖြစ်လာသည်။
ထို့အတူ
“လူမီးပုံးကြီး တက်ပါစေ
ဝေဟေးဟေး ဝေဟေဟေ..”
“သုံးကွင်းမီးပုံးကြီး တက်ပါစေ
ဝေဟေးဟေး ဝေဟေဟေ..”
စသည့် ကျယ်လောင်သော ဩဘာ သံများ တစစ ခန်းခြောက်လာတော့သည်။

စုပေါင်းလွှတ်တဲ့ အလေ့အထတွေ သိပ်မရှိတော့ဘူး၊ ကိုယ့်ဘာသာ အိမ်မှာ ဝယ်လွှတ်ကြတာများတယ်၊ စုပေါင်း လုပ်တာကတော့ ပိုစည်းလုံးစေတာပေါ့}} ဟု အောင်သုခရပ်ကွက်မှ ဦးမွန်ကြီးက ပြောသည်။
ဦးမွန်ကြီး ပြောသကဲ့သို့ပင် ယခု နောက်ပိုင်း သီတင်းကျွတ်ကာလများတွင် မီပုံးပျံ ဝိုင်းစုလုပ်၊ ဝိုင်းစုလွှတ်သည့် စုစည်းအား ထုတ်မှု လက္ခဏာများ မတွေ့ ကြရတော့ပေ။
တစ်ချိန်က သီတင်းကျွတ် ကာလ အတွင်း မီးပုံးစပ်ရင်း ကာလသားများ၏ အချင်းချင်း နောက်ပြောင် ကျီ စယ်သံ များဖြင့် စည်ဝေနေခဲ့ဖူးသော ဘုန်းကြီး ကျောင်း ဇရပ်များသည်လည်း ယခု အချိန်တွင် ဆွံ့အ တိတ်ဆိတ် ခြောက် ကပ်လို့ နေပါတော့သည်။

၈ နှစ်သားအရွယ်ကတည်းက ကျောင်းသားအချင်းချင်း စုပေါင်းမီးပုံး ပျံ စပ်လာသည့် လောင်းလုံးမြို့နယ် ကမြောကျေးရွာမှ အသက် ၆၂ နှစ် ဦးကျော်ဝင်းကလည်း ယခုအခါ သူတို့ ခေတ်ကကဲ့သို့ ကျောင်းသားလေးများ စုဝေးလေမလားစောင့်ကြည့်ရင်း အသက် ပိုပိုကြီးလာပြီ။
“အခုနောက်ပိုင်းမှာတော့ အရင် ကလို ကျောင်းသားတွေ မီးပုံးစပ်ပြီး လွှတ်ကြတာ မတွေ့ရတော့ဘူး။ သူ့ ခေတ်နဲ့သူပေါ့လေ”ဟု ၎င်းက ဖွင့်ဟ လေသည်။