အောင်ဘာလေ ထီလက်မှတ်များ မဲပေါက်သည်ဟုဆိုကာ သိန်းဆယ်ချီ ငွေလိမ်

0
711

သရက်ချောင်းမြို့နယ်၊ ကမြိုင် ကျေးရွာတွင် အောင်ဘာလေ ထီလက် မှတ်များမှ ဆုမဲပေါက်သည်ဟုဆိုကာ မက်လုံးပေး လိမ်လည်ပြီး လာရောက် ရောင်းချသဖြင့် ကျေးရွာသားများ၏ ငွေကျပ်သိန်းဆယ်ချီ အလိမ်ခံခဲ့ရ ကြောင်း အလိမ်ခံခဲ့ရသူတစ်ဦးဖြစ်သည့် ဦးအောင်မြင့်က ပြောသည်။
ကမြိုင်ကျေးရွာတွင် ကျေးရွာသား တစ်ဦးလျှင် ကျပ်ငါးသောင်း၊ ကျပ်တစ်သိန်းမှ ကျပ် ၁၃ သိန်းအထိ အနည်းဆုံး ကျေးရွာသား ၃၀ ဦးခန့် အလိမ်ခံခဲ့ရကြောင်း ကမြိုင်ကျေးရွာနေ ဦးအောင်မြင့်က ဆိုသည်။

စက်တင်ဘာလ ၁၀ ရက်က မသူဇာဟုဆိုသူ အမျိုးသမီး အပါအဝင် အမျိုးသမီး လေးဦးသည် ကျပ် ၅၀၀တန် ရွှေမြန်မာတံဆိပ် အောင်ဘာလေ ထီလက်မှတ် အစောင် ၅၀ ပါ တစ်အုပ် ကို ငွေကျပ် ၁၆၈၀၀၀ ဖြင့် ဈေးနှုန်း တင်ကာ လာရောက် ရောင်းချခဲ့ကြောင်း ၎င်းက ပြောသည်။
အဆိုပါ အမျိုးသမီးများမှာ နေအိမ် ပေါ်အထိ တက်လာရောင်းသဖြင့် အားနာပြီး ဝယ်မိခဲ့သည်ဟု ဦးအောင်မြင့် က ဆိုသည်။
ယင်းနောက် ဆယ်ရက်ခန့် အကြာ စက်တင်ဘာလ ၂၀ ရက်တွင် ရွှေမြန်မာ ထီ အရောင်းကိုယ်စားလှယ် ဟုဆိုသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီးနှစ်ဦး ထပ်မံရောက်ရှိလာပြီး ယခင်ဝယ်ယူ ခဲ့သည့် ရွှေမြန်မာထီလက်မှတ်မှ ကံစမ်း မဲပေါက်သဖြင့် ငွေကျပ် ၁၂ သိန်း သွင်းရမည်ဟု ပြောဆိုခဲ့ကြောင်း ဦးအောင်မြင့်ထံမှ သိရသည်။

“ကျွန်တော်တို့အိမ်က သိန်းငါး ဆယ် မဲပေါက်လို့ ၁၂ သိန်း ထည့်ရ မယ်လို့ ပြောတယ်။ ပိုက်ဆံမရှိလို့ အိမ်ဂရမ်ပေးမယ်ပြောတာ မရဘူးတဲ့ ပိုက်ဆံပဲ ပေးရမယ်လို့ ပြောတယ်။ ပိုက်ဆံလည်း မရှိတော့ ရွှေနှစ်ကျပ်သား ပေးလိုက်ရတယ်”ဟု ၎င်းက ဆိုသည်။
ဆုငွေများကို အောက်တိုဘာ ၃ ရက်တွင် လာရောက်ပေးမည်ဟု ပြောဆို ခဲ့သော်လည်း ရောက်မလာခဲ့သဖြင့် အောက်တိုဘာ ၄ ရက်နှင့် နောက်ပိုင်း တွင် ၎င်းတို့ပေးခဲ့သည့် ဖုန်းနံပါတ် များကို အကြိမ်ကြိမ်ဆက်သွယ်ရာ ဆက် သွယ်မရတော့ကြောင်း ဦးအောင်မြင့်က ပြောသည်။
လာရောက် ရောင်းချသူများသည် ရွှေမြန်မာ ထီဆိုင် စာသားပါ အရောင်း ကိုယ်စားလှယ် ကတ်ပြား (ဓာတ်ပုံ၊ မှတ်ပုံတင် နံပါတ်ပါ) နှင့် ရွှေမြန်မာ ကိုယ်စားလှယ်တော်ကြီးများ ပြုလုပ် သော အထူးအစီအစဉ်စသည့် အထောက် အထားများပြသကာ အယုံသွင်းရောင်း ချခဲ့သည်ဟု ၎င်းက ပြောသည်။
“ဒီနေ့အထိလဲ ပေါ်မလာတော့ ဘူး။ ဖုန်းလည်း ဆက်လို့ မရတော့ဘူး ဆိုတော့မှ အလိမ်ခံလိုက်ရပြီဆိုပြီး သိလိုက်ရတာ။ ထီပေါက်စဉ်လည်း တိုက်ပြီးပြီ မပေါက်ဘူး”ဟု ၎င်းက ဆိုသည်။

ရွှေမြန်မာထီဆိုင်သည် နယ်ကိုယ်စား လှယ်များကို ကတ်ပြားထုတ်ပေးလေ့ မရှိကြောင်း ရွှေမြန်မာ အောင်ဘာလေ ထီဆိုင်၏ ထားဝယ်မြို့တစ်ဦးတည်း ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ခင်ချိုမာစန်း က ပြောသည်။
“ကျွန်မတို့ဆိုင်ကို နယ်က ခဏ ခဏ လာတိုင်ကြတယ်။ ခဏကြာ ရွှေမြန်မာ ထီဆိုင်က ထီပရိုးမိုးရှင်း လာရောင်းလို့ ဆိုင်ကယ်ပါ သွားပြန်ပြီ ဆိုပြီး လာလာ တိုင်ကြတယ်”ဟု ဒေါ်ခင်ချိုမာစန်းက ဆိုသည်။
အောင်ဘာလေ ထီလက်မှတ်ကို အစိုးရက သတ်မှတ်ထားသည့် တရား ဝင် ရောင်းဈေးမှာ ကျပ် ၅၀၀ ဖြစ်ပြီး ထားဝယ်မြို့ရှိ ထီဆိုင်များမှာ ကျပ် ၆၀၀ မှ ၇၀၀ အကြား ရောင်းချလျက် ရှိသည်။

ထားဝယ်ခရိုင်အတွင်း အချို့နေရာ များတွင် ကော်ဖီမစ်၊ ဆပ်ပြာမှုန် တို့တွင် မဲပေါက်သည်ဟု မက်လုံးပေးပြီး အိမ်သုံးပစ္စည်း လိမ်လည်ရောင်းချမှုများ၊ ဖုန်းနံပါတ် ကံစမ်းမဲပေါက် သည်ဟု ဆိုကာ ဘဏ်မှတဆင့် ငွေလွှဲငွေလိမ် သည့် အမှုများ မကြာခဏ ဖြစ်ပွားလျက် ရှိသည်။