လူမှုရေးပင်စင် အသက်လျှော့ချ လိုက်ခြင်းကြောင့် အဘိုး၊ အဘွား ဦးရေသုံးဆခန့် တိုးလာနိုင်

0
458

သက်ကြီးအဘိုး၊ အဘွားများကို ထောက်ပံ့ပေးနေသည့် လူမှုရေးပင်စင် အသက်သတ်မှတ်ချက်ကို လျှော့ချလိုက် သည့်အတွက် ပင်စင်ထုတ်ယူခွင့်ရှိသည့် အဘိုး၊ အဘွား သုံးဆခန့်တိုးလာနိုင် ကြောင်း တိုင်းလူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခိုင်ခိုင်ဦးက ပြောသည်။
လူမှုရေးပင်စင်ကို ယခင်က အသက် ၉၀ နှစ်နှင့်အထက် အဘိုး၊ အဘွားများကိုသာ ထုတ်ပေးခဲ့ပြီး ယခု နှစ် အောက်တိုဘာလမှ စတင်၍ အသက် ၈၅နှစ် နှင့်အထက် အဘိုး အဘွားများပါ လူမှုရေးပင်စင်ခံစားခွင့် ရတော့မည် ဖြစ်သည်။

ယခုနှစ် စက်တင်ဘာလအထိ အသက် ၉၀ နှစ်နှင့်အထက် အဖိုး၊ အဖွား ၁၅၄၈ ဦးကို ထောက်ပံ့ပေးထားပြီး အောက်တိုဘာလတွင် စတင်ထောက်ပံ့ မည့် အသက် ၈၅ နှစ်နှင့် အထက် အဖိုး၊ အဖွားများမှာ ငါးထောင်နီးပါး ရှိလာနိုင် ကြောင်း အထက်ပါဦးစီးဌာန ဦးစီး အရာရှိ ဒေါ်ခိုင်ခိုင်ဦးက ပြောသည်။
“၂၀၁၄ သန်းခေါင်စာရင်းပါ အချက် အလက်အရပေါ့။ တို့တိုင်း (တနင်္သာရီတိုင်း) မှာ သုံးဆလောက် ပိုများလာမယ်လို့ ခန့်မှန်းထားတယ်”ဟု ဒေါ်ခိုင်ခိုင်ဦးက ဆိုသည်။

ထောက်ပံ့မည့် အစီအစဉ်မှာ ယခင် အတိုင်းအဖိုး၊ အဘွားတစ်ဦးလျှင် တစ်လ ကျပ်တစ်သောင်းနှုန်းဖြင့် သုံးလတစ် ကြိမ်ထောက်ပံ့မည် ဖြစ်သည်။
အသက် ၈၅ နှစ်နှင့်အထက် အဖိုး၊ အဘွားများကို အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလအတွက် ဒီဇင်ဘာလတွင် ထောက်ပံ့ငွေ စတင်ထုတ်ပေးမည်ဖြစ် သည်။

ယင်းကြောင့် ဒီဇင်ဘာလ ၃၁ ရက် တွင် အသက် ၈၅ နှစ်ပြည့်မည့် အဘိုး၊ အဘွားများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စာရင်း ပေးရမည်ဖြစ်ကြောင်း ဒေါ်ခိုင်ခိုင်ဦး ကပြောသည်။
အသက် ၉၀ နှစ်နှင့်အထက် လူမှုရေး ပင်စင်ကို ၂၀၁၇ ခုနှစ် ဧပြီလမှ စတင်ထောက်ပံ့ခဲ့သည်။